Thursday, September 6, 2007

ရွှေရောင်ဆည်းဆာ

တကယ်ပါဗျာ .. မြင်ကွင်းတစ်ခုပါ၊ အ၀ါရောင်လူပင်လယ်ကြီးက အလံတွေဝှေ့လို့ သောင်းသောင်းဖျဖျနဲ့ လူကြီးလူငယ် အရွယ်စုံပါဘဲ၊ တချို့လူတွေမှာလဲ .. ၀မ်းနည်းဝမ်းသာ မျက်ရည်စတွေနဲ့၊ သက်တော်ရာကျော် ရှည်ပါစေလို့လဲ ဆုတောင်းနေကြရဲ့၊ တစ်ချို့ကလည်း လက်အုပ်လေးတွေချီလို့ အဲဒီမြင်ကွင်းက ကြည့်နေရင်းနဲ့ ရင်ထဲမှာလည်း လှိုက်ကနဲ လှိုက်ကနဲ .. မကြားသေးခင်က ထိုင်းဘုရင် ဘူမိဘော ဆေးရုံက အဆင်းမှာ တွေ့ရတဲ့မြင်ကွင်းပါ။ ကြည့်နေရင်းနဲ့ တွေးမိတယ်။ တို့နိုင်ငံမှာရော သူကတော့ ပြည်သူ့အတွက် သမိုင်းကောင်းခဲ့တာကိုး၊ ဒါတောင် မသေသေဘူး။ ကျွန်တော်တို့ တိုင်းပြည်မှာ ဓာတ်ရှင်နဲ့ အဖိုးတို့ ပြောခဲ့လို့ ကြည့်လိုက်ရ၊ ကြားလိုက်ရတဲ့ ဗိုလ်ချုပ်ရဲ့ ရွှေရောင်ဆည်းဆာကို စိတ်ကူးနဲ့ အစားထိုးမြင်ယောင်တယ်။ ဗိုလ်ချုပ်နောက်ပိုင်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တပြည်လုံး အုံ့အုံ့ကျွတ်ကျွတ် ရွှေရောင်ဆည်းဆာရဲ့ ဈာပနကို ကျွန်တော်တို့ခေတ်မှာ တစ်ယောက်မှ မတစ်ယောက်တော့ပါဘူး။ (အာရှတိုက်ရဲ့ ပထမ၊ မြန်မာပြည်သားကြီး UN အတွင်းရေးမှုးချုပ် ဦးသန့် ရဲ့ ဇာပနတစ်ခုဘဲ နီးနီးစပ်စပ် မြင်ခဲ့ရပါရဲ့။ ဒါတောင် တန်ဖိုးမထားတတ်တဲ့ လူတွေရဲ့လက်ထဲက တန်ဖိုးထားတတ်တဲ့ ကျောင်းသားတွေက လုပြီး ဆောင်ရွက်ခဲ့ရတဲ့ ဘ၀နဲ့ ရင်းခဲ့ရတဲ့ ဈာပနပါ။ စပ်မိလို့ပြောရအုံးမယ် .. ကျွန်တော်တို့ အဖိုးကပြောခဲ့တာ (တကယ်တော့ ငေါ့တာ) ဒီစစ်အစိုးရက သူတို့လုပ်သမျှ အမွန်းတင်တဲ့ စကားလုံးသုံးရင်၊ နောက်လူတွေ သုံးစရာ စကားလုံးမရှိလောက်အောင် တော်ပါပေရဲ့ ဆိုပြီး)
အမေရိကန်က သမ္မတရေဂင်၊ လက်တင်အမေရိက က အီဗီတာ၊ ဗိုလ်ချုပ် .. သူတို့လို ရွှေရောင်ဆည်းဆာဈာပနတွေ ကျွန်တော်တို့ မျက်စိမမှိတ်ခင် တွေ့တောင်တွေ့ရပါတော့မလား။ သမိုင်းမကောင်းကြတော့ ကုပ်ချောင်းချောင်းနဲ့ ဈာပန ဖြစ်သွားခဲ့ကြရတာ များလှပေါ့။

No comments: