အခန်း ( ၁ )
ချမ်းစိမ့်စိမ့် လေပြေနဲ့အတူ အလင်းရောင် ရောက်မလာသေးခင် အမှောင်ကျန်နေဆဲ နံက်ခင်းတစ်ခုမှာ ဥသြတွန်သံကို ကျွန်တော်ကြားရတယ်။ တမာပွင့် ရနံ့တွေကတော့ ပါမလာခဲ့ဘူး။
နွေရာသီနဲ့ မတူတဲ့ နွေရာသီမှာ ဥသြတွန်သံတစ်ခုထဲကိုဘဲ ကျွန်တော်ကြားနေရပါတယ်။တမာပင်တွေ ၊ ထနောင်းပင်တွေ မရှိတဲ့နေရာမှာ ဥသြတွန်သံကတော့ ကျွန်တော့်အတွက် နွေဦးရာသီတစ်ခုကို အမှတ်တရဖြစ်စေဖို့ တစ်ခုတည်းသော အမှတ်တရတစ်ခုပါ။
ကျွန်တော်ကနေ ကျွန်တော်ရဲ့ အိမ်လို့ သတ်မှတ်ထားတဲ့ ကျွန်တော်နေထိုင်တဲ့ အခန်းကျဉ်းလေးရဲ့ ပြတင်းပေါက်ကတဆင့် အပြင်ကို ကြည့်လိုက်တော့ အမှောင်ထဲက လမ်းမပေါ်မှာ ကြွေကျနေတဲ့ သစ်ရွက်ခြောက်တွေကို တွေ့ရတယ်။
သစ်ရွက်ကြွေတွေဟာ လမ်းမပေါ်မှာ ကြွေကျနေတာတောင် ကျွန်တော့်အတွက် ကဗျာတစ်ပုဒ်ဖန်ဆင်းပေးနေသလို ကဗျာဆန်ဆန်နဲ့ လှပနေကြသေးတယ်။လောကကြီးကို တဖက်တလမ်းကနေ အလှဆင်ပေးနေကြတယ် လို့ဘဲ ကျွန်တော်မြင်မိပါတယ်။ဒီနေ့တစ်နေ့လုံး အဲဒီ သစ်ရွက်ခြောက်တွေကြွေနေတဲ့ လမ်းကလေးဘေးက မလေးရှားပိတောက် ပင်ကြီး အောက်မှာ ကျွန်တော်သွားထိုင်နေလိုက်မယ်။
ပြီးရင် .....
တစ်ခါတုန်းက သစ်ရွက်ကြွေတွေနဲ့ လှပတဲ့ လမ်းကလေးကို သတိရနေလိုက်မယ်။ တခါတုန်းက သစ်ရွက်ကြွေတွေနဲ့ လမ်းကလေးကတော့ လမ်းဘေးနှစ်ဘက်မှာ တမာပင်တွေ အတန်းလိုက် စီစီရီရီ ပေါက်နေကြတယ်။အပင်တွေရဲ့ အလယ်က လမ်းကလေးပေါ်မှာတော့ အညိုရောင် သစ်ရွက်ကြွေတွေဟာ လမ်းကလေးရဲ့ မျက်စိတဆုံး ကြွေကျနေတယ်။
အဲဒီအချိန်တွေရောက်တိုင်း ကျွန်တော့်ရဲ့ ကျောင်းအားလပ်တဲ့ ရက်တွေမှာ သစ်ရွက်ခြောက်တွေ ကြွေနေတဲ့ လမ်းဘေးက ရှားရှားပါးပါး အရိပ်အနည်းငယ် ပေးနိုင်တဲ့ တမာပင်အောက်မှာ ထိုင်ပြီး အဲဒီလမ်းကလေးကို ငေးကြည့်နေမိတယ်။
နောက်ပြီး ဒီအချိန်ရာသီရောက်တိုင်း ကျွန်တော်စွဲစွဲမြဲမြဲ သီဆိုတတ်တဲ့ ဆရာစိုင်းခမ်းလိတ် ရဲ့ " နွေရာသီ၊ အညာနွေ " ဆိုတဲ့ သီချင်းကို တိုးတိုးလေး ညဉ်းဆိုမိတယ်။ နွေဦးရာသီအောက်က အဲဒီလမ်းကလေးရဲ့ အလှဟာ ကျွန်တော့်မျက်လုံးတွေထဲက ဒီနေ့ထက်ထိ ပျောက်ကွယ်မသွားသေး သလို ..... လမ်းကလေးကို ကျွန်တော် မရောက်ဖြစ်ခဲ့တာလည်း တစ်ဆယ့်သုံနှစ်ကျော် ကြာခဲ့ပါပြီ။
အဲဒီအချိန် ၊ အရွယ်တုန်းက " ဘ၀ဆိုတာ ဘာမှ မတည်မြဲပါဘူးဟာ ... " လို့ ကြီးကြီး ကျယ်ကျယ် စကားတွေ အမြဲတမ်းပြောတတ်တဲ့ ကျွန်တော့်ရဲ့ သူငယ်ချင်းချစ်သူ ကောင်မလေးရော ... " သစ်ရွက်ခြောက်တွေ ကြွေနေတဲ့ လမ်းကလေးပေါ်ကို ရောက်လာဖြစ်သေးသလား " လို့ ကျွန်တော်မေးစပ်းကြည့်ချင်နေတယ် ။
အကယ်၍ ရောက်လာခဲ့ရင်ရော .... ၊ တခါတုန်းက နွေဦးရက်တွေကို သတိရနေမလား ။ ဒါမှမဟုတ် သူမရဲ့ ဘ၀အဖော် တစ်ယောက်ယောက်နဲ့များ ဒီလမ်းကလေးပေါ်ကို ရောက်လာမလား လို့လည်း ကျွန်တော်တွေးတောမိပြန်တယ် ။ အခု အချိန်မှာတော့ တခါတုန်းက သူမပြောခဲ့တဲ့ " ဘ၀ဆိုတာ ဘာမှ မတည်မြဲပါဘူး ဟာ ... " ဆိုတဲ့ စကားလေးကိုဘဲ ကျွန်တော် ပြန်လည်ကြားယောင် နေမိတယ် ။
မတည်မြဲတဲ့ ဟောဒီဘ၀မှာ ကျွန်တော်လျှောက်ခဲ့တဲ့ သစ်ရွက်ကြွေတွေနဲ့ လမ်းကလေးရော တည်မြဲနေပါဦးမလား ။ လမ်းကလေးပေါ်မှာ နွေဦးရာသီရဲ့ သရုပ်သဏ္ဍန်ကို ပီပြင်အောင် ဖေါ်ကျူးနေတဲ့ ဥသြငှက်တွေရော ဒီအချိန်ရာသီရဲ့ သဘာဝဆန်ဆန် ပန်းချီကားတချပ်ကို ဖေါ်ကျူးနေကြဦးမလားလို့ ကျွန်တော် သတိတရ လွမ်းဆွတ်မိပြန်တယ် ။
အခန်း ( ၂ )
ဒီနေ့တနင်္ဂနွေနေ့ရဲ့ နံက်ခင်းဟာ တခါတုန်းက ကျွန်တော်လျှောက်ခဲ့ဘူးတဲ့ သစ်ရွက်ကြွေတွေနဲ့ လမ်းကလေးလို တိတ်ဆိတ်ခြင်းတွေနဲ့ ပွေ့ဖက်နေပြန်တယ်။ လူသွားလူလာ လုံးဝမရှိတဲ့ လမ်းကလေးဟာ ဒီလိုတနင်္ဂနွေရဲ့ နံက်ခင်းမှာ ခြောက်သွေ့ တိတ်ဆိတ်မှုတွေနဲ့ဘဲ လှပလို့နေပြန်ပါတယ် ။
ကဗျာဆရာ ကြည်မောင်သန်း ရဲ့ " အရှိန်ပြင်းပြင်း ကားတစ်စင်းပေါ်က တနင်္ဂနွေ " ဆိုတဲ့ကဗျာကို ကျွန်တော်ဖတ်ခဲ့ဘူးတယ်။ တနင်္ဂနွေနေ့ဟာ တိတ်ဆိတ်သွေ့ခြောက်မှုတွေ ထဲမှာဘဲ ဘာကြောင့်များ အထီးကျန်မှုတွေနဲ့အတူ လှပနေတယ်ဆိုတာ ကျွန်တော် မတွေးမိဘူး။ နောက်ပြီး ဘယ်အချိန် ၊ ဘယ်ကာလ ၊ ဘယ်သူတွေ က စပြီးတော့ တနင်္ဂနွေ ဆိုတာကို အားလပ်ရက် အဖြစ် သတ်မှတ်ခဲ့ကြတယ် ဆိုတာ ကျွန်တော်မသိဘူး ။
ဘာဘဲဖြစ်ဖြစ် ကျွန်တော်ကတော့ တနင်္ဂနွေနေ့ကို ချစ်တယ် ။
ဟောဒီ လောကကြီးထဲကို ကျွန်တော် စတင်ရာက်လာတာဟာလည်း တနင်္ဂနွေနေ့မှာ ပါဘဲ။ မြန်မာဘုရင်တွေရဲ့ နောက်ဆုံးနန်းတော် အတွင်းမှာ ကျွန်တော်ရဲ့ အမေက မွေးဖွားပေးခဲ့တယ်။ ငယ်ငယ်တုန်းကတော့ ညီအစ်ကို မောင်နှမတွေများတဲ့ ကျွန်တော်တို့အိမ်မှာ တနင်္ဂနွေနေ့ ဆိုရင် ကျွန်တော်ရဲ့ အဖေက ကျွန်တော်တစ်ယောက်ထဲ ကိုဘဲ ခေါ်ပြီး သားအဖနှစ်ယောက် ရုပ်ရှင်သွားကြည့်ကြတယ် ။ နောက်ပြီးရင် အင်းဝ အအေးဆိုင်မှာ အအေးသောက် ကြတယ်။ ကျွန်တော် အဖေနဲ့ ကျွန်တော်နဲ့ ကြည့်ခဲ့ရတဲ့ ရုပ်ရှင်ကားတွေထဲမှာ " ဆဲဗင်းနိုက် အန် ဂျပန် " ဆိုတဲ့ ဇာတ်လမ်းလေးကို ကျွန်တော် ဒီနေ့ထက်ထိ သတိတရ ရှိနေဆဲပါ။
ကျွန်တော့်ရဲ့ သူငယ်ချင်းချစ်သူ ကောင်မလေး ကလည်း အဲဒီဇာတ်ကားလေးကို သူကြိုက်တဲ့အကြောင်း ပြောပြဖူးတယ်။ တနင်္ဂနွေနေ့ မှာဘဲ မွေးရပ်မြေကိုလည်း ကျွန်တော် စွန့်ခွာခဲ့ရတယ်။ ယုံကြည်မှုတွေ တပွေ့တပိုက်နဲ့ ရှေ့ဆက်ရမယ့် ခရီးအတွက် ၀မ်းနည်းစွာနဲ့ စွန့်ခွါခဲ့ရတဲ့ မွေးရပ်မြေမှာ ကျွန်တော်ချစ်တဲ့ သစ်ရွက်ကြွေတွေနဲ့ လမ်းကလေးနဲ့အတူ ကျွန်တော်ရဲ့ သူငယ်ချင်းချစ်သူ ကောင်မလေးကိုလည်း ထားရစ်ပြစ်ခဲ့မိတယ်။
ထားရစ်ပြစ်ခဲ့ မိတယ်လို့ ပြောမိပေမယ့် တကယ်တော့ သူတို့ကဘဲ ကျွန်တော့်ကို မွေးရပ်မြေကနေ ထွက်ခွါအောင် လုပ်ခဲ့ကြတာပါ။ ကျွန်တော့် သူငယ်ချင်း ချစ်သူကောင်မလေးရဲ့ မိသားစု အသိုင်းအ၀ိုင်းတွေက တိုက်တေနီယံ တံတိုင်းအထပ်ထပ်နဲ့ ကျွန်တော်တို့ နှစ်ဦးရဲ့ ဆက်ဆံရေးတွေကို ကာရံထားချင်ကြတယ်။ တကယ်ဆို ကျွန်တော်တို့ နှစ်ဦးကလည်း ချစ်သူရည်းစားတွေ မဟုတ်ကြပါဘူး။ အတူသွား အတူလာ သူငယ်ချင်း အဆင့်ကနေ ကျော်ချင်ချင်ဖြစ်နေတဲ့ သူငယ်ချင်းချစ်သူတွေပါ။ ဒီနေ့ထက်ထိ သူမရဲ့ မွေးရာပါ ခွေလိပ်ဝေ့၀ဲနေတဲ့ ဆံနွယ်ပျော့ပျော့လေးတွေကို တခါမှ မနမ်းခဲ့ဘူးသလို ..... သူမရဲ့ ကဗျာအမြဲတမ်းရေးတတ်တဲ့ လက်ဖ၀ါး သွယ်နုနုလေးကိုလည်း မိမိရရဆုပ်ကိုင်ပြီး တခါမှ လမ်းမလျှောက်ဖူးပါဘူး။
