Monday, October 29, 2007

ကြောက်ရွံခြင်းမှ လွတ်ကင်းရေး ( ဗားစလဗ် ဟာဗဲလ်၏ စကားဦး )

ဗားစလဗ် ဟာဗဲလ်၏ စကားဦး

ဗားစလဗ်ဟာဗဲလ် (Vaclav Havel) သည် အထူရိုသေလေးစားခြင်းခံရသော ပြဇာတ်နှင့် စာရေးဆရာဖြစ်ပြီး ယခုအခါတွင်
ချက် (Czech) နိုင်ငံ၏ သမ္မတ ဖြစ်သည်။ ချာတာ-၇၇ ဟု ထင်ရှားသော လူ့အခွင့်အရေးလှုပ်ရှားမှုကို ၁၉၇၇ ခုနှစ်၌
စတင်တည်ထောင်ရာတွင်လည်း ပါဝင်ခဲ့သည်။ဤလှုပ်ရှားမှုကြောင့် ချက်ကိုစလိုဗားကီးယား (Czechoslovakia) တွင်
ဒီမိုကရေစီကို ကျင့်သုံးလာနိုင်ခြင်း ဖြစ်၏။ တပါတီအာဏာရှင်စနစ်အောက်တွင် နှစ်ပေါင်းများစွာ ထောင်ချခံရခြင်း၊
နေအိမ်တွင် အကျယ်ချုပ်ဖြင့် ဖမ်းဆီးခံရခြင်း စသည့် အတွေ့အကြုံများ ရှိခဲ့သူဖြစ်သဖြင့် ဗားစလဗ် ဟာဗဲလ်သည်
အောင်ဆန်းစုကြည်အပေါ်တွင် အထူး စာနာထောက်ထား၊ ရိုသေလေးစားသူ ဖြစ်သည်။ သူမကို ၁၉၉၁ ခုနှစ်၌
နိုဘဲလ်ငြိမ်းချမ်းရေးဆုပေးရန် အဆိုပြုသူများထဲတွင် ၄င်းပါဝင်သည်။


ဒေါ်အောင်ဆန်းစုကြည်သည် နိုဘဲလ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့ပြီဖြစ်သည်။ လွတ်လပ်မှုနှင့်
လူ့ဂုဏ်သိက္ခာအတွက် အာဏာရှင်စနစ်အား ဆန့်ကျင်သည့် သူမ၏ တိုက်ပွဲကို ယခုအခါ အပြည်ပြည်ဆိုင်ရာက
အသိအမှတ်ပြုလိုက်ခြင်းပင်ဖြစ်သည်။ သူမသည် ဤဆုနှင့် အလွန်ပင် ထိုက်တန်သူတဦးဖြစ်သည်။ သူမသည်
ရှင်းလင်းပြတ်သားခိုင်မာစွာ ပြောဆိုသူဖြစ်သည်။ သူမအား နှုတ်ဆိတ်သွားစေရန် ရည်ရွယ်၍ နိုင်ငံခြားသို့အမြဲတမ်း
သွားရောက်နေထိုင်ပါရန် ဆွဲဆောင်ကမ်းလှမ်းလာသည်ကို သူမက လက်မခံဘဲ ငြင်းပယ်ထားပါသည်။ အကျယ်ချုပ်
ကျခံနေရသည့်ဘ၀တွင် သစ္စာတရားကို စောင့်ထိန်းလျက်ရှိသည်။ အာဏာမဲ့သူတို၏ စွမ်းအားကို သူမက
အလွန်ထင်ရှားစွာ ဥပမာပြနေပါသည်။ နိုဘဲလ်ငြိမ်းချမ်းရေးဆုအတွက် သူမအား အဆိုပြုခဲ့ရသည်ကို ကျနော်
လေးနက်စွာ ဂုဏ်ယူမိသည့်အလျောက် သူမအား ရွေးချယ်လိုက်သည်ကို ကောင်းချီးသြဘာပေးကြသူများတွင်
ကျနော်အပါအ၀င် ဖြစ်သည်။

မြန်မာပြည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရန် ဦးတည်သော တိုက်ပွဲတွင် ဘ၀ကိုမြုပ်နှံထားခြင်းဖြင့်
ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ တိုင်းပြည့် တရားမျှတမှုရှိရန် အတွက်သာမက မိမိတို့၏ ပန်းတိုင်ကို
မိမိတို့ကိုယ်တိုင် လွတ်လပ်စွာ ရွေးချယ်လိုသူ အားလုံးအတွက်ပါ ရဲရင့်စွာ ပြောဆိုနေခြင်းဖြစ်ပါသည်။
ကမ္ဘာတခွင်လုံးတွင် လွတ်လပ်မှု ရရှိရေးအတွက် ကြိုးပမ်းအားထုတ်ရန် လိုအပ်နေသမျှ ကာလပတ်လုံး
ဒေါ်အောင်ဆန်းစုကြည်၏ ထုတ်ဖော်ပြောဆိုချက်ကဲ့သို့သော ပြောဆိုမှုများသည် အခြားသူများကိုပါ
လှုံ့ဆော်သိမ်းသွင်းလာလိမ့်မည် ဖြစ်ပါသည်။ လွတ်လပ်ရေး တောင့်တသည့် ဟစ်ကြွေးသံသည် ဥရောပအလယ်ပိုင်းမှ
ထွက်ပေါ်လာသည်ဖြစ်စေ၊ ရုရှားမှဖြစ်စေ၊ အာဖရိကမှဖြစ်စေ၊ သို့မဟုတ် အာရှမှဖြစ်စေ တသံတည်းထွက်နေပါသည်။
၎င်းမှာ လူသားအားလုံးကို လူ့ဂုဏ်သိက္ခာနှင့်အညီ ဆက်ဆံပါရန်နှင့် လူသားအားလုံးတွင် မျှော်လင့်ချက်ရှိရန်
လိုအပ်သည်ဟူသော ဟစ်ကြွေးသံပင်ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အမှန်တရားကို ပြောဆိုနေ၍၄င်း။
သူမ၏ စကားများသည် မြန်မာနှင့် ကမ္ဘာအခြေခံ အယူအဆကို ရောင်ပြန်ဟပ်နေ၍၄င်း၊ သူမအား နှုတ်ဆိတ်အောင်
မပြုလုပ်နိုင်ပါ၊ “လူသား၏ သန္ဓေ ပါ ဂုဏ်သိက္ခာ၊ လူသားနှင့် ခွဲခွှာုမရသော ညီမျှသော အခွင့်အရေးများကို
အသိအမှတ်ပြုသည့် အယူအဆ၊ လူတိုင်းတွင် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်သော အသိဥာဏ်နှင့်
ဆင်ခြင်တုံတရားရှိသည်ကို လက်ခံထားသော အယူအဆ၊ လူလူချင်း ညီအကိုမောင်နှမသဖွယ် မေတ္တာထားရန်
အကြံပြုသော အယူအဆ စသည့် အတွေးအခေါ်အယူအဆတို့သည် မိမိတို့၏ တန်ဖိုးထားမှုများနှင့် မည်ကဲ့သို့
ဆန့်ကျင်ဘက် ဖြစ်နိုင်မည်ကို မြန်မာနိုင်ငံသူ နိုင်ငံသားများအနေနှင့် နားမလည်နိုင်အောင် ဖြစ်ရပေသည်”ဟု
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရေးသားထားပါသည်။ ရဲရင့်သတ္တိရှိသော ဤအမျိုးသမီးအား
နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခြင်းသည် တရားမျှတမှုကို ကြိုးစားရှာဖွေနေကြသူ ကျနော်တို့ အားလုံးအတွက် သူမက
ပြောဆိုနေသည်ကို ရှင်းလင်းစွာ ပြသလိုက်ခြင်းပင် ဖြစ်ပါသည်။

No comments: