Wednesday, February 6, 2008

ထာဝရ မြို့တော် သို့မဟုတ် ကိုနေဘုန်းလတ်

ကျနော် ဘလော့ဂ်စရေးတော့ ကိုယ့်အရှေ့မှာ ရေးခဲ့ကြတဲ့သူတွေရဲ့ နည်းပညာအရ၊ အနုပညာအရဖန်တီးမှု တွေကို လေ့လာပြီး ဘလော့်ဂ်လေးကို ပြင်ဆင်မွမ်းမံရတာပါ။ နည်းပညာအရဆိုရင် ကိုရန်အောင်တို့၊ ကိုဈာန်တို့၊ ကိုမောင်လှတို့ စသဖြင့်ကို ဖတ်ရပါတယ်။ အနုပညာအရဆိုရင်တော့ ကိုနေဘုန်းလတ် ဘလော့်ဂ်အပါအ၀င်၊ နိုင်းနိုင်းစနေ၊ ကိုယောဟန်အောင်၊ မမေငြိမ်း၊ ကိုမောင်ရင်၊ ကိုပုထုဇဉ် စသဖြင့် (အများကြီး ကျန်ပါသေးတယ်၊ မဖော်ပြနိုင်တာ နားလည်ပါ)။



သူ့ဘလောဂ့်ကတော့ ခေါင်းစဉ်လေးကအစ ကျနော်သဘောကျပါတယ်။ ဘလော့ဂ်ပါစာအရေးအသား တွေကလည်း လေးနက်ပါတယ်။ ကျနော့်ကို အတွေးပွားစေတာက Title Heading ကစပါတယ်။ ဒါကြောင့် ဘာတွေကို အတွေးပွားစေခဲ့တာလည်း ဆိုတာကို သူ့ဘလော့ဂ် တနှစ်ပြည့်အမှတ်တရမှာ ရေးလိုက်ပါတယ်။

နာမည်ပေးတာကိုက သူ့ဘလော့ဂ်နာမည်က လှပါတယ်။ “ကျနော်လွတ်ကျခဲ့တဲ့ မြို့တော်”… တဲ့။

အဲဒီ Title Heading အောက်မှာ ပါတဲ့ ကဗျာ အပိုင်းအစလေးဟာလည်း လှလှပပနဲ့ တွေးစရာတွေပေးပါ တယ်။

..ဖွဲ့ဆိုချင်နေတဲ့ သံစဉ်ချိုချိုတွေကို

ရင်ဘတ်ထဲမှာပဲ ကိုက်မျိုထားရတဲ့

ကြိုးပျက်နေတဲ့ ဂစ်တာတလက်ဟာ ကျနော်ဖြစ်တယ်..။

လွတ်ကျခဲ့တဲ့မြို့တော်…

သူ့ရဲ့လွတ်ကျခဲ့တဲ့ မြို့တော် ထဲမှာ ဘာတွေပါသွားခဲ့လဲ။ ပုဂ္ဂလိကခံစားချက်တွေလား၊ ပရဟိတ အနှောင့်အဖွဲ့ တွေလား။ ကျနော်အဲလို စဉ်းစားမိတယ်။ နောက် ဘယ်လို သံစဉ်ချိုချိုတွေကို ဖွဲ့မဆိုရက်ဘဲ တီးခတ်ချင် လျက်နဲ့ ဂစ်တာကို ကိုယ့်ကိုယ်ကိုယ် ကြိုးများဖြတ်တာလား။ အလိုအလျောက်ကြိုးပျက်သွားတာလား။ ဒါကတော့ ကိုနေဘုန်းလတ် တယောက်ထဲဘဲ ဖွင့်ဆိုနိုင်မှာပါ။

ကျနော်ကတော့ ကိုယ့်ဘာသာ အတွေးပွားနေမိတာတွေ ရှိတယ်။ ဖွဲ့ဆိုချင်နေတာက နှလုံးသားရေးရာလား။ မွန်းကျပ်မှုတွေလား။ အဖြစ်အပျက်တွေကိုဘဲလား။ မှောင်မှိုင်းနေတဲ့ ကောင်းကင်ကိုလား။ မရောက်နိုင် သေးတဲ့ နွေဦးကိုလား…။ ဒါမှမဟုတ်ရင် သူတောက်လျှောက် စွဲလမ်းခဲ့ရတဲ့ အနုပညာလား။ သူ့ရဲ့ စာအရေး အသားက မေးခွန်းများစွာ ပေးခဲ့တယ်။

အခုတော့ လွတ်ကျခဲ့တဲ့မြို့တော်ဟာ ပိုင်ရှင်ပါ ပျောက်ဆုံးခဲ့ရပြန်ပြီ။ ပိုင်ရှင်ဘယ်နေရာမှာ ရှိနေတယ် ဆိုတာ သိရက်နဲ့ မဲ့နေရတဲ့ အဖြစ်မျိုး။ ဟောဒီခေတ်ရဲ့ အကွဲအကွာဖြစ်ရမှုတွေဟာ မြန်ဆန်ကျယ်ပြန့်လွန်းလှ၊ မှောင်မိုက်လွန်းလှ … ရက်စက်မှုလေစိမ်းတွေက အရှိန်ပြင်းပြင်းနဲ့ နေရာအနှံ့တောက်လောင်ဆဲဘဲ။ ဒါကြောင့်ဘဲ မိသားစုဆန်မှုတွေ ပြိုလဲခဲ့ရတယ်။ မိတ်ဆွေတွေ ပျောက်ရှခဲ့ရတယ်။ သံယောဇဉ်တွေ တံတိုင်းအခြားခံခဲ့ရတယ်။ နှလုံးသားတွေ တဝေးတမြေ ဖြစ်ခဲ့ရတယ်။

ဘာဘဲဖြစ်ဖြစ်ပါ။ ခင်ဗျားဖန်တီးခဲ့တဲ့ ဘလော့ဂ် တနှစ်ပြည့်တဲ့နေ့မှာ အဝေးရောက်နေတဲ့ ခင်ဗျားကိုယ်စား ကျန်တဲ့ဘလော့ဂ်မောင်နှမတွေက ဂုဏ်ယူပီတိဖြစ်မှုတွေနဲ့ မွေးနေ့ပွဲကို ဖန်တီးကျင်းပနေခဲ့ကြတယ်။ ပြီးတော့ လွတ်ကျခဲ့တဲ့ မြို့တော်ဟာ ပျောက်ဆုံးသွားမှာ မဟုတ်ဘဲ ဘလော့ဂ်ဂါ မောင်နှမတွေ အပါအ၀င် အမှန်တရားချစ်တဲ့ ပြည်သူတွေရဲ့ သမိုင်းရင်ပြင်ထဲမှာ ထာဝရတည်တံ့တဲ့ မြို့တော်အဖြစ် ကျန်ခဲ့မှာပါ။

ပြီးတော့ ခင်ဗျားကလည်း ကျနော်တို့ လေးစားဦးညွှတ်တန်ဘိုးထားရတဲ့ သူရဲကောင်းအဖြစ် တည်တံ့နေ မှာပါ။

အမြန်ဆုံး ပြန်လည်လွတ်မြောက်ပါစေ။

(ကိုနေဘုန်းလတ်အကြောင်းကို ရေးသားနိုင်သူတွေ အကြားမှာ ကျနော်က မရင်းနှီးတော့ မပြည့်မစုံဘဲ ရေးလိုက်ရတာပါ။ ဒါပေမယ့် သူပြန်လည်ဖတ်ခွင့်ရတဲ့အချိန်မှာ နေရာအနှံ့၊ နယ်ပယ်အနှံ့၊ အမှန်တရားချစ်တဲ့သူတွေကြားမှာ သူကို ခင်မင်ခဲ့သူရော၊ မခင်မင်ခဲ့ရသူတွေရော ရှိခဲ့တယ် ဂုဏ်ယူခဲ့ကြ တယ် ဆိုတာ သူသိစေဘို့က အဓိကပါ။)


1 comment:

OWAY AUNG said...

ကိုဖိုးဇေ အမှတ်တရ ဘလော့စာမျက်နှာလေးတခု
ထပ်ဖွင့်နိုင်ရင်ကောင်းမယ်နော်။
တာရာမင်းဝေအမှတ်တရ
ဘလော့လိုပေါ့။