Monday, October 1, 2007

အညတြပြည်သူတစ်ဦး၏အိတ်ဖွင့်ပေးစာ (အောက်တိုဘာ ၁၊ ၂၀၀၇)

လေးစားအပ်ပါသော မြန်မာနိုင်ငံ၏ဒီမိုကရေစီရရှိရေးအတွက် လက်နက်ကိုင်၊ လက်နက်မဲ့ နည်းမျိုးစုံဖြင့်တိုက်ပွဲဝင်နေကြသည့်
ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းများ၊ ခေါင်းဆောင်များခင်ဗျား ......

မြန်မာနိုင်ငံ၏ကောင်းကျိုးချမ်းသာကိုလိုလားသော မြန်မာပြည်သူလူထု၏ကိုယ်စား အညတရမြန်မာနိုင်ငံသားတစ်ဦးအနေဖြင့် အနည်းငယ်အကြံပြု ပြောကြားလိုပါသည်။ ယခုအချိန်တွင် မြန်မာနိုင်ငံအတွင်းတွင် ဒီမိုကရေစီရရှိရေး၊ နိုင်ငံသားတိုင်း သာတူညီမျှအခွင့်အရေးရရှိရေး၊ စစ်အစိုးရ၏အုပ်ချုပ်ရေးဆုံးခန်းတိုင်စေရေးအတွက် နောက်ဆုံးနည်းလမ်းအဖြစ် လူထုတိုက်ပွဲအသွင်ဖြင့် လူထုနှင့်သံဃာပူးပေါင်းကာ စတင်တိုက်ပွဲဝင်နေကြပြီဖြစ်ပါသည်။၊ ယခင့်ယခင်ကာလများဆီက လူထုတိုက်ပွဲဖြစ်မြောက် အောင် ပုံဖော်တော့မည်ဟု လွတ်မြောက်နယ်မြေရှိ NCUB, NLD(LA), FDB ကဲ့သို့သော ဦးဆောင်အဖွဲ့အစည်း များက တရားဝင်ကြေညာချက်များထုတ်ပြန်ခဲ့ကြသည်ကို ကြားသိဖတ်ရှုခဲ့ရပါသည်ခင်ဗျား။

ထိုသို့ ကြေညာချက်များ၊ သတင်းထုတ်ပြန်ချက်များကို ဖတ်ရှုကြည့်ခဲ့ရာတွင် လူထုတိုက်ပွဲ ဖြစ်ပေါ်ဖို့သည် ပြည်တွင်းက လူထုအပေါ်တွင် အဓိကမူတည်သည်ဟူသော အာဘော်မျိုးကို ဖတ်ရှုခဲ့ရပါ သည်။ ယခုအချိန်တွင် မြန်မာပြည်တွင်းကလူထုသည် သံဃာတော်များ၏ဦးဆောင်မှုအောက်မှနေကာ လူထုတိုက်ပွဲအသွင်မျိုးတိုက်ပွဲဝင်ခဲ့သည်မှာ ရက်သတ္တတစ်ပတ်မျှ ကြာမြင့်ခဲ့ပြီဖြစ်သည်ကို လူကြီးမင်းတို့အသိပင်ဖြစ်ပါသည်။ ထိုအတောအတွင်း ကျဆုံးခဲ့ရသည့် ပြည်သူနှင့်သံဃာများစွာရှိနေသလို၊ လက်ရှိအဖမ်းဆီးခံ၊ အနှိပ်စက်ခံနေရသည့် ပြည်သူလူထုနှင့်သံဃာများလည်း များစွာရှိနေပြီဖြစ်ပါသည်။

ထို့ကြောင့် ယခုအချိန်သည် ပြည်တွင်း၏အင်အားကိုသာမက ပြည်ပမှ လူကြီးမင်းတို့ကပါ ၀ိုင်းဝန်းပါဝင်လုပ်ဆောင်ကြရမည့်ကာလဟု ယူဆမိပါသည်။ ထို့အတွက်ကြောင့် လွတ်မြောက်နယ်မြေမှ အဖွဲ့အစည်းများ၊ ခေါင်းဆောင်များ၊ လက်နက်ကိုင်၊ လက်နက်မဲ့ တိုက်ပွဲဝင် နေကြသူများအနေနှင့် ပြည် တွင်းကလူထုကြီး ၏သတ္တိကို လေးစားသောအားဖြင့်လည်းကောင်း၊ အားပြုခြင်းအားဖြင့်လည်းကောင်း၊ ပြည်ပလွတ်မြောက်နယ်မြေများမှနေ၍ နည်းလမ်းမျိုးစုံအသုံးပြုကာ ပြည်တွင်းကိုအထောက်အပံ့ပေးရန်အချိန်တန်ပြီဟု ယူဆမိပါသည်။ မြန်မာပြည်သူအားလုံး၏ဘုံရန်သူ သာသနာဖျက်မင်းဆိုးမင်းယုတ် နအဖစစ်အစိုးရအား ဘက်ပေါင်းစုံမှဖိအားပေးလုပ်ဆောင်သင့်ပြီဟု လည်းထင်မှတ်မိပါသည်။


မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွင် ဦးစီးဦးဆောင်လုပ်ဆောင်နိုင်သူအများစုမှာ နအဖမှ ဖမ်းဆီးထားသူများမှလွဲလျင် ပြည်ပတွင်သာရောက်ရှိနေကြပါသည်။
လူကြီးမင်းတို့အနေဖြင့် လူထုလိုက်ပါမှုကို တကူးတကစည်းရုံးစရာမလိုပဲ ယခုရရှိနေပြီဖြစ် သဖြင့် လွတ်မြောက်နယ်မြေအသီးသီးမှ ယခုမြန်မာနိုင်ငံ၏အခြေအနေနှင့်ကိုက်ညီသော နည်းဗျူဟာများချမှတ်ကာ စနစ်တကျ ဦးဆောင်မှုပေးစေလိုပါသည်။
နိုင်ငံရေးဆိုသည်မှာ လူထုလိုက်ပါလာအောင် စနစ်တကျစည်းရုံးလုပ်ဆောင်နိုင်လျှင် အောင်ပွဲရသည်ချည်း ဖြစ် သည်ကို လူကြီးမင်းတို့ သိရှိပြီးဖြစ်ပါလိမ့်မည်။


လွတ်မြောက်နယ်မြေရှိ ခေါင်းဆောင်များကဦးဆောင်မှုပေးလျှင် ပြည်တွင်းကပြည်သူလူထုသည်လိုက်ပါဖို့ အဆင်သင့်ဖြစ်နေကြသည့် အနေအထားကို ရောက်ရှိမြင်တွေ့နေရပြီ ဖြစ်ပါသည်။ ထို့ကြောင့် လွတ်မြောက်နယ်မြေအသီးသီးရှိ ခေါင်းဆောင်များက ဦးဆောင်ဦးရွက်ပြုပြီး ခေါင်းဆောင်မှုလိုအပ်နေသည့် ပြည်တွင်းမှမြန်မာပြည်သူလူထုကို လမ်းညွှန်ပေးစေလိုပါသည်။

ခေါင်းဆောင်များအနေနှင့် ကြေညာချက်များထုတ်ပြန်ရုံ၊ သံရုံးများရှေ့တွင်ဆန္ဒပြနေရုံမျှနဲ့ကျေနပ်မနေကြစေလိုပဲ မြန်မာနိုင်ငံဒီမိုကရေစီရရှိရေး၊ ပြည်သူလူထုလိုလားသော ပြည်ထောင်စုစစ်စစ်တည်ထောင်ရေးကို ပြည်တွင်းမှမြန်မာပြည်သူလူထုနှင့်ပူးပေါင်းလုပ်ဆောင်သင့်သည့်အချိန် ကျရောက်နေပြီဖြစ်ကြောင်း သတိထားမိစေလိုပါသည်။

၂၀၀၇၊ စက်တင်ဘာတိုက်ပွဲအတွင်းကျဆုံးသွားခဲ့ရသော သံဃာတော်များနှင့် ပြည်သူလူထုအာဇာနည်များကို လေးစားအသိအမှတ်ပြုသောအားဖြင့်သော်လည်းကောင်း၊ ပေါ်ပေါက်လာသော နိုင်ငံရေးအခြေအနေအခွင့်ကောင်းကို အမိအရဆုပ်ကိုင်သင့်သည်ကို သတိပြုစေချင်သောကြောင့်လည်းကောင်း၊ ဤအိတ်ဖွင့်ပေးစာကိုရေးသားရခြင်းဖြစ်ပါတယ်။

အမိနိုင်ငံတော်အကျိုးကိုလိုလားသူ
ရွှေဘိုသား(အညတြပြည်သူတစ်ဦး)

No comments: