Sunday, July 15, 2007

ဂျစ်တူး နှင့် အိမ်မက်များ

အိမ်မက်အိမ်မှာ ပထမဆုံးရေးတာ အမှတ်တရအနေနဲ့ အိမ်မက်တွေအကြောင်းရေးဖို့ စဉ်းစားမိတယ် ။ မျက်ဝန်းနှစ်ဖက်ပိတ်ချိန် ကိုယ့်ရဲ့ မသိစိတ်က မက်လိုက်တဲ့ အိမ်မက်တွေကိုတော့ အိပ်မောကျနေသောအိမ်မက်များ ၊ မျက်ဝန်းများဖွင့်ထားပြီး ကိုယ့်ရဲ့ သိစိတ်နဲ့ မက်လိုက်တဲ့ အိမ်မက်တွေကိုတော့ အနာဂတ်၏အိမ်မက်များ လို့ ကျွန်မဘာသာ ခွဲခြားနာမည်ပေးမိပါတယ် ။

သိပ္ပံအနေနဲ့ အိပ်မောကျနေသောအိမ်မက်များဟာ အိပ်မပျော်ခင်အချိန် လူတယောက်ရဲ့ အသိစိတ်က အမှတ်မထင် မှတ်သားလိုက်မိတဲ့ ပတ်ဝန်းကျင်မှအရာတချို့ ၊ ကိုယ်ပိုင်ဖြစ်ပေါ်ခဲ့သော ခံစားချက်တချို့ ၊ အတွေးအခေါ်တချို့.. စတာတွေပေါ်မူတည်ပြီး မက်တတ်တယ်လို့ ဆိုပါတယ် ။ အနာဂတ်၏အိမ်မက်များကတော့ လူတိုင်းအသိဖြစ်သလို လူတွေရဲ့ ဘ၀မှာ လိုချင်တဲ့တောင့်တမှုတွေနဲ့ ဖွဲ့ စည်းထားတယ်ဆိုတာ ဘယ်သိပ္ပံဘာသာမှမသုံးဘဲ ပြောနိုင်မှာပါ ။


ကျွန်မရဲ့ကလေးဘ၀တုန်းက အိမ်မက်ကို သိပ်မမှတ်မိတော့ပါဘူး ။ ဒါပေမယ့် ဖြူစင်နုနယ်တဲ့ကလေးဘ၀မှာ အိပ်မောကျနေသောအိပ်မက်များသာ မက်ခဲ့မယ်လို့ ကျွန်မအကြွင်းမဲ့ယုံကြည်တယ် ။ ထိုအချိန်က ကျွန်မရဲ့အကြောက်ဆုံးအိမ်မက်ကိုတော့ ခုထိသတိရမိပါသေးတယ်.. အိမ်သာကိုမက်မှာ သိပ်ကြောက်တတ်ခဲ့တယ် ။ ဘာလို့လဲဆိုတော့ အိမ်သာကိုမက်တိုင်း (အထူးသဖြင့် မိုးအေးတဲ့ မိုးရာသီတို့ ၊ ချမ်းအေးတဲ့ ဆောင်းရာသီတို့မှာ) အိမ်သာထဲ ရူးရူးပေါက်ချတာမက်တတ်ပါတယ် ။ အဲလိုမက်လိုက်တိုင်းလဲ နောက်ကျမှ အိမ်မက်ပါလားလို့သိပြီး လန့်နိုးတဲ့အခါတိုင်း ၊ အ၀တ်အစားတွေလဲပစ်ရတဲ့ ဒုက္ခ.. နောက်နေ့ မေမေ့မှာ စောင်တွေ လျှောပစ်ရတဲ့ ဒုက္ခ.. အဲဒီ ဒုက္ခတွေမဖြစ်ချင်ခဲ့ဘူးလေ ။ တော်ပါသေးတယ်.. အဲလိုအိမ်မက်တွေ ထိုကလေးဘ၀အရွယ်မှာပဲ ပြီးဆုံးခဲ့တယ် ။

သစ်ရွက်လေးလှုပ်တာတောင် ရီတတ်တယ်လို့ တင်စားပြောကြတဲ့ ဆယ်ကျော်သက်အရွယ်ကိုရောက်တော့ ၀တ္ထုတွေဖတ်ရင်း အိမ်မက်တော်တော်များများကို မျက်ဝန်းများဖွင့်လို့ မက်ခဲ့ပါတယ် ။ ထို အနာဂတ်၏အိမ်မက်များထဲမှာ ထပ်ခါတလဲလဲ မက်ခဲ့တာကတော့ အချစ်ဆိုသည်မှာဆိုတဲ့ အကြောင်းအရာပါပဲ ။ အဲဒီတုန်းက နှင်းဆီဖတ်လေးတွေ ခရေပွင့်တွေကို စာအုပ်ထဲအသာညှပ်လို့ ၊ အမြဲခိုးကြည့်မိခဲ့တဲ့ မျက်ခုံးထူထူ ပုဆိုးတိုတိုနဲ့ ကောင်လေးရဲ့ ၄လုံးသောနာမည်ကို အလှဆုံးလက်ရေးဝိုင်းလေးတွေနဲ့ ဒိုင်ယာရီသေးသေးလေးထဲရေးရင်း အိမ်မက်မက်ခဲ့တယ်... “ကိုကို ကျနော့်ကို ချာတိတ်လို့မခေါ်နဲ့ .. နာမည်ရှိတယ်မကြိုက်ဘူးသိရဲ့လား” ဆိုတဲ့ ဆယ့်ခြောက်နှစ်မသီချင်းကို အခါခါရွတ်လို့ ၊ မတွေ့ ရှိသေးတဲ့ ကိုကို ဆိုသူတယောက်ကို အိမ်မက်မက်ခဲ့တယ်.. ၀တ္ထုစာအုပ်တွေထဲ အချစ်အတွက် အသက်ပင်သေသေဆိုတဲ့ ကြွေနေတဲ့ကောင်လေးမျိုး တနေ့ရှိချင်လိုက်တာလို့ အိမ်မက်မက်ခဲ့တယ်.. ကဗျာမမည် ၀တ္ထုလို့လည်းမခေါ်နိုင်တဲ့ စာတိုပေစလေးတွေကို ဟိုတကြောင်း ဒီတကြောင်း ချရေးရင်း အိမ်မက်မက်ခဲ့တယ် ။ တကယ်တော့ ရင်ခုန်သံကို ဘာမှန်းမသိသေးပဲနဲ့ ရင်ခုန်သံတွေဗလဗွနဲ့ အိမ်မက်မက်ခဲ့တယ် ။

ဘ၀မှာ လူကြီးဖြစ်လို့ အလုပ်ခွင်ကိုဝင်ရောက်တဲ့အခါမှာလည်း ကျွန်မမျက်ဝန်းများကိုဖွင့်ပြီး အိမ်မက်များမက်ခဲ့တယ် ။ ဒါပေမယ့် ဒီတခါ အနာဂတ်၏အိမ်မက်များဟာ အကြောင်းအရာကွဲပြားသွားတယ် ။ ဘယ်အရွယ်မှာ ဘယ်လိုရာထူးမျိုး ၊ ဘယ်လိုငွေကြေးပိုင်ဆိုင်မှုမျိုး ၊ ဘယ်လိုအောင်မြင်မှုမျိုး.. စတာတွေကို အိမ်မက်မက်ရင်းပဲ အိမ်မက်အဖြစ်မှ အကောင်အထည်ဖော်ဖို့ သူတို့နောက် အပြေးလိုက်ခဲ့တယ် ။ ဘယ်လောက်လိုက်လိုက် သူတို့ကို မမှီနိုင်ခဲ့ပါဘူး ။

ထိုအချိန်မှာ ကျွန်မဘ၀ရဲ့ အမျှော်လင့်ဆုံးအိမ်မက်တခုကိုပေးမယ့်သူတယောက်နဲ့ ဆုံစည်းခဲ့တယ် ။ ပျော်ရွှင်ဖွယ်ကောင်းတဲ့ နှစ်ကိုယ်တူဘ၀လေးကို သူနဲ့ကျွန်မ မျက်ဝန်းများဖွင့်ပြီး ပျော်ရွှင်စွာ မက်ခဲ့ကြတယ်.. အိမ်မက်တွေ အကောင်အထည်ဖော်ဖို့ လက်မတင်အလိုလေးမှာ ကံကြမ္မာဆိုတဲ့လေမုန်တိုင်းဝင်ရောက်လို့ ၊ အားလုံးလေလွင့် ပျောက်ဆုံးသွားခဲ့တယ် ။ သူ နဲ့အတူ ပျောက်ဆုံးသွားခဲ့တဲ့ ထိုအမျှော်လင့်ဆုံးအနာဂတ်၏အိပ်မက်ကို နှမြောတသလွမ်းဆွတ်ရင်းနဲ့ပဲ ၊ ထိုအိမ်မက်တွေဟာ ကျွန်မတွက် အိမ်မက်ဆိုးတွေလို ခြောက်လှန့်တတ်လာတယ် ။ အိမ်မက်ဆိုးတွေရဲ့ ၀ဲဂရက်ကရုန်းထွက်ဖို့ အချိန်အတော်များများကို ပေးဆပ်ခဲ့ရတယ် ။

ရုန်းထွက်နိုင်စအချိန်.. အချစ်ကိုမခံစားချင်တော့ နားမလည်နိုင်တော့ပါဘူးဆိုတဲ့ ကျွန်မရဲ့ အမိုက်မဲနှလုံးသားက တစုံတယောက်ကို စွဲလန်းတတ်ခဲ့တယ် ။ စွဲလန်းခြင်းနောက်မှာ မထင်မှတ်တဲ့ အိမ်မက်တွေကို မက်တတ်ခဲ့ပြန်တယ် ။ ကျွန်မကို ကော်ပတ်ရုပ်လေးလို ချစ်စရာကောင်းတယ်လို့ ပြောခဲ့တဲ့ ထိုလူက ၊ ကျွန်မရဲ့ခံစားချက်တွေကို ကော်ပတ်ရုပ်လေးသံပတ်ပေးသလို ပေးပြီး သူစေရာ ကစေချင်ခဲ့တယ် ။ သိပ်ချစ်တာပဲဆိုတဲ့စကားကို ပြောခဲ့တဲ့ ထိုလူက ၊ သူ့ ဘ၀မှာ မရှိတဲ့အချိန်တွေကို ကျွန်မတွက် ဖဲ့မပေးနိုင်တော့လို့လား (သို့မဟုတ်) ဘယ်တုန်းကမှ မချစ်ခဲ့လို့လား မသေချာတဲ့ အကြောင်းအရာတချို့ကြောင့် မုန်းလိုက်ပါတော့ဆိုတဲ့စကားနဲ့ မုန်းခိုင်းခဲ့တယ် ။ သံပတ်ပေးချင်တိုင်းပေးလို့မရတဲ့ ကျွန်မနှလုံးသားမှာ သွေးတွေယိုစင်းနေတာ သူလျစ်လျူရှုခဲ့တယ် ။ အဖြေမရှိတဲ့ပုစ္ဆာတွေ ကျွန်မမုန်းတတ်မှန်းသိရက်နဲ့ ၊ မေးခွန်းတွေနဲ့ ကျွန်မကိုထားရစ်ခဲ့တယ် ။ နာရီလက်တံတွေ စောင့်ရတာ သိပ်မုန်းတတ်တဲ့ကျွန်မကို သိရက်နဲ့ အမြဲစောင့်ခိုင်းထားခဲ့တယ် ။ သူ့ ကိုမမုန်းနိုင်တဲ့ နာကျည်းချက်တွေနဲ့ပဲ ကျွန်မကတော့ ထိုစွဲလန်းမှုအပြင်းစားနဲ့ ပူလောင်တဲ့ထိုအိမ်မက်ဆိုးတွေ ခွာချဖို့ အချိန်တွေ ထပ်ပေးဆပ်ခဲ့ရတယ် ။

ခုတလော အိပ်မောကျတဲ့အိမ်မက်တွေ မက်လေ့ရှိတယ်... အိမ်မက်ထဲမှာ သူနဲ့တွေ့ တယ်.. ကျွန်မတို့ သစ်လုံးအိမ်လေးရှေ့ ဒန်းစီးကြတယ်တဲ့ ။ ကျွန်မစာမေးပွဲဖြေဖို့ အမြဲနောက်ကျနေတယ်တဲ့... စာမေးပွဲနေ့ဆို နာရီပျက်တာနဲ့.. အိပ်ရာမထနိုင်တာတို့ ၊ စာမေးပွဲနေ့ကို မေ့တာတို့ ၊ စာမေးပွဲခန်းထဲ ၃၀မိနစ်ကျန်မှ ရောက်တာတို့ မက်လေ့ရှိတယ် (တော်သေးတာပေါ့ ။ စာမေးပွဲဆိုတာကြီးက ၀တ်ကျွတ်တဲ့အချိန်မှ ဒါမျိုးတွေ မက်လို့) ။ ဟိုးအမြင့်ဆုံးတိုက်ပေါ်က ပြုတ်ကျတာလဲ မက်တတ်တယ်... free fall မှာ kinetic energy တွေပါတယ်လို့ သင်ခဲ့ရတယ်.. ကျွန်မအိမ်မက်ထဲက free fall ကတော့ kinetic energy ဘယ်လောက်ပါတယ်မသိ.. ရင်ထဲမှာ ဟာတာတာနဲ့ အောက်ဆုံးကို ပြုတ်ကျခါနီး လန့်နိုးတော့ ဇောချွေးတွေပြန်လို့ ၊ အသက်ရှင်နေသေးတာကို ကျေးဇူးတင်မိတဲ့အထိပဲ ။ မြွေကိုမြင်ရင် လာဘ်ကောင်းတယ်လို့ ပြောကြတယ်... မက်လိုက်တဲ့မြွေတွေ.. စပါးကြီးမြွေရစ်ပတ်တာလဲ ခံရဘူးတယ်.. မြွေတွေတခန်းလုံးပြည့်နေလို့ ခြေချစရာမရှိတာမျိုးလည်း ပါသေးတယ်.. အသဲတွေအေးစက်လို့ သိပ်ကြောက်စရာ မြွေအိမ်မက်တွေမှ နိုးထပြီးတိုင်း ၊ ထီထိုးပါတယ်.. တခါမှမပေါက်ပါ ။ ခုတော့ မျက်ဝန်းများဖွင့်လို အနာဂတ်၏အိမ်မက်တွေ ကျွန်မမက်ဖို့ ၀န်လေးလာပြီ ။ မနက်ဖြန်ဆိုတဲ့ မနက်ဖြန်ပေါင်းများစွာ ဘယ်လောက်ထိ နေရဦးမလဲ မသေချာဘူးလေ ။ ဒီတော့ ဒီညတွက်လည်း ဘယ်လိုအိပ်မက်မျိုးမက်ဦးမလဲလို့ စဉ်းစားရင်းနဲ့ပဲ.... အိပ်တော့မယ်ရှင် ။

No comments: