ငယ်တုန်းက မုန့်ဖိုးတွေရေတွက်
အရွယ်ရောက်တော့
အမေ့မျက်ရည်တွေရေတွက်ခဲ့ရတဲ့ကောင်
ညီမလေးနဲ့တွေ့ချိန်
အပြုံးတွေရေခွင့်ရခဲ့။
မင်းကတယောအိမ်ဆိုရင်
ကိုယ်ကဘိုးတံ
ကိုယ်ကတယောအိမ်ဆိုရင်
မင်းက ဘိုးတံ
အလှဆုံးသံစဉ်ဖွဲ့ဖို့
တမျှော်တခေါ် စိတ်ကူးတွေများ။
မုန်တိုင်းထဲ
စံပယ်တွေ အမြဲမလန်းနိုင်ဘူး
ညီမလေးရဲ့…
ပစ်ခဲ့ရတယ် ရင်တစုံလုံး
(ကိုယ်က)
တောင်တန်းမဖြစ်နိုင်သေးတော့
လေပြည်လိုခရီးဆက်
တို့ပဲနားလည်တဲ့ဘ၀လေ
ဝါယာကြိုးတွေကို ငေးရင်း
ကြေကြေကွဲကွဲကျိန်ဆဲမိ
အင်တာနက် ခေတ်ထဲ
ခက်ဆစ်ကလိုတုန်း
အလွမ်းကို သူမပိုးနိုင်ဘူး
ဒါလည်း
ငါတို့ ကံတရားကွဲ့။
ပွဲတော်အဆုံးညပါ
နှင်းရဲ့ တခဲနက် တိတ်ဆိတ်မှုအောက်
ချစ်သူစည်းတဲ့ ခရမ်းနုပုဝါ
ရုတ်ချည်း
ဆွတ်ဆွတ်ဖြူသွားခဲ့တယ်။
Thursday, July 26, 2007
Subscribe to:
Post Comments (Atom)
No comments:
Post a Comment