ရင်ထဲကိုယ်စီ ပေါက်ဖွားခါစ ချစ်ရည်ဖျန်းထားတဲ့ ပန်းဥယျာဉ်ကြီး တစ်ခုကို ပိုးသတ်ဆေ နဲ့ အဖျန်းခံခဲ့ရသလို ၊ ကျွန်တော်တို့ရဲ့ ပွင့်လုဆဲဆဲအချစ်ဖူးတွေဟာလည်း ရင်ထဲကိုယ်စီမှာဘဲ နားလည်စွာနဲ့ သိမ်းဆည်းထားခဲ့ကြရပါတယ်။
တခါတလေတော့လည်း .... ကျွန်တော်တို့ နှစ်ဦးရဲ့ကြားက တိုက်တေနီယံ တံတိုင်းအထပ်ထပ်ကို အတားအဆီးတွေ ကြားကနေဘဲ ကျော်ဖြတ်ပြစ်လိုက်ချင်တယ်။ ပြီးရင် ဟိုး ... ၀န်ရိုးစွန်းဖက်မှာ ရေခဲကို အိမ်ဆောက် ၊ ရေခဲရေအတူတူဝောက်ပြီး အေးမြတဲ့ဘ၀တစ်ခုကို ထူထောင်ပြစ်လိုက်မယ်လို့ စိတ်ကူးမိပြန်တယ်။
အခန်း ( ၃ )
ကျွန်တော့်ရဲ့ အိမ်လို့သတ်မှတ်ထားတဲ့ အခန်းကျဉ်းကလေးရဲ့ ပြတင်းပေါက်ကတဆင့် သစ်ရွက်တွေကြွေနေတဲ့ လမ်းကလေးကိုကြည့်လိုက်တော့ ဖိလစ်ပိုင်အမျိုးသမီးတစ်စု ဘုရားကျောင်းသွားတာကို တွေ့ရတယ်။ ဒီနိုင်ငံမှာ လာပြီးအလုပ်လုပ်ကိုင်နေတဲ့ ဖိလစ်ပိုင်အမျိုးသမီးတွေဟာ တနင်္ဂနွေနေ့ရဲ့ နံက်ခင်းတိုင်းမှာ ခရစ်ယာန်ဘုရားကျောင်းကို သွားကြတယ်။ မြန်မာပြည်မှာ ဆိုရင်တော့ မဟာမြတ်မုနိဘုရားမှာ မျက်နှသစ်တော်ရေ ဆက်ကပ်ပူဇော်နေတဲ့ အချိန်မျိုးပေါ့။
မြန်မာပြည်ကို ပြန်ရောက်ရင် တစ်ဆယ့်သုံးနှစ်ကျော်အတွင်းမှာ အရမ်းကို ပြောင်းလည်းသွားတဲ့ မွေးရပ်မြေကို တွေ့ရလိမ့်မယ်လို့ ကျွန်တော့်အမေရေးလိုက်တဲ့ စာထဲမှာ ပြောထားတယ်။ ကျွန်တော် သိချင်တာက ပြောင်းလဲသွားတာတွေအထဲမှာ ကျွန်တော့်ရဲ့ သူငယ်ချင်းချစ်သူ ကောင်မလေးရော ပါသွားမှာလား .... ။ အဆင်ပြေတဲ့ တနေ့မှာ နွေရာသီကို ရေခဲစိမ် ရှန်ပိန်တစ်ခွက်လို မော့သောက်ပြစ်လိုက်မယ်လို့ ကျွန်တော် အတေးထားလိုက်မိပါတယ်။
နွေရာသီနဲ့ မတူတဲ့ နွေရာသီဟာ အမှောင်ထဲမှာ ငုတ်တုတ်ထိုင်နေဆဲ .....။ ရေခဲစိမ် ရှန်ပိန်အရက်တစ်ခွက် ဘယ်တော့သောက်ရမလဲ ဆိုတာ ကျွန်တော် မသိဘူး ။ ဒီနွေရာသီမှာ ကျွန်တော်ကြားနေရတာက ဥသြတွန်သံ တစ်ခုတည်းရယ်ပါ ။
Thursday, August 9, 2007
Subscribe to:
Post Comments (Atom)
No comments:
Post a Comment