Monday, July 23, 2007

သမီးရဲ့ဖေဖေ


အိပ်မက်အိမ်ကို စိတ်ဝင်စားစွာ အလည်ရောက်ခဲ့တယ်...။၊
ပြီးတော့ ကိုယ့်လိုပဲ အိပ်မက်အိမ်ကို အလည်ရောက်သူတွေအတွက် ခံစားမိသမျှကို မျှဝေပေးချင်လာခဲ့တယ်...။
ဒါနဲ့ပဲ ကိုယ့်ဘလော့လေးကို မသိသူတွေ၊ မရောက်နိုင်သူတွေ အတွက် ကိုယ်ပိုင်ဘလော့မှာ တင်ဖြစ်တဲ့ အထဲက လူစိတ်ဝင်စားတဲ့ ၊တုန့်ပြန်မှုများတဲ့ ပို့စ်လေးတွေကို ဒီဖက်မှာ လာတင်ဖြစ်ပါတယ်...။
တနေရာစီက အိပ်မက်တွေကို တနေရာထဲဖြစ်သွားအောင် မျှဝေခံစားပေးကြပါလို့...။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်







အခုပုံက အမျိုးသမီးအကျဉ်းဆောင်တခုရဲ့ ပုံပါ။ ဓါတ်ပုံထဲက မိန်းကလေးတွေက နိုင်ငံရေးအကျဉ်းသူအချို့ ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်က ရိုက်ကူးခဲ့တာဖြစ်ပြီး မူပိုင် ခင်မင်းဇော် ပါ။

သမီးရဲ့ဖေဖေ


သမီး အငယ်ဆုံးလေး ၁၉၉၀ ခုနှစ်က အင်းစိန်ထောင်ထဲမှာ အချုပ် ၃ လ ရှိနေစဉ်တုန်းကတည်းက ကျုပ် သိပ်စိတ်ပူ နေခဲ့မိတယ်။ ဒီကလေးမက မခံချင်စိတ်သိပ်ကြီးတယ်။ မဟုတ်တာကို ဘယ်တော့မှ ငုံ့မခံတတ်ဘူး။ သူ့ကို ဘယ်လိုမှ ပြောရတော့မှာ မဟုတ်ဘူးဆိုတာ သိနေတော့ သူလုပ်ချင်တာကို အန္တရာယ်ကင်းကင်း လုပ်နေနိုင်အောင်ပဲ အစွမ်းကုန် ကူညီနေမိတော့တယ်။ သူ့ သူငယ်ချင်း လေးတွေ အိမ်မှာလာတည်းရင် ကိုယ်က လက်ခံထားပြီး တတ်နိုင်သလောက် ကူညီပေးနေရတယ်။ ကလေးတွေဆိုတော့ ဒီအစိုးရ ဘယ်လောက်ထိ ယုတ်မာမယ်။ ရက်စက်မယ် ဆိုတာကို မခန့်မှန်းတတ် သေးဘူး။

ကျုပ်ကတော့ ရေတပ်ထွက် စစ်သားတယောက် ဆိုတော့ သိနေတယ်။ စစ်တပ်ချင်း အတူတူ၊ စစ်သားချင်း အတူတူ။ တိုင်းပြည်တာဝန် ထမ်းတာချင်း အတူတူ ကြည်းတပ်ကမှ ပိုမြင့်မြတ်တယ်လို့ ခံယူထားတဲ့ သူတွေနဲ့ ဆက်မနေချင် တော့တာနဲ့ ကျုပ်တပ်ထဲက ထွက်ခဲ့တယ်။ တပ်ထွက်ဆိုတော့ ဘာလုပ်ရမယ် ဘာကိုင်ရမယ်လည်း သိပ်စဉ်းစားမရတာနဲ့ ကိုယ်ကျွမ်းကျင်တဲ့ ကားပစ္စည်း အဟောင်းလေးတွေကို မဂိုလမ်းရဲ့ လမ်းဘေး ပလက်ဖောင်းမှာ ချရောင်း နေလိုက်တော့တယ်။ အဲဒီဝင် ငွေနဲ့ပဲ ကျုပ်သားသမီး သုံးယောက်ကို ကျွေးမွေးလာခဲ့တာပါ။

ကျုပ်မိန်းမအကြောင်း လာမမေးပါနဲ့ဗျာ။ အငယ်မ သုံးနှစ်သမီးကတည်းက အိမ်ထောင်ကွဲသွား ခဲ့တာ။ သူနဲ့ ကလေးတွေကို ထည့်လိုက်ရမှာ စိတ်မချတာနဲ့ ကလေးသုံးယောက်လုံး တာဝန်ယူခဲ့တာ ဒီနေ့ထိပါပဲ။ ကျုပ်လား နောက်မိန်းမ ထပ်ယူဖြစ်မှာ။ ကျူပ်ကလေးတွေ ကို မိထွေးဆိုတာ မတွေ့စေချင်ဘူး။ ကိုယ်တိုင်ပြုစုပေးမယ်။ ကိုယ်တိုင်ကလွဲလို့ ဘယ်သူနဲ့မှ စိတ်မချတာ ကျုပ်ကလေး တွေကို သိပ်ချစ်လို့ပေါ့ဗျာ။

အခုတော့ ရွေးကောက်ပွဲ အနိုင်ရရင် ရတဲ့ ပါတီကို အာဏာလွှဲပေးမယ်။ စစ်တပ်က စစ်တန်းလျားကို ပြန်မှာပါဆိုပြီး မပြန်တဲ့ အခါမှာတော့ ကျောင်းသား လူငယ် လေးတွေက ဘယ်ကျေနပ်ပါ့မလဲဗျာ။ ဂတိမတည်တဲ့သူ ဘယ်သူ့ကို မဆို မကျေနပ်ဘူးဆိုတာ ဖြစ်သင့်တာပါ။ စစ်တပ်က မျက်စိစပါးမွှေးစူးတဲ့ သူတော်တော်များများကို ရွေးကောက်ပွဲ ပြီးကတည်းက ဖမ်းလိုက်တာ သောက်သောက်လဲ။ ကျုပ်သမီးလေးလဲ ပါသွားပါရောလား။

ပထမတခါက ၃ လပဲဖြစ်ပေမဲ့ နောက်တခါက ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဘယ်ဆု ရတဲ့အခါ မှာ ကျောင်းသားတွေ ဆန္ဒပြတယ်။ အဲဒီအခါမှာ တော့ သမီးသူငယ်ချင်းတွေရော သမီးရော ကျောင်းသားကလေး တွေ အများကြီးအဖမ်းခံရတာပေါ့။ စစ်ခုံရုံးနဲ့ အမြန်ဆုံး စစ်ပြီး ချလိုက်တဲ့ ထောင်ဒဏ်က ကလေးတွေနဲ့ မမျှပါဘူး ဗျာ။ အနည်းဆုံးတောင်မှ ထောင်ဒဏ် ဆယ်နှစ်တဲ့။ ကျုပ်သမီး ထောင်ဒဏ် ဆယ်နှစ် အချခံလိုက်ရတာ ကြားရတော့ အဖေတယောက် အနေနဲ့ ထောင်ထဲမှာ နေရမဲ့ သမီးဘ၀လေးကို သနားလိုက်တာ။ သမီးတို့ ကလေးတွေ ကတော့ မျက်နှာတချက်မပျက်ဘူး၊ ခပ်တည်တည် ခပ်မာမာတွေနဲ့၊ ကျုပ်သမီးကဆို အဖေ ဘာမှမပူနဲ့နော်။ အထဲမှာ သူငယ်ချင်းတွေ အများကြီးရှိတယ်။ သမီးနေနိုင် တယ် တဲ့ ။ သူတို့ကငယ်သေးတော့ မိဘတွေရင်ထဲကို ဘယ်မြင်နိုင်ပါ့မလဲနော်။

ကျုပ်သမီးနဲ့ အတူတူ ထောင်ချခံရတဲ့ သမီးတယောက်ဆို အဖေမရှိဘူး။ သူ့အမေ ကလည်း နယ်မှာတဲ့။ သူ့ဦးလေးကပဲ သူ့ကို လာကြည့်တာ တွေ့ရတယ်။ အဲဒီသမီးလေးကို ကြည့်တဲ့အခါမှာလည်း ၀မ်း နည်းတာ အားငယ်တာ မတွေ့ရဘူး။ ထောင်ဒဏ်ချပြီး ထောင်ထဲကို ပြန်ဝင်သွားတဲ့ ကလေးတွေကို ကြည့်ပြီး အပြင်မှာ မိဘတွေက မျက်ရည်ကျရတယ်။ ကျုပ်သမီးလေး ထောင်ကျတုန်းက အသက် ၁၈ နှစ်ပဲ ရှိသေးတာ ကလား။ စဉ်းစားကြည့်ပါဦးဗျာ။ ကျုပ်ဖြင့် အဲဒီဆယ်နှစ် ဆိုတာကြီးကို ပြန်ပြီး ကြားယောင်ရင်း အိပ်မရခဲ့တာ အတော်ကြာတယ်။ ကျုပ်က ကျန်းမာရေးလည်း သိပ်မကောင်းတော့ ကျုပ်ကိုယ်ကျုပ် စိတ်မချဖူးဗျာ။ သားကြီးနဲ့ သမီးလတ်ကလည်း အိမ်ထောင်ကျသွားတော့ ကျုပ်ကို သိပ်မကူနိုင်တော့ဘူး။ သူတို့လည်း သူတို့မိသားစုနဲ့သူတို့ မနည်း ရုန်းကန်နေရတာ မဟုတ်လား။ သားကြီးဆို နေဖို့အဆင်မပြေလို့ ကျုပ်အိမ်ပဲ ခေါ်တင်ထားတာ။

သမီးကို နှစ်ပတ်တခါ ထောင်ဝင်စာတွေ့နိုင်ဖို့ ကျုပ်ကြိုးစားရတယ်။ သူ့အတွက် ပြည့်ပြည့်စုံစုံလေး ယူသွားချင်တယ်။ အထဲမှာ သူမျက်နှာမငယ် ရအောင်လေ။ အိမ်က သားက ထောင်ဝင်စာသွားဖို့ ၂၀၀၀ ထုတ်ပေးပေမဲ့ ဘယ်လောက်မှာလဲ။ သူကလည်း ဒါ့ထက်ပိုမပေးနိုင်ဘူး။ ကျုပ်ကလည်း တနေ့လုပ် တနေ့စားဖြစ်နေတော့ ခက်ခဲတယ်။ ဒါပေမဲ့ ဖြစ်အောင် ကြိုးစားရတာပေါ့ဗျာ။ တနေ့ရောင်းရတဲ့ ငွေလေးထဲက ထန်းလျက်ထုပ်လေးဝယ် လိုက်၊ မြေပဲလေး ၀ယ်လိုက်နဲ့ တပတ်ထောင်ဝင်စာပြီး နောက်တပတ် အတွက် ထပ်ပြီးစုနဲ့ လုံးချာလိုက်နေတာပဲ။ သမီးထောင်ထဲမှာ ခြောက်နှစ်လောက် ရလာတော့ ဈေးရောင်းကလည်း ပါးလာတယ်။ ဈေးနှုန်းတွေကလည်း တက်လာလိုက်တာ ပြောမပြချင် လောက်အောင်ပါပဲ။

သမီးကိုတော့ ပြောပြမိသေးတယ်။ ဈေးရောင်း မကောင်းတော့ ထောင်ဝင်စာထုပ်က သေးသေးလာတယ် သမီးရယ်လို့၊ အဖေ စိတ်မကောင်းဘူး။ ဒါပေမဲ့ အဖေရှိနေ သ၍တော့ ထောင်ဝင်စာထုပ် မပို့နိုင်ရင်တောင် လူကိုယ် တိုင်တော့ ရောက်အောင်လာမယ် သမီးရေလို့ပေါ့။ သမီးက စိတ်ဓါတ်ကြံ့ခိုင်တယ် ပြောရမယ်။ ထောင်ဝင်စာ သိပ်မပေး နိုင်လည်း ရပါတယ် အဖေရယ်တဲ့ ၊၊ အထဲမှာ အားလုံး စုစားကြတာပဲ။ သမီးပုံစံထမင်းလည်း စားနိုင်ပါတယ်တဲ့ ၊၊ အဖေ လူပဲလာလည်း ရပါတယ်လို့ ရယ်ရယ်ပြုံးပြုံးပဲ ပြောပြသွားသေး သဗျာ။

သမီးထောင်ထဲမှာနေတာ (၇)နှစ်ပြည့်တော့မယ်။ နောက်တခေါက် ထောင်ဝင်စာသွားဖို့ လေးရက်ပဲ လိုတော့တယ်ဗျာ။ သမီးလေးကို စိတ်ဓါတ် ခွန်အား သွားပေးနေတာပေါ့ဗျာ။ ဒီနေ့ ဈေးရောင်းကောင်း တယ်။ ကျုပ်ဆီက ကားပစ္စည်းဟောင်း တခုကို ဈေးသိပ်မဆစ်ပဲ ၀ယ်သွားတယ်။ ဒါနဲ့ သမီးဖို့ ၀က်အူချောင်းဝယ်ထားလိုက်တယ်။ သွားမယ့်နေ့မှ ကြော်ယူသွားမယ်။ နောက်သူငယ်ချင်း တယောက်ကို ပစ္စည်းတခု ၀ယ်ရောင်း လုပ်ဖို့ အကြံပေးထားတာ သူလုပ်လိုက်တာ မြတ်တယ်တဲ့။ ကျုပ်ကို ဂုဏ်ပြုဦးမယ်တဲ့ဗျာ။ ကျုပ်ကလည်း ငွေရင်းမရှိလို့ ကိုယ်တိုင် မလုပ်နိုင်လို့ ပိုက်ဆံရှိတဲ့ သူငယ်ချင်းကို အကြံပေး ကြည့်တာပါ၊၊ သူမြတ်တယ် ဆိုတော့လည်း ကိုယ်လည်း ပြောပြရကျိုးနပ်တယ်ပေါ့။ ပျော်တာပေါ့ဗျာ။ ဒါနဲ့ သူလိုက်ကျွေးတဲ့ဆိုင်မှာ စားလည်းစား သောက်လည်း သောက်လိုက်မိတယ်။ သောက်တာကတော့ တော်တော် များသွားတယ်။ အိမ်ရောက်တော့ ခေါင်းတောင်မထူနိုင်ဘူး။ အိပ်ရာထဲကို တွဲပို့ခံလိုက်ရတယ်။

----------------------------------------------------------------------

ဒီအပါတ်ထောင်ဝင်စာကို အဖေမလာဘူး။ တခါမှ မလာဘူးတဲ့ အမက လာတွေ့တယ်။ အဖေဘာလို့ မလာတာလည်း မေးတော့ ဘုန်းကြီးဝတ်သွားတယ်တဲ့။ သမီးကိုလည်း ဘာမှ မပြောခဲ့ဘူးအဖေရယ်။ အမကတော့ အဖေ မလာနိုင်လည်း အကိုနဲ့ အမ တယောက်တလှည့် လာမှာပေါ့လို့ ပြောသွားတယ်။ အဖေက သမီးကို သံယောဇဉ် ဖြတ်နိုင်သွားပြီပေါ့။ အဲဒီနေ့က ထောင်ဝင်စာ ထုပ် ထဲမှာ ၀က်အူချောင်းတွေပါတယ်။

သူများတွေကို အမေတွေက ထောင်ဝင်စာ လာတွေ့ရင် ကျမလည်း အမေ့ကို လာတွေ့စေချင်တယ်။ ဒါပေမဲ့ အမေက ကျမတို့ အိမ်ထောင်စု စာရင်းထဲမှာ နာမည်မပါဘူးလေ။ ဒါ့ကြောင့် အမေက ထောင်ဝင်စာ လာတွေ့လို့ မရတော့ဘူး။ အမေ့ကို သိပ်မခင်တွယ်မိပေမဲ့ အဖေမလာတဲ့ အခါတော့ အမေ လာစေချင်တာ အမှန်ပဲ။ အမနဲ့ အကိုကိုတော့ မပြောရဲဘူး။ သူတို့က စိတ်ဆိုး နေဦးမယ်။ အဖေကလည်း ဘာဖြစ်လို့ ဘုန်းကြီးဝတ်သွား တာလဲ မသိပါဘူး။ တကယ်ဆိုရင် ကျမ ထောင်ထဲမှာ ဇာထိုးပန်းထိုး လုပ်ရတော့ ထောင်ပိုင်ကြီးက ဆုမှတ်ရက်တွေ ပေးမှာတဲ့။ ထောင်အခေါ်ကတော့ အေကွာ၊ ဘီကွာ ပေါ့။ ကျမတို့ကို အေကွာပေးမယ်လို့ ထောာင်ပိုင်ကြီး ဦးတင်ဖေက ပြောထားတယ်။ အေကွာ သာရရင် ကျမ ဆယ်နှစ်က လျော့ရက် ၃ နှစ် နီးပါးရမှာ။ ကဲ ကျမထောင်က လွတ်မှ ဘုန်းကြီးဝတ်လိုက် ပြီးရော။

ထောင်ထဲမှာနေသားကျသွားတော့လည်း သိပ်မခက်ခဲ တော့ပါဘူး။ နိုင်ငံရေးသမားတွေက စုစုစည်းစည်း ရှိပြီး လူညီနေတော့ နေရတာ အဆင်ပြေပါ တယ်။ ကိုယ်နဲ့ ယုံကြည်ချက် တူသူတွေနဲ့ နေရတာမို့ အားငယ်စရာလည်း မရှိဘူးလေ။ တခါတရံ စိတ်အခန့်မသင့် တာလေးတွေ ရှိကြပေမဲ့ ထောင်အာဏာပိုင်နဲ့ တိုက်စရာ ရှိနေရင်တော့ အားလုံးက စိတ်ဓါတ်ညီပြီး တသံတည်း ထွက်တတ်တာမို့ စိတ်ညစ်စရာလည်း လုံးဝမရှိ။ ကိုယ့်ထက် အသက်ကြီးသူတွေ၊ အတွေ့အကြုံစုံသူတွေ ဆီက ဗဟုသုတတွေ လေ့လာ ဆည်းပူးရင်းနဲ့ အချိန်က ကုန်မှန်းမသိ ကုန်သွားလိုက်တာ ၊ ကျမ ထောင်သက် (၇) နှစ်ကျော် လာတာကို ပြန်စဉ်းစားကြည့်ရင် ဘာမှ မဟုတ်တော့ သလိုပါပဲ။ တယောက်နဲ့ တယောက် အားပေးရင်း၊ အပြင်က သိလာတဲ့ သတင်းလေးတွေ ဖလှယ်ရင်း မျှော်လိုက်ရတဲ့ လွှတ်တော် ဆိုတာလည်း ခဏခဏပါပဲ။ ရိုးရိုး အကျဥ်းသူတယောက်ဆိုရင် ရုံးချိန်းထွက်ပြီး ပြန်လာတိုင်း လွှတ်တော်အကြောင်း ပြောလွန်းလို့ ဒေါ်လွှတ်တော်လို့တောင် နာမည်တွင် သွားတော့တယ်။

ထောင်ထဲကို ရောက်ခါစက ကိုယ်မကောင်းတဲ့ မိန်းမထောင်ကျတွေနဲ့ ထားမယ်ဆိုတော့ လန့်သွားခဲ့တာ ကိုလည်း အခုပြန်ပြောပြကြရင်း ရယ်မောနေနိုင်ပြီ။ ကျမတို့ မိန်းမဆောင်နဲ့ ကပ်လျက်ရှိနေတဲ့ ဟိုဖက်ကအဆောင်က နိုင်ငံရေးမှု ယောက်ျားတွေ ထားတာတဲ့။ အဲဒီဖက်က ရိုက်တဲ့ အသံတွေကြားရင်တော့ ကျမတို့ဖက်ကလည်း ဘယ်လိုမှ မနေနိုင်တော့ဘူး။ တခုခုတော့ လိုက်လုပ်ရမှ။ နိုင်ငံရေးမှုချင်းမို့ သိသိ မသိသိ တအုပ်စုတည်းလို့ ကျမတို့တွေက ခံယူထားကြတာ မဟုတ်လား။ စစ်အစိုးရကို ဘယ်လိုနည်းနဲ့ပဲ ဆန့်ကျင်ဆန့်ကျင် ကျမတို့နဲ့ ရန်သူတူနေတဲ့ ဘက်တဘက်တည်းလို့ ကျမတို့က ယုံကြည်ထားတယ်။ အမှုတွဲတွေကလည်း စုံမှစုံပဲ။ ကွန်မြူနစ်ပါတီ၊ဒီချုပ်၊ ဗကသ၊ မကသ၊ ၁၇(၁)ဆိုတဲ့ တရားမ၀င် အသင်းအဖွဲ့တွေနဲ့ ဆက်သွယ်မှု၊ ကျောင်းသား လူငယ်အများစုကတော့ ၅(ည)ဆိုတဲ့ နိုင်ငံရေးမှု၊ ပုဒ်မ ၆၊ ၇ ဆိုတဲ့ တရားမ၀င်အသင်းဖွဲ့စည်းမှု၊ တရားမ၀င်စာစောင် ထုတ်ဝေမှု၊ ဘယ်လိုပုဒ်မတွေနဲ့ပဲ ၀င်လာလာ သီးသန့် ဆိုတဲ့ နိုင်ငံရေး အကျဉ်းသူတွေက တရောင်တည်း တသွေးတည်း၊ ဒါဟာ သိပ်ကောင်းတဲ့ အားသာချက် တွေပေါ့။

ကျမထောင်ထဲရောက်တော့ အခန်ကျဉ်းလေး ထဲမှာ ၈ ယောက်၊ ကျောင်းသူတွေချည်းပဲ။ ကျောင်းချင်း မတူလို့ မသိခဲ့ကြပေမဲ့ တခန်းထဲမှာ နေကြရတဲ့အခါ သူ့အကြောင်း ကိုယ့်အကြောင်း ပြောကြရင်းနဲ့ အပြင် ပြန်ရောက်ရင် ဘာတွေ ဘယ်လိုဆက်လုပ်ကြမယ်။ ဘယ်သူနဲ့ ဘယ်လို ဆက်သွယ်ကြမယ်နဲ့ ပိုပြီးတော့တောင် ချစ်ခင်ရင်းနှီး သွားကြသေးတယ်။ ကျမအတွက်တော့ တဘ၀စာ မိတ်ဆွေကောင်းတွေကို ထောင်ထဲကနေ ရရှိခဲ့တယ်။ ဆယ်နှစ် ကျတာကို မေ့သွားလောက်အောင် ကျမတို့တွေက စိတ်တူကိုယ်တူတွေ ဖြစ်သွားခဲ့ကြတယ်။

နောက်လေးလ လောက်ကြာတော့ ကျောင်းသူကျောင်းသား တော်တော်များများ ကို နှစ်အများကြီးကျထားတာကနေ ပုဒ်မ(၄၀၁)နဲ့ ပြန်လွှတ်လိုက် ပြန်ရော။ ကျမတယောက်ပဲ အခန်းထဲမှာ ကျန်ခဲ့တော့ လွတ်တော့မဲ့ သူတွေက သူတို့လွတ်တာကို မပျော်နိုင်ဖြစ်လို့၊၊ ထောင်ဗူးဝကို နောက်ပြန် လှည့်ကြည့်ရင် နောက်တခေါက် ထပ်လာရမယ် ဆိုတော့ မယုံဘူး။ လှည့်ကြည့်မှာပဲ ဆိုတဲ့ ကျမသူငယ်ချင်း တယောက်ကို ထောင်ထဲကနေ လှည့်ကြည့်ဖြစ်ရဲ့လားလို့ ကျမအဖေ ထောင်ဝင်စာ လာတုန်းကမေးတော့ လှည့်ကြည့်ရုံတင်ဘယ်ကမလဲ ထောင်ဝင်စာလာရတဲ့ နေ့တွေတိုင်း သူ ထောင်ဗူးဝမှာ ရှိနေတာတဲ့။ ထောင်ထဲက သူတွေသိချင်မယ့် သတင်းတွေကို သူက လာပေးနေမြဲပေါ့။

အဲလိုနဲ့ ကျမတို့စိတ်ဓါတ်ကြံ့ခိုင်စွာ ဖြတ်ကျော်ခဲ့တာ ၈ နှစ်ကျော်တော့ လျှော့ရက်နဲ့ ထောင်က လွတ်ခဲ့တယ်။ အိမ်ပြန်ရောက်တော့ အဖေ ဘုန်းကြီးဝတ်တဲ့ ဆီသွားမယ်ဆိုတော့ အမက ငိုပြီးပြောပြတယ်။ အဖေဆုံးတာ တနှစ်ကျော် သွားခဲ့ပြီတဲ့။ အဖေ မလာနိုင်တာ လူ့လောကကြီးမှာ မရှိတော့ တာပါလားလို့ သိရတဲ့ အခိုက်မှာ ကျမမျက်ရည်မကျနိုင်ပဲ ဆို့သွားခဲ့တယ်။ အမရော အကိုရော အဖေဆုံးရတာ ကျမကြောင့်တဲ့။ အပြစ်တင် စကားတင်း ဆိုကြတာ သူတို့တင်မကဘူး။ အမျိုးတွေ အားလုံးပါပဲ။ ကျမကို သိပ်ချစ်ပြီး သိပ်မျှော်လင့်တဲ့ အဖေက ကျမအတွက် အမြဲပဲ စိတ်မကောင်း ဖြစ်နေရတာတဲ့။ ဘာ့ကြောင့်လဲ ပြောပြကြပါဦး လို့ မေးတော့ ကျမအတွက် ထောင်ဝင်စာ ထုတ် သေးမှာကို အဖေက စိတ်အမြဲ ပူနေရတာတဲ့။ ကျမထောင်က လွတ်လာခဲ့ရင် အနာဂတ် ပျောက်နေမှာ လည်း စိုးရိမ်နေသေးသတဲ့။ ကျမဘာမှ ပြန်မပြောနိုင်ခဲ့ ပါဘူး။

အဖေနေခဲ့တဲ့ အခန်းလေးမှာလည်း အကိုတို့ လင်မယားက ၀င်နေကြပြီ။ အဖေ့ သံသေတ္တာလေးကို ဖွင့်ကြည့်လိုက်တော့ အဖေရေးလက်စ ဒိုင်ယာရီလေးကို တွေ့ရတယ် ။ အဖေဒိုင်ယာရီရေးတဲ့ အကျင့်မရှိတာ သိထားတော့ ဘာတွေများ ရေးခဲ့ပါလိမ့်လို့ ဖတ်ကြည့်မိတဲ့ အခါမှာတော့ ဖခင်တယောက်ရဲ့ မေတ္တာကို ကျမ သေသေချာချာ ခံစားမိလိုက် ရပါတော့တယ်။

အဖေ့ဒိုင်ယာရီထဲမှာ အဖေက ကျမကို ဖမ်းသွားတဲ့ နေ့ကစပြီး သူ့ခံစားချက်တွေကို အသေးစိတ် ရေးထားခဲ့တာပါလား။ ကျမအတွက် ထောင်ဝင်စာ နည်းမှာ အမြဲစိုးရိမ်တဲ့ အတွက် သူတနေ့ရတဲ့ ငွေထဲက နည်းနည်းချင်း ၀ယ်စုထားတဲ့ အစားအစာတွေကို သူ့ရဲ့သား ကျမအကို ယူစားတာကို မကျေနပ်တဲ့အကြောင်း စိတ်ဆိုးခဲ့ရတဲ့ အကြောင်းနဲ့ ထောင်ထဲမှာရှိနေတဲ့ ကျမက အမေ့ကို တွေ့ချင်ရှာမှာပဲလို့ တွေးပြီးရေးထားတဲ့ သူ့ခံစားမှုတွေ အများကြီးပါပဲ။ စာကြောင်းတိုင်းဟာ ကျမကို စိတ်ထိခိုက် စေခဲ့ပါတယ်။ အဖေ့မေတ္တာကိုယုံကြည်ခဲ့ပေမဲ့ အဲဒီလောက်အဖေ ခံစားရလိမ့်မယ်လို့ တွေးထင် မထားခဲ့လို့ပါပဲ။ ဒါပေမဲ့ အဖေက ကျမရဲ့ လုပ်ဆောင်ချက်တွေ၊ နိုင်ငံရေး ရပ်တည်ချက်တွေ အတွက် သူအမြဲ ဂုဏ်ယူနေကြောင်းလဲ ရေးထားပါသေးတယ်။ အဖေ့ရဲ့ တချို့သော ဈေးဝယ်ဖောက်သည် ကားဝပ်ရှော့ တွေက အဖေ့သမီး နိုင်ငံရေးမှုနဲ့ ထောင်ကျနေတာ သိလို့ ပိုပြီး အားပေးဝယ်ယူခဲ့တယ် ဆိုတာလည်း အဖေက ထည့်ရေးထား ပါသေးတယ်။ အဲဒီအခါမျိုးမှာ အဖေက သမီးအတွက် ဂုဏ်ယူကျေနပ်နေမှာပဲလို့ ကျမက မြင်ယောင်တွေးမိရင်း အဖေကြောက်ခဲ့တဲ့ အနာဂတ်ပျောက်တဲ့ သမီး ဘယ်တော့မှ မဖြစ်စေရဘူးလို့ ရင်ထဲက လေးလေးနက်နက် ဂတိပေးနေမိပါတော့တယ်။

(နိုင်ငံရေး အကျဉ်းသူဟောင်းတဦးရဲ့ ဖြစ်ရပ်မှန်ကို ခံစားရေးဖွဲ့ထားပါသည်။)


No comments: