Monday, June 18, 2007

ရှမ်းအရေး ပြေးလိုက်တဲ့  ဗမာ


ဆိုရိုးတစ်ခု ကြားခဲ့ ဖူးပါတယ်။ " ဗမာအတွေး ၊ ရှမ်းအပြေး " တဲ့ ။ ကျုပ်ကြောင့် တော့  ဆိုရိုးပျက်ရပြီထင်ပါရဲ့ ။

ကိုချယ်ရီ ရေ ...
ကျုပ်တော့  မိတ်ဆွေရေးတာကို အတော်လေးပြေးလိုက်နေရပြီဗျာ။ ကိုချယ်ရီရေးခဲ့ တဲ့  တရားရှာ ကိုယ်မှာတွေ့  ဆိုတာလေးက ကျုပ်ကို အတော်လေး တွေးစေခဲ့ တယ်ဗျ။
ဘာကြောင့်  လဲဆိုတော့  ကျုပ်တို့  ဗမာစကားမှာ တတ် ၊သိ ၊နားလည် ခြင်းဆိုတာ ရှိတယ်လေ။ မိတ်ဆွေပြောခဲ့ တဲ့  တရားရှာ ဆိုတဲ့  စကား . . .

တတ် ။ ။အဲဒီမှာ ကျုပ်တို့  ဗမာပြည်က တရားအပေါ် တတ်မြောက်ခြင်း ရှိလေရအောင် တရားဝင် သင်ရိုးမှ မရှိတာဗျာ။ တရားဝင် သင်ရိုးရှိခဲ့ ရင်တော့  ( မဖြစ်မနေ ဆိုတဲ့  သဘောနဲ့ ) သင်ကြားလို့  တတ်မြောက်မယ် ထင်ပါရဲ့ ။

သိ ။ ။အသိအနေ နဲ့ ကတော့  ဘယ်သူမဆို အနည်းနဲ့  အများ သိရှိထားကြလေရဲ့ ။

နားလည်။ ။(ကျုပ် အမြင်ပြောရရင် မှားကောင်းမှားနိုင်ပါတယ်)
နားလည်ကြပါတယ်လို့ ပဲ ဆိုကြပါတော့  ။ ဘယ်လို နားလည်ကြတာလဲ ။ ကျုပ်ကတော့  စိတ် နဲ့  ကိုယ် တစ်ထပ်တည်း ကျမှ နားလည်တယ်လို့  ဆိုချင်ပါရဲ့ ။ ဒီလိုမှ မဟုတ်ရင်တော့  ကျောင်းသားတစ်ယောက်ရဲ့  မှတ်စုစာအုပ်လို စာမေးပွဲနဲ့  ရန်သူဖြစ်နေလိမ့် မယ် ထင်ပါရဲ့ ။ ဘ၀ မှာ စာမေးပွဲ စစ်ခဲ့ ရင် မော်ဒေးရှင်း တော့  ရှိမယ်မထင်ဘူးဗျာ။

ကိုယ့် စိတ်နဲ့  နှိုင်းပြီးပြောရမယ်ဆိုရင် ကျုပ်တော့  တရား မတတ်ခဲ့ဘူးဗျ။ သိတော့ သိနေလေရဲ့ ။ အိုခြင်း ၊ နာခြင်း ၊ သေခြင်း နဲ့  မမြဲခြင်းတရားတွေကို . . . သို့ သော်လည်း မှတ်စုစာအုပ် လိုပါပဲဗျာ။ မေ့ နေတာများတယ်လေ။ ပြီးတော့ ဘ၀စာမေးပွဲကလဲ ဘယ်မှာ အချိန်စာရင်း ထွက်လို့ လဲ ။
နောင်တ နဲ့  နောင်ဘ၀ မသွားရဖို့  လုပ်ကြရမှာ ပေါ့ ဗျာ ။
အဓိက ကတော့  စိတ်ပေါ့ ဗျာ ။ နိဂြောဓ သာမဏေ ရဲ့  အသောက မင်းကြီးကို ဟောကြားခဲ့ တဲ့  တရားလိုပေါ့ ဗျာ ။ စိတ်ဆိုတာ နိဗ္ဗာန် သို့  သွားရာလမ်း ပါပဲခင်ဗျာ ။

သိတော့  သိပါရဲ့  နားမလည်ချင်ချင် ခက်နေတဲ့  စိတ်တွေကြောင့်  ခက်ခဲနေပါရဲ့ ဗျာ။
ကိုစိုင်းထီးဆိုင် ဆိုခဲ့ တဲ့  သီချင်းလေးလိုပေါ့ ဗျာ . . .(မူရင်းသီဆိုခဲ့တဲ့  တေးသံရှင်တော့  မမှတ်မိတော့  ပါဘူးဗျာ)
သစ်တစ်ပင်အောက်မှာ ၀ါးတစ်ပင်အောက်မှာ မရောက်နိုင် သော်လည်းလေ . . . ဆိုသလို ပါပဲဗျာ ။

ကိုချယ်ရီရေ . . .
ကျုပ်တော့  စားဖို့ သောက်ဖို့  မမေ့  သလိုမျိုး တစ်နေ့  (၅) မိနစ် တရား ရှုဖို့ ကျုပ်တော့  စတင်ဖို့  ကြိုးစားနေပြီဗျာ . . . ။ ။

No comments: