Friday, August 17, 2007

ကျွန်ုပ်နှင့် အပြာရောင် ရည်းစားစာ

ပျင်းပျင်းရှိရဲ့ ဆိုပြီး အကျွန်ုပ် ကိုရင်သြတစ်ယောက် အွန်လိုင်း နေကုန်ဖွင့်ပြီး လေကန်နေရာမှ သတင်းထူး တစ်ပုဒ် ကြားသိလိုက်ရပေသည်။ တားမရတဲ့ ထွားမမတစ်ယောက် အချစ်တော်ရှာလို့ဆိုဘဲ ။ ကျွန်ုပ်၏ တစ်သက်နှင့်တစ်ကိုယ် ထိုသို့ ဇာတ်ဝင်ခန်းများ တခါဘူးမျှ မကြုံဘူးလေတော့ အလွန်အမင်း အံ့သြခြင်းများ ဖြစ်ရပြန်ပေတယ် ။ လွန်စွာမှ ဆန်းပြားလှတဲ့ ကျွန်ုပ်လိုက်မမှီ နိုင်သေးတဲ့ ဂလိုဘယ်လိုက်ဇေးရှင်းခေတ် ရဲ့ နောက်ဆုံးပေါ် ဇာတ်လမ်းလေးက ဒီလိုဗျ ။

ဟဲဟဲ .... ထုံးစံအတိုင်းဘဲ ... သဘောပေါက်ရဲ့နော် ။ သိချင်တယ်ဆိုမှဖြင့် ဖြန့်ချလိုက်ပေဦးဗျာ ... ။


တရံရောအခါက လွန်စွာမှ စပ်စပ်စုစုနိုင်လေသော မိမိစွေ တစ်ယောက် အိမ်တကာလှည့်လို့ လေကန်နေရင်းက ယောင်းမတော် မိညိုအိမ် အရောက် အဘယ်သို့ ဖြစ်ရသည်မသိ ၊ လွန်စွာမှ ဒေါသဖြစ်လေဟန်နဲ့ " တောက် " တစ်ချက်ခတ်ရင်း ကြုံးဝါးလိုက်ပုံက

" ဘယ်ယောင်ခြောက်ဆယ် ၊ အလေနတောက ငါ့ယောင်းမကို မေတ္တာရှိလို့ ချစ်ရပါစေ ဆိုပြီး ၊ အိမ်ဝမှာ စာချခဲ့တာတုန်း ... ဟဲ့"

ပါတ်ဝန်ကျင်ဗျ ... ။ ပါတ်ဝန်းကျင် ... ။ ထစ်ဆို ထူးဆန်းတာနဲ့ သူထက်ငါ အပြေးအလွှား အတွေးများ စကားရစေဖို့ အားပေးလိုက်ကြတာ ... မိညိုအိမ်ရှေ့ ခဏလေးနဲ့ လူပြည့်သွားလေရဲ့ ။ ဟုတ်လည်း ဟုတ်ပါရဲ့ မိမိစွေတစ်ယောက် ဒေါသထွက်လောက်ရဲ့ ဒင်း .... ရည်းစားစာက အွန်လိုင်းဒိတ်တင်အင်ဗိုက် ထက်တောင်ပြည့်စုံနေရဲ့ ။ ဒေါသက မိမိစွေမှ မဟုတ်တော့ အားလုံးကို ကူးစက်စပြုနေချေပြီ ။

" ဟေ့ နေကြပါဦးကွ ... ။ ဒေါသတွေသိပ်မကြီး ကြပါနဲ့ ငါပြောပါရစေဦး .... မင်းတို့ဒီအတိုင်းနေလို့ မဖြစ်ဘူးကွ ... တစ်ခုခု လုပ်ကြဦး "

ဒီမှာဘဲ လူတစ်ယောက်က ဦးစံရှား သွားဖိတ်လိုက်ဗျာတဲ့ ။ အင်းဆိုတော့ မဆိုးလှ အားလုံးကလည်း သဘောတူကြတယ် ။

" ဖြစ်သင့်တယ်ဗျ ။ ဒီကိစ္စက လွှတ်ထားလို့ မရဘူး ။ "

" ကဲ ဖြစ်သင့်ရင် မင်းသွားချေ ။ ဦးစံရှား ကို တစ်ခါတည်း အမှုအမြန်ဆုံးပေါ်အောင် အပ်လိုက် ....။ ဘယ့်နှယ်ကွာ ရေးထားတာက သူ့ကိုသူ အန်မာနမ် ရပ် သီချင်းဆိုတာ ကြနေတာဘဲ ။ "

ပြောမိသူသကောင့်သား စုံထောက်ကြီးကို သွားဖိတ်လိုက်ရတော့တယ် ။ ဒီလိုနဲ့ စုံထောက်ကြီး ဦးစံရှားနဲ့ တွေ့လေတော့ ....

စံ ။ ။ အခုလာတဲ့ သူငယ်က ဘစ်ကားကို ခေါင်းခန်းကစီးပြီး လိုက်လာတယ်ထင်ပါ့ ။ အင်္ကျီတွေလည်း မတွန့်ကြေဘူး ။ သို့သော်လည်း ကားကြီးက ပြုပြင်ထားတာ မကြာသေး ဘူး ။ မင့် ပုဆိုးနောက်ဘက်က ဆီစွန်းနေတဲ့ အကွက်က ငါ့ကိုပြောနေလေရဲ့ ။ ကားခက တော့ ၄၀၀ နီးနီး ကျမယ်ထင်ရဲ့ ။ ကဲပါ စကားမစပ် ..... မင်းအမှု ကိစ္စ ။

လူငယ်လည်း အလွန်အမင်း အံ့သြဟန်နဲ့ အတန်ကြာအားယူပြီးမှ ....

ငယ် ။ ။ ဟိုဟို .... မိမိဆွေ ယောင်းမ မိညိုရဲ့ အိမ်မှာ လိပ်စာမပါတဲ့ အပြာရောင် ရည်းစားစာ တစ်စောင်ရောက်နေလို့ပါ။

စံ ။ ။ အဲဒီတော့ ဘာဖြစ်တုန်း ....

ငယ် ။ ။ ဟိုသူငယ်မ မိညိုမပြောနဲ့ တစ်ရွာလုံးရှက်လောက်ရဲ့ အဲဒီလောက်သောင်းကျန်တဲ့ ရည်းစားစာဗျ ....။

စံ ။ ။ အဲဒီတော့ ဘာဖြစ်တုန်း ... ကျုပ် မကြာခင်လာခဲ့မယ် ... အခုမိတ်ဆွေ တစ်ယောက်ဆီက သံကြိုးစောင့်နေလို့ ... ။

ငယ် ။ ။ ဆရာကြီးက ခွေးမွေးထားလို့လား ....

စံ ။ ။ အဲဒီတော့ ဘာဖြစ်တုန်း .... ကျုပ်ပြောချင်တာက သံကြိုးစာဗျ .... ကျုပ်မိတ်ဆွေ ဆားပုလင်း လာမယ်ပြောလို့ .... ။ လာမယ့်ရက် တိတိပပ သိရအောင် သံကြိုးရိုက်ထားတာ ... သူဆီက ပြန်လာမယ်ထင်ရရဲ့ .... တအောင့်ပါ ငါ့လူရယ် ...

ငယ် ။ ။ အဲဒီတော့ ဘာဖြစ်လဲ .... ဟိုဟို စကားမွှားသွားလို့ ပြန်နှင့်မယ်နော် ...၊

စံ ။ ။ ခေတ်လူငယ်တွေများ ခက်ပါ့ ။ စကားပြောရင် အနှောင့်အသွား မလွတ်ဘူး ။

ထိုအခိုက် ဆားပုလင်း နှင်းမောင် ရောက်လာပြီး ....

နှင်း ။ ။ အဲဒီတော့ ဘာဖြစ်တုန်းလို့ ထပ်ပြောမနေပါနဲ့ ဦးစံရှားရယ် .... ကျုပ်လည်း သံကြိုးပို့ရင် နေ့ဝက်လောက်ကြာနေမှာ စိုလို့ Taxi နဲ့ လာခဲ့တာ ... နာရီဝက်ပဲကြာတယ် ကားခတော့ နည်းနည်းထိရဲ့ဗျ ... ။ ၈၀၀၀ သာသာပေးလိုက်ရတယ် ။

စံ ။ ။အဲဒီတော့ ... ဘာ .... အဲအဲ ... မပြောတော့ပါဘူး ။ ဒါနဲ့ ခင်ဗျားပြောတဲ့ အမှုကိစ္စက ....

နှင်း ။ ။ ဒီလိုဗျ ... ဟို လိပ်လျှောတစ်သိုက် ဂလေရိုက်တာ အားမရလို့ ။ ဟိုကိစ္စလည်း ဟောက်စား ၊ ဒီကိစ္စလည်း ဟောက်စား ရူးတိုက်တိုင်းကိုက် ရူးရူးမိုက်မိုက်နဲ့ အမူးသွမီး တစ်သိုက်ကြောင့်ပါ

စံ ။ ။ အဲဒီတော့ ဘာဖြစ်ဖြစ် ..... နေပါဦး ဘယ့်နှယ် အမူးသွမီး ဖြစ်ရတာတုန်းဗျ .... ။

နှင်း ။ ။ ကျားလား ... မ လား .... ခွဲမရတဲ့ အရူးအပေ ကလေက၀ လောက၀တ် မသိတဲ့ ဟို ဂျီဖုံးတစ်သိုက်ကို ပြောတာဗျ ။

စံ ။ ။ ဟန်ကျပါ့ဗျာ ...။ ကျုပ်လည်း အခု ဒီအမှုနဲ့ ဆက်စပ်နေလေရဲ့ ...။ ကဲ နှစ်ယောက်ပေါင်းပြီး ကာကာဆိုင်သွားစို့လား ။

သို့နှင့် ဦးစံရှားနှင့် ကို နှင်းမောင်တို့လည်း လ္တက်ရည်တစ်ခွက်စီ အရသာခံသောက်ရင်း ပို့စ်မင်းလေး တစ်ယောက်ကို စောင့်နေကြလေရဲ့ .... ။

စံ ။ ။ ဟော .. ဟိုမှာ လာပြီဗျ ... ။ ခဏစောင့် ကျုပ်သွားလိုက်ဦးမယ် ...။

ဦးစံရှား တစ်ယောက် အတန်ကြာအောင် တီးတိုးစကားပြောဆိုပြီးနောက် ပြန်ရောက်လာကာ ... ။

စံ ။ ။ အဲဒီတော့ ဘာဖြစ်လဲ ??? ၊ ကျုပ်တို့တော့ အဖြေသိရပြီဗျ .... ။

ရော့  ဒီမှာ .......96.93.007.92

နှင်း ။ ။ ဒီ ဂဏန်းတွေကို ကျုပ်က ဘာလုပ်ရမှာလဲဗျ .... ။

စံ ။ ။ ဒီဂဏန်းတွေက နှယ်နှယ် ရရ မဟုတ်ဘူး ။ ခင်ဗျားရဲ့ ကားဂိတ်တို့ သင်္ဘောဆိပ်တို့ ယုတ်စွအဆုံး ဟိုတိုးလ်ဂိတ်မှာ အိပ်ငိုက်နေတဲ့ ကွမ်းယာသယ်ပါ ရှာခိုင်းလိုက် .... ။

နှင်း ။ ။ ဟာ ဦးစံရှား ... ဟန်ကျလိုက်တာဗျာ ... ။ ဒါဆိုကျုပ် ဒီ လိပ်လျှောတွေဘိ သိရပြီပေါ့ ။

စံ ။ ။ အဲဒီတော့ ဘာဖြစ်တုန်း .... မင်းမှားသွားမပေါ့ အဲ့ဒီသူတွေသွားရှာခိုင်း နေကုန်တောင်မင်း အဖြေမရဘူး ။ ဟောဒီမှာကြည့် ....

လွန်စွာမှ ကြီးလှသော ဦးစံရှား၏ လွယ်အိတ်ကြီးထဲက နောက်ဆုံးပေါ် လက်ဆွဲကွန်ပျူတာ တစ်လုံး

" ဒတ် ... ဒတ် ... ဒတ် ... တီ ... တီ .... "
မဲမဲအတုံးလေးများကို လက်နှင့်ခေါက်ရင်း ဓါတ်မှန်ပြားပေါ်က ပြောင်းလဲမှုများ အဆုံးမှာတော့ ......

အိုင်ပီ အမှတ် ..... 96.93.007.92
အမည် .............. မမထွား
နေရပ် .............. အမှတ် ( ၆၁ ) ၊ ယောင်တော်ပြန် မြို့နယ် ... ၊ ပုတ်သင်ညိုမြို့ ။


ထိုနေ့မှ စ၍ ကျွန်ုပ်တို့ ရဲ့ ကမ္ဘာရွာလေးမှာ စုံထောက်ကြီး ဦးစံရှား အမည်မှာ ဟိုးလေးတစ်ကျော် ကျော်ကြားခဲ့ပြီး ... ခလေးကအစ စကားပြောကြရင် ..

အဲဒီတော့ ဘာဖြစ်တုန်း ဆိုတဲ့ စကားတစ်လုံးက ပါစပ်ဖျားကမချ အရောင်းသွက်လေရဲ့ဗျာ ... ။

အဖြစ်အပျက်ကတော့ အဲဒါပါဘဲဗျာ ... ။ အခုဆို ကျုပ်တောင်မှ အပျိုကြီး မိနွေအိမ်ရှေ့ စာသွားမချိပ်ရဲတော့ဘူး ။ တော်ကြာ စုံထောက်ကြီးတွေတွေ့သွားမှဖြင့် .....

မှတ်ချက် ။ ။ ကျွန်ုပ် ကိုရင်သြ နှာစေးနေပါ ၍ ယနေ့မှ၍ ၇-ရက် တိတိ အနံ့မရနိုင်ပါကြောင်း ကြိုတင်တောင်းပန်အပ်ပါသည် ။

1 comment:

Anonymous said...

haha... it's really nice :D