Saturday, May 26, 2007

အိပ်မက်အိမ်ရဲ့ အိမ်တက်နိဒါန်း

ဟောဒီ အိပ်မက်အိမ်ကလေးကိုဗျာ... သူငယ်ချင်း ၃ယောက် ( တစ်ယောက်နဲ့ တစ်ယောက် ဖြူသလား မဲသလားတောင် မသိရတဲ့ online မှာ ခင်ကြတဲ့ သူတွေပါ) စကားစပ်မိရာကစလို့ လုပ်ကြမယ်ဟ ဆိုပြီး တည်ဆောက်လာခဲ့တာ တော်တော်လေးရုပ်လုံးပေါ်လာပြီပေါ့ဗျာ... နီးစပ်ရာ၊ ယုံကြည်ချက်တူရာ၊ အိပ်မက်တူရာ သူငယ်ချင်းတွေကိုလည်း ပါဝင်လုပ်အားပေးကြဖို့ ထပ်ဆင့် ဖိတ်ခေါ်လိုက်တာ ခုဆို အတော်လေး လူစည်လာပြီပေါ့ဗျာ...လူကတော့စုံပါ့...ပျော်စရာဗျာ... ညစ်ညမ်းတာက လွဲ၊ ကြိုက်တာကို ဆွဲကြ ကိုယ့်လူတို့ဆိုပြီး ဖိတ်ထားတာ ရေးချင်ရာရေး အေး ဆေးပေါ့ဗျာ... ဘယ်သူက ဘယ်သူရယ်လို့ မသိလဲ အရေးမကြီးဘူး ...နိုင်ငံအသီးသီးမှာ အကြောင်းကိစ္စအမျိုးမျိုးနဲ့ ရောက်နေကြတဲ့ online သူငယ်ချင်းတွေကို တတ်နိုင်သမျှ စုစည်းဖိတ်ကြားထားပါတယ်... သူတို့ရဲ့ အိပ်မက်တွေ မှန်သမျှ ဟောဒီအိပ်မက်အိမ်ကလေးမှာ နေထိုင်ခွင့်ရစေရမယ်... တိုင်းရေပြည်ရာက အစ ကိုယ်ရေးကိုယ်တာအထိ စိတ်ရှိသလို ရေးကြဖို့ ခွင့် ပြုထားပါတယ်... ဆိုတော့ကာ တစ်ယောက်တစ်ပေါက်နဲ့ ဗြောက်သောက် အတွေး ၊ ဗြောက်သောက် အရေးတွေ ဖြစ်ကောင်းဖြစ်မယ်...ဘာကိုမှ ညှိနိုင်းထားတာမရှိဘူး... စိတ်ကူးတည့်ရာ .. လက်သင့်ရာ ...ရေးကြမှာဆိုတော့ အရောင်စုံ ရသာစုံနဲ့ တစ်မျိုးတစ်ဖုံ တော့ ဖြစ်မှာပဲ... ဘယ်လိုဖြစ်မယ်ဆိုတာတော့... ကျနော်တို့ကိုယ်တိုင်လည်း မသိသေးဘူး... အင်း... အိပ်မက်ဆိုမှတော့ဗျာ ... တစ်ယောက်နဲ့ တစ်ယောက် ဘယ်မှာ လာ ထပ်တူကျပါ့မလဲ ...ဒါပေမဲ့ တူတာတစ်ခုကတော့ အိပ်မက်တွေ လွတ်လပ်အေးချမ်းစွာ ချိုမြကြည်လင်ချင်ကြတာပဲပေါ့ဗျာ...

ဒီအိပ်မက်အိမ်ကလေး ခုလို အမိုးရယ် အကာရယ်နဲ့ မိုးလုံလေလုံ လူမြင်ကောင်းအောင်၊ လှတပတ ဖြစ်လာအောင် တည်ဆောက်နိုင်ခဲ့တဲ့ အတွက် အရင်ဆုံးကျေးဇူးတင်ရမှာက မြန်မာ့ဘလော့ဂ်ရှေ့ဆောင်လမ်းပြ အစ်ကိုအစ်မတွေပဲ... အထူးသဖြင့် မန္တလေးသားကြီး ကိုမောင်လှ၊ သူတော်စင်နတ်ဆိုးကြီး ကိုစေတန်၊ ကိုညီလင်းဆကတို့ရဲ့ ကျေးဇူးသာ မပါရင် ကျနော်တို့ ရဲ့ အိပ်မက်အိမ်ဆိုတာ မြန်မာ့ ဘလော့ဂါ ရပ်ကွက်မှာ ခုလို ဖြစ်တည်ခွင့်ရမှာ မဟုတ်ပါဘူး... သူတို့ရဲ့ လမ်းညွှန်မှုတွေနဲ့တည်ဆောက်ခဲ့ရတာဆိုတော့ သူတို့က ကျနော်တို့ အိပ်မက်အိမ်လေးရဲ့ blue paper ကိုထုတ်ပေးတဲ့ အင်ဂျင်နီယာ၊ ဗိသုကာတွေပါပဲ... ကျနော်တို့ကတော့ လုပ်အားသက်သက်နဲ့ ဖန်တီးခဲ့တာပါ... သူတို့ ချက်ပြုတ်ခူးခပ်ထားတာကို အဆင်သင့်စားခဲ့တာပါပဲ... သူငယ်ချင်းတို့လည်း ကိုယ်ပိုင် ဘလော့ဂ်လေး လုပ်ချင်တယ်ဆို သူတို့ဆီသာသွားဗျာ... အဆင်ပြေသွားလိမ့်မယ်... ဒီမှာလည်း သူတို့ရဲ့ Links တွေကို ပေးထားပါတယ်...

ကိုယ့်ရဲ့ ရည်မှန်းယုံကြည်ရာ ဘ၀ကို သေချာပိုင်နိုင်မရနိုင်သေးခင် ကြိုးစားနေရတဲ့ အခိုက်အတန့် ကာလဟာ အိပ်မက်တွေလိုပါပဲ...ချုပ်နှောင်တားဆီးခံထားရတဲ့ အိပ်မက်တွေ အားလုံးအတွက် သူတို့အားလုံးရဲ့ ကိုယ်စား ဒီအိပ်မက်အိမ်လေးကနေ ကျနော်တို့ တတ်စွမ်းသမျှ အိပ်မက်အပိုင်းအစတွေကို ခင်းကျင်းပြသသွားမှာပါ...
ဘာလဲဟ ဆိုပြီး လာစူးစမ်းကြတဲ့ သူငယ်ချင်းတွေရော ၊ ဘုမသိဘမသိ လာလည်ကြတဲ့ သူငယ်ချင်းတွေရော ၊မိုက်သကွာ ဆော်သာဆော်လို့ လှော်ပေးကြတဲ့သူငယ်ချင်းတွေကိုရော ၊ ကျနော်တို့ရဲ့ အိပ်မက် ထမနဲပွဲကြီးမှာ တပျော်တပါး လုပ်အားပေးကြတဲ့သူငယ်ချင်းတွေကိုရော ...အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ...
SWEET DREAM MAY COME TRUE ဆိုသလိုပဲ အိပ်မက်ချိုမြ လက်တွေ့ဘ၀ ရကြပါစေဗျာ...
စာကြွင်း။ ။ ၀ိုင်းဝန်းကူညီကြတဲ့ အဝေးရောက် အိပ်မက်သူ အိပ်မက်သားများခင်ဗျား... အိပ်မက်အိမ်မှာ ပြည်တွင်းက သူငယ်ချင်းများလည်း ပါဝင်တာမို့ နိုင်ငံအရေး ဆွေးနွေးလိုပါက ခပ်ပါးပါးလေးသာ ရေးကြပါရန် ... ကိုနွေလှိုင် ကတော့ သာသာနဲ့ နာနာနှပ်ကြရန် အကြံပြုထားပါကြောင်း... တူကျောတာနော် တားတားမပါဝူး....

2 comments:

အိပ်မက်အိမ် said...
This comment has been removed by the author.
Nway Hlaing Thoone said...

ဒီလူကြီး အနော်ကို အချွန်နဲ့မတာဂျ
အယုံကြနဲ့