Monday, May 28, 2007

ကလေး တစ်ယောက် ရဲ့  အတိတ် စာမျက်နှာများ အပိုင်း (၁)

လောကကြီးကို တံခါးခေါက် ခြင်း

ရာသီဥတု က စိုစွတ် ရာသီ ရောက်စပြုပြီ ဆိုတော့  မိုးဖွဲလေးတွေ အကြားမှာ ကျုပ်တော့ ခင်ဗျားကို သတိရနေတယ် " ကို မိုးမင်း " ရေ . . . ။ ခြေခင်း ၊ လက်ခင်း သာလို့ တော့ များကွာ ဟင်း . . . ကြည့်ကြ ရသေးမပေါ့  (ဇာတ်ပွဲ နော် ) ။ ကျုပ်က ပွဲကြိုက်ခင် ( ကိုကြည်သာ ရေ . . . ဆရာ့  စကားလုံး ဆွဲဘုံးလိုက် ပြီ ) လေ။ ပွဲဟေ့ ဆို . . . ထိပ်ဆုံးက ၊ မိုးလင်းလို့  ဇာတ်ပြီးရင် ဇာတ်ရုံမှာ လူကုန်တာ တောင်မှ အိမ်ပြန်ရကောင်းမှန်းမသိ ၊ ဇာတ်ရုံနောက် သွားလို့ ထပ်ကြည့် သေးတယ်။ ( ရိုးရိုးတွေး . . . ) သူတို့  ဘာလုပ်တယ် သိချင်လို့ ပါ။ ကျုပ်တင်လား လို့  မမေးနဲ့  ဗျို့  . . . မျိုးလိုက်၊ရိုးလိုက်ဗျ ။ ကျုပ် အဘ ( အဖိုး ) ဆို ရွှေမန်းတင်မောင် ကခဲ့ တဲ့  ဇာတ်ထုပ် ၊ နှစ်ရာနီးပါး အားလုံးကို အလွှတ်ဆို သလို . . . အသံနေ ၊ အသံထား နဲ့  ကွက်စိတ် ခင်းတတ် တဲ့ လူဗျ။ လူထူရင် ကွက်စိတ်ခင်းမယ် တကဲကဲ ၊ ဘယ်လို ပြောရမလဲ ? မြန်မာပြည် က ဗီဒီယို တွေ ၊ စီဒီ တွေကလို ဖွင့် လိုက်ရင် ရစ်ပြီးကျော်နေ ကြရတဲ့  Track No.(1) လိုပါဗျာ။
ကျုပ်ကတော့ တစ်မျိုးဆန်း လောကကြီးကို တံခါးခေါက်တာ ဒီလိုဗျ . . .။
၂၉ ရက် ၊ ဧပရယ် လ ၊ ၁၉၈၀ ခုနှစ် ။
" သစ္စာ ၊ မေတ္တာ ရွှေမန်းသဘင် " မသိဘူး မပြောနဲ့  ညိုညင်မှာနော် ။ ဇာတ်ကလည်း မြန်မာ ပြည်ရဲ့  နံပါတ် (၁) ၊ ဇာတ်ထုပ်ကလည်း အသစ် ဆိုတော့  ငှက်ပျံ မကျပေါ့ ။ ( ငှက် ကြက်ထက် ပိုသေးသော ယင်းပင် မတိုးနိုင် ) လူများတာ ၊ လူများတာ ။
ည ၁၁ နာရီ ခွဲကျော်ကျော်လောက် ပေါ့  ၊ အော်ပရာ တင်ဆက်နေတဲ့  အချိန် ၊ ဇာတ်က လည်း ဟာသဇာတ် ဗျ။ ပါးစပ် မစိရအောင် ရီ (ရယ်) ရတာ။
အဲဒီမှာ လာပါပြီရောဗျာ . . . ။
" အားမလေး . . . လုပ်ပါအုံးဟဲ့  " ၊ အရပ်ကူပါ ၊ လူဝိုင်းပါပေါ့ ။ ဇာတ်ရုံ တစ်ခုလုံး အုံးအုံးကျွက်ကျွက် ၊ " မြွေလားဟဲ့  ၊ ကင်းလားဟဲ့  " ကနေတဲ့  ဇာတ်ပင်ရပ်လို့  မင်းသားက
" တော်ကြပါတော့  ခင်ဗျာ . . .
တော်ကြပါတော့  ခင်ဗျ " ရယ်လို့  ( ဇာတ်သံ မပျောက်ပဲ ) မီးဖွား (ကလေးမွေး) တာပါလို့  ဇာတ်စင် ပေါ်က ကြေငြာတော့ မှ ဝေဖန်သံ တွေ ခပ်တိုးတိုး နဲ့  ဇာတ်ပွဲပြန်စဖို့  ပြင်ချေပြီ ။
ဇာတ်ရုံထဲမှာ ဘာတွေ ဖြစ်ကျန်ရစ်ခဲ့  သည်ကို ထိုမိသားစု မသိနိုင်တောပေ။ အမောတကော ဆိုက်ကားငှား ( နယ်မှာ ပွဲရက် ကားမှ မထွက်ပဲ ) ဆေးရုံကို ဒရောသောပါး ပြေး ဟော ဆေးရုံဝ ရောက်ပြီဆိုတော့  အသံဗြဲ ကြီးနဲ့  အော်လိုက်တာ . . . ဥ၀ဲ (အန္ဒြာ ကျော်ဇင် မဟုတ် ) ဆိုတဲ့  ကလေးငိုသံက လောကကြီးကို တံခါးခေါက်လိုက် ပြီ ။
Hello Kingdom please welcome me
မိတ်ဆွေ တို့ ရဲ့  ဇာတ်လိုက်ကျော် " ကိုရင်သြ " လာချေပြီ ။
မွေးဖွားချိန်တွင် နာရီ (၃) လုံးမှာ (၁) မိနစ်စီ ကွာနေ ၍ အသည်း အသန် အငြင်းပွားကာ နောက်ဆုံး အင်္ဂဟူး သားဟု တရားဝင် ညှိနှိုင်း သတ်မှတ်လိုက် ကြရသည်။ ဇာတ်ပွဲ ရုံအတွင်း ဘေးချင်းကပ်ဖျာမှာ အရပ်လက်သယ်ကြီး ရှိခဲ့  ၍သာ " ရှင်ကံရောက် ပြီး သက်မပျောက် ခဲ့ခြင်း " ဖြစ်သည်။
ဒီလောက်ဆို တော်ချေပြီ . . . ။
အင်္ဂဟူးသား ကိုရင်သြ အသက် ၁၂၀ ရှည်စေသောဝ် ။
မှတ်ချက် ။ ။ ထိုအဖြစ်အပျက် များမှာ အဘိုး ဖြစ်သူ ကွက်စိတ် ပြောသလို ပြန်လည်ပြောပြ ၍ သိရှိရခြင်း ဖြစ်ပါသည်။
" လောကကြီးကို တံခါးခေါက် ခြင်း " တခန်းရပ် နားစို့ ဦးလားဗျာ ... ။ ။

ရယ်မောခြင်းဖြင့်စိတ်လျော့ကြကုန်လော့....

1 comment:

Anonymous said...

ရေးပုံက ရွှင်တယ်သွက်တယ်
တကယ့်အဖြစ်အပျက်လား
ဆက်ရေးပါဦါ်