Wednesday, July 18, 2007

အာဇာနည် နဲ့ R-ဇာနည် ဆိုးပေ

ကနေ့တော့ ကျဆုံးသွားတဲ့ အာဇာနည်တွေ အကြောင်းတွေးပြီး အာဇာနည်နေ့သီချင်းကို ခပ်တိုးတိုးညည်းနေမိတုန်း ...
“ဖိုးဖိုး ... ဘာတွေ ချိုနေတာလဲ”
မြေးကလေး ဆိုးပေ က ဆော့နေရာ က အနားလာပြီး မေးတယ် ...
“အာဇာနည်သီချင်းဆိုနေတာပေါ့ သားရယ် ... ”
သူက မျက်မှောင်ကုတ်ပြီး ...
”အဲဒါ ကြားဖူးပါဘူး ... ဟုတ်လည်း ဟုတ်ပဲနဲ့ ဖိုးဖိုးကလဲ ....”
“ ဟေ ... ဘာလို့လဲ သားရဲ့ ... သားက သိလို့လား ?
“တိတာပေါ့ ... ဖိုးဖိုးမတိရင် သားချိုပြမယ် ... နားထောင် ..”
“အံမယ် တယ်ဟုတ်ပါလား ...
အေး..အေး ... လုပ်ပါဦးကွာ ... ”

ဆိုးပေ က ခေါင်းကို နောက်လှန်ပြီး အားရပါးရ နဲ့... အာခေါင်ခြစ်ပြီး ဟစ်ရော ...
““ ကမ္ဘာမြေတစ်ခွင်ကို မင်းချံနွယ်တွေ လွှမ်းခြုံထားမှာ လားကွယ် ... တိမ်တွေ ဂျီမှာ ရွှေ .... ““

“အမ် ... ဟကောင် ... မင်းက အာဇာနည်သီချင်းဆိုမယ်ဆိုပြီး ဘာတုန်းကွ ...“
“ဟုတ်တယ်လေ ... ဖိုးဖိုးရ ... အဲဒါ R-ဇာနည် တချင်းပေါ့ ... ဒီမှာ အခွေကြည့်ပါလား ...”
ဆိုပြီးသွားယူပြတယ် ...

အင်း... ကောင်းရော ... ခေတ်ကာလ သားသမီးတွေများ ...
ဒါနဲ့ ... အာဇာနည်တွေ အကြောင်းကို သူနားလည်အောင် ပြောပြတော့ ...
ပါးစပ်အဟောင်းသားနဲ့ နားထောင်နေတယ် ...
ပြီးတော့ မေးခွန်းတွေ ထုတ် ... ထင်ရာတွေတုတ်ရောပေါ့ ... ကလေးဆိုတော့ ဒီလိုပဲ ....
“ဗိုလ်ချုပ်အောင်ဆန်းက တူရဲကောင်းကြီးပေါ့နော် ... ဒါချို ဘာလို့ အချောကြီး တေတွားရတာလဲ ...
ပါဝါရိန်းဂျားတို့ စပိုင်ဒါမန်းတို့ဆို ဘယ်တူ တက်တက် မတေဘူးဂျ ... ဖိုးဖိုး ..ဗိုလ်ချုပ်ကလည်း ဟုတ်တေးပါဘူးဂျာ ...
ပြီးတော့ ဖိုးဖိုးရဲ့ ဗိုလ်ချုပ်ကလည်း တူရဲကောင်းတာ ချိုတယ် .. တီဘီထဲလည်း ပါဘူး .. တတင်းဂျာထဲလည်း ပါဘူး ... ကျောင်းမှာလည်း တင်ရပါဘူး ... ဖိုးဖိုးက ပုံကြောနေတာလားဂျ ...

အင်း ...ခက်ပြီ ... အဲဒါမှ ... သူနဲ့ နီးစပ်ရာက စပြောမှ ဖြစ်တော့မယ် ...
“ ကဲ ... သား ... အောင်ဆန်းစုကြည် ကိုရော သိလား ? ”
ဒီကောင် မျက်လုံးလေး ကလယ်ကလယ်နဲ့ လုပ်ပြီး
“ အောင်ဆန်းစုကြည် !!! နာမည်လေးလုံး ဆိုတော့ မော်ဒယ် အတစ်လား ...ဖိုးဖိုး ... ဘယ်ကြော်ငြာမှာ ပါလဲ ? “
“ ဘာကွ !!! ” သောက်တလွဲ ရမ်းတုတ်ပုံက နရင်း နင်း အုပ်ချင်စရာကောင်းလိုက်တာ ..

ဒေါသက ငယ်ထိပ်ရောက်သွားတာနဲ့ ၀ုန်းကနဲ့ ထလိုက်ပြီး ...
“ဟဲ့ .. မိစွေ ... လာစမ်းပါဦး ... မြန်မြန်...
နောက်ဖေးမှာ ချက်ပြုတ်နေတဲ့ သမီးအငယ်မ က ပြေးထွက်လာတယ် ...
“ဘာဖြစ်ပြန်ပြီလဲ အဖေ ... အဖေတို့ မြေးအဖိုးကလည်း ခက်ပါတယ် ... ”
“ဘာဖြစ်ရမလဲ .. နင့်သားကို နင်တို့ မဆုံးမဘူးလား .. မသင်ပြဘူးလား ဟင် ... မိမဆုံးမ ဖ မဆုံးမလေး ..”
ဆိုပြီး အကြောင်းစုံ ပြောပြတော့ မယ်မင်းကြီးမ မိစွေ က သက်ပြင်းကို ချပြီး ...
“အဖေကလည်းလေ ... အသက်လည်း ကြီးပြီ .. ဒါတွေ ပြောနေလို့ ထမင်းဝမှာ မဟုတ်ဘူး ... အဖေ့သမက် ကိုနွေကလည်း ပြုတ်စော်နံနေပါတယ်ဆိုမှ ... တော်ကြာ အားလုံး ထမင်းငတ်ကုန်မယ် .. ကိုယ့်ထမင်း ကိုယ်စားပြီး အေးအေးသက်သာ နေပါ အဖေရယ် ... ” တဲ့ ... ပြောပြီး လှည့်ထွက်သွားပါရော ...
ဆိုးပေ ကတော့ မအူမလည် နဲ့ ပြုံးစိစိ ကြည့်နေတော့တာပေါ့ ....

ဩော် ... ဒါတွေ ပြောရင် ထမင်းငတ်မယ်တဲ့လား ... ထမင်းငတ်တာထက် သမိုင်းငတ်တာ ... စိတ်ဓာတ်တွေ ငတ်တာ ... အနာဂတ်တွေ ငတ်မှာကိုတော့ မစဉ်းစားကြတော့ဘူးလား ...
သားသမီးအပေါ် မှီခိုနေရတဲ့ မီးစာကုန် ဆီခမ်းအရွယ် တစ်ယောက်ဆိုတော့လည်း အာဏာတွေ ပါးလျားလို့ ပြန်ပြောဖို့ အားမရှိတော့ပါဘူးကွယ် ... ကိုယ်နဲ့ သက်တူရွယ်တူ ဟိုကောင်ကြီးတွေကတော့ ပြည်သူကို ခွစီးပြီး အာဏာတွေ ကြီးထွားနေလိုက်ကြတာ ... တရားကို စောင့်တဲ့ နတ် ဆိုတာက ဘယ်အလေလိုက်နေလဲကွာ ... လို့ စိတ်ကိုလျှော့လို့ ထိုင်လိုက်တုန်းမှာ ပဲ ..

နောက်ဖေးက မိစွေ ကလှမ်းအော်တယ် ...
“ဟဲ့ ..ဆိုးပေ ... လမ်းထိပ်က ဒေါ်ပုဆီသွားပြီး (၂) ပတ်ထားတာ ရလားသွားမေးစမ်း ... ၂၀၀ ဖိုးစီနော် .. စလောင်းမဖွင့်ခင် လာပေးမယ်လို့ ပြောလိုက် ”
R-ဇာနည်သီချင်းခွေ ကြည့်နေတဲ့ ဆိုးပေကလည်း R-ဇာနည် အသံနဲ့ ပြန်အော်တယ် ...
“ဟုတ် .. မေမေ ... ၁၉ ကိုပါ ဗျောက် ထိုးလိုက်မယ် ... ဖိုးဖိုးက ခုန ဂျူလိုင် ၁၉ လို့ ပြောတယ်ဂျ ”
သူ့အမေကလည်း မနေဘူး ...
“အေး .. ဟုတ်သားပဲ ... ထိုးခဲ့ ..ထိုးခဲ .. ၂၀၀ ဖိုးပဲ ”
သူ့သားကလည်း မခေဘူး ...
“တေချာအောင် ... ၁၉ ကို လှန်ပြီး ၉၁ ပါ ထိုးခဲ့လိုက်မယ်ဂျာ“ ...

ကောင်းလေစွ ... လိုက်လည်း လိုက်တဲ့ သားအမိပါလား ... ဒါမျိုးကျ ရတယ် .. စာမေးတော့ မရဘူး ဆိုတဲ့ ဟာတွေပဲ ...
ခေတ်ကာလ သားသမီးတွေ ခက်ပေမပေါ့ ..ခေတ်ကာလ မိဘတွေကိုက ခက်နေကြတာကိုး ...
“ ဖိုးဖိုး ပေးတဲ့ ဂဏန်း ၁၉ ပေါက်ရင် ဖိုးဖိုးကိုလည်း ရှယ်ရာ ပေးမယ်ဂျာ “
ဆိုပြီး အနှီ ခေတ်ကာလ မိမဆုံးမ ဖ မဆုံးမ သားလေး ဆိုးပေတစ်ယောက် အိမ်အောက် ကို ခုန်ဆင်းရင်း အော်သွားပုံက ...
“R-ဇာနည် ဆိုးပေကွ” .... တဲ့ ...

3 comments:

Anonymous said...

ဆိုးပေရေ ...

အင်းဘာလိုလိုနဲ့ မင်းလည်း မုကြိုမရောက်ခင် ဘိုးတော်ပေါက်စ ဖြစ်နေဦးမယ် ။

ဂဏန်းထူးရင်လက်တို့ကွာ ...။

အဲဒီကိစ္စက အန္တရာယ် ကင်းတယ်ကွ ...။

မင်းတို့သာ အန္တရာယ်များတာ ...။

အာဇာနည်နေ့ မေ့နေရင် .... ဖဲဝိုင်းကို ရဲမ၀ိုင်းဘူးကွ ... ။

ဒါပဲကွာတော်ကြာငါ့ကိုပါ အမှုပါတ်နေဦးမယ် ။

Anonymous said...

ခေတ်ကာလသားသမီးတွေ ၊ မိဘတွေခက်ဆို…. ခေတ်ကာလကြီးကိုကခက်နေတာကိုး....စိတ်လျှော့လိုက်ပါ ဆိုးပေအဖိုးရယ်…. အပြောမတော် တခွန်းဆိုတဲ့ ဝေါဟာရ အသစ်ပေါ်နေတယ်လေ…သိဘူးလား….။ အင်း…စိတ်ထဲရှိတာရေးချလိုက်ရရင်တော့ အောက်က ဓါတ်ပုံထဲက ၃ ယောက်က ချောင်းရိုက်မှာကြောက်လို့  ရေးတော့ပါဘူး….ပြန်တော့မယ်….

Anonymous said...

ဆိုးပေ.. ဒါလေးဖတ်ပြီး ပြုံးသွားတယ် ။ လေးနက်တဲ့အကြောင်းအရာကို ဖတ်ချင်စဖွယ်ဖြစ်အောင် ဟာသလေးရောပြီး ရေးတတ်တာ လေးစားတယ် ။