Tuesday, May 27, 2008

လေဘေးနောက်ဆက်တွဲ

ကျန်ခဲ့တဲ့ တနင်္ဂနွေနေ့က ကွမ်းခြံကုန်းဒုက္ခသည်တွေကို သွားလှူကြတဲ့ တချို့ အဖွဲ့တွေ အပြန်မှာ အဖမ်းခံရတယ်လို့ သိရတယ် ။ ပန်းလှိုင်တံတားထိပ်က စောင့်ပြီး ပြန်ထွက်လာတဲ့ ကယ်ဆယ်ရေးကားတွေကို သိမ်းကြုံးဖမ်းတယ်လို့ဆိုပါတယ် ။ ရဲသား /စစ်သားနှစ်ယောက်လောက်ကို တခါတည်းထည့်လိုက်ပြီး ကားတွေကို အင်းစိန်တန်းမောင်းခိုင်းတယ်လို့ သိရတယ် ။ အင်းစိန်တို့ ကျို့ကုန်းတို့နား နေတဲ့သူတွေတော့ အဆင်ပြေတာပေါ့ ။း (
ဖမ်းရတဲ့ အကြောင်း (၀ါ) ပုဒ်မကတော့ ......

နိုင်ငံတော် သိက္ခာကျဆင်းစေမှုဆိုလား ... ဂုဏ်သရေ ပျက်မှုဆိုလား ပဲ ။ ကိုယ်တိုင်လုပ်ကိုင်စားနိုင်တဲ့ ဒုက္ခသည်ပြည်သူတွေကို တောင်းစားချင်စိတ်ပေါက်အောင် အကျင့်စာရိတ္တပျက်စီးစေအောင် ပြုမူခြင်းကြောင့် လို့လည်း ပြောတယ်လို့ သိရပါတယ် ။ စံပြအနေနဲ့ အဲ့ဒီအလှူရှင်တွေကို (သူတို့အဆိုအရ နိုင်ငံတော်မျက်နှာ အိုးမဲသုတ်သူတွေပေါ့ဗျာ ။ သူတို့မျက်နှာတွေကိုတော့ ဘယ်သူမှ လက်အပေခံပြီး အိုးမဲ မသုတ်ပါဘူး ။ မသကာ သေးနဲ့ပန်းရုံလောက်ပေါ့ ) ၂ ပတ်လောက် ထိန်းသိမ်းထားမယ်လို့လည်း ကြားသိရပြန်တယ် ။ ခုတော့ ဖမ်းခံထိတဲ့သူတွေ ဘယ်လို ဆက်ဖြစ်မလဲ မသိရသေးဘူး ။ တကယ်ပဲ ထိန်းသိမ်းထားမလား ။ ခြောက်ရုံလောက်ပဲလား မသိရဘူးပေါ့ ။

ဒီသတင်းကို အဲ့ဒီနေ့မှာပဲ သွားလှူပြီး ပြန်လာတဲ့ အဖွဲ့တွေထဲက ပိုင်ရာဆိုင်ရာနဲ့ ပတ်သတ်နေတာကို သိရပြီးလို့ တာဝန်ကျအရာရှိက မဖမ်းရဲပဲ တောင်းပန်ပြီး ပြန်လွှတ်လိုက်တဲ့အထဲမှာပါတဲ့ အတွင်းလူ တစ်ယောက်က အတိအကျပြောတာပါပဲ ။ ဘယ်လိုအတွင်းလူလဲ ဆိုတော့ အမေ့ဦးလေးရဲ့ ယောက်ဖကမွေးစားထားတဲ့သူက ယူတဲ့ မိန်းမဘက်က ပါလာတဲ့ မယားပါ သားရဲ့ သုံးဝမ်းကွဲညီမရဲ့ ရည်းစားပေါ့ လို့ ဆိုတာမျိုး မဟုတ်ဘူး ။ ခိုင်မာတဲ့ သတင်းအစစ် ဖြစ်ကြောင်းပါ ။ ဘာလို့ ခုလို ဘုရားစူး မိုးကြိုးပွတ်နီးပါး ပြောနေရသလဲဆို ဘလော့ဂ်လောကကြီးမှာ သတင်းတု သတင်းယောင် သတင်းပြောင် သတင်းညစ် တွေကလည်း ပေါသကိုး ။

စကားစပ်ရရင်တော့ ဒီလို အလှူရှင်တွေ ကို ဒီလို အမှုမျိုး တပ်ပြီး ဖမ်းဆီးတယ်ဆိုတာ သိရတော့ အော်ဟစ်ပြီး ရယ်မိတယ် ။ တော်တော်လည်း စိတ်မကောင်းဖြစ်မိတယ် ။ နိုင်ငံတော်နဲ့ ချီပြီးတော့ကို ပြောတဲ့ သူတို့ပါးစပ်ကလည်း ဒုက္ခသည်ပြည်သူတွေကိုမှ အားမနာ ။ ဒီသတင်း သိရချင်း မပန်ဒိုရာ ရေးတဲ့ နိုင်ငံတော် စုန်းစုန်းမြုပ်ခြင်း ဆိုတဲ့ ကဗျာ ကို အသံထွက်ပြီး ထပ်ဖတ်ဖြစ်တယ် ။

အရင်ကလည်း ကြားပါတယ် ။ ဒီလို သတင်း တချို့ ... ပိတ်ပင်တယ် တားဆီးတယ် ။ သူတို့လက်ထဲပဲ ထည့်စေချင်တယ် ။ သူတို့ တာဝန်ယူ ဖြန့်ဝေပေးမယ် ။ ဒါကို အလှူရှင်တွေက မကြည်ဖြူ (အမှန်တော့ မယုံကြည် ) တော့ ဒုက္ခသည်တွေဆီ အချိန်မှီ လိုသလောက် မရောက်နိုင်ဘူး ... ဒါမျိုး ဒါမျိုးတွေ ဖတ်မိ ကြားမိတယ် ... အရင်တရက်က ရေးလိုက်တဲ့ ကားပေါ်က ပစ်ချတာမျိုး ကိုလည်း တချို့က ပြန်ပြောကြတယ် ... ကားရပ်ပြီး ဝေခွင့်မပေးပါ ။ သူတို့လက်ထဲထည့်ရမည် ဆိုလို့ သူတို့ ဗိုက် ...အဲ့ မှားလို့ ... သူတို့ လက်ထဲ မထည့်ချင်တာနဲ့ အဲ့လို ကျဲချရပါတယ်လို့ ပြောကြတယ် ... စိတ်မချမ်းသာဘူးဗျာ ... ။ အထက်ကလူတွေ ခိုးဆိုးမှတော့ အောက်လူတွေ အကျင့်ပျက်တာ စကားထဲ ထည့်မပြောချင်တော့ဘူး ။ အဲ့ဒီလိုပဲ ပိတ်ပင် တားဆီးရနေရတဲ့ လူစိတ်ရှိတဲ့အထဲက တာဝန်ကျအရာရှိတွေနဲ့ လက်အောက်ငယ်သားတချို့ဆိုလည်း သနားစရာပါ ။ သူတို့ တာဝန်ကျတယ်လို့ ထင်မှာ မဟုတ်ဘူး ။ ငရဲကျသလိုပဲ ခံစားရမှာ ။ မလွန်ဆန်ရဲတဲ့ အမိန့်ကြောင့်သာ ဒီလို အကုသိုလ်မျိုးကို ကျူးလွန်းကြရရှာတာကိုး ။ အော် .. ဖြစ်ပျက်ခဲ့ ဖြစ်ပျက်နေသမျှတွေ ကိုယ်တိုင်မကြုံတွေ့ရပေမဲ့ ကြားရ ကြားရ နားဝ မသက်သာ ဆိုသလို မျိုးပါပဲလား ... ကောင်းကြသေးရဲ့လား အရပ်ကတို့ရေ .... ။

ရှိရဲ့သားနဲ့ ရှိပြီးရင်း ရှိနေရက်သားနဲ့ ခိုးလို့ ၀ှက်လို့ ဘုန်းလို့ ဘက်လို့ အဓမ္မပြုကျင့်နေတဲ့သူတွေက တကယ်ကို ကုန်းကောက်စရာတောင် မရှိတော့လို့ တောင်းစားရတော့မဲ့ အခြေရောက်နေတဲ့ သူတွေကို အကျင့်စာရိတ္တပျက်တော့မယ်တဲ့လား ။ ပြည်တွင်းပြည်ပက မြန်မာလူမျိုးတွေက တတ်စွမ်းသမျှ ကူညီလှူဒါန်းနေတာကိုပဲ သူတို့က အကျင့်ဖျက်နေတယ်တဲ့လား ။ တကယ်ဆို သူတို့ မဟားဒရား စားသောက် မျိုဆို့ထားတဲ့ တိုင်းပြည်ဘဏ္ဍာတွေထဲက တစ်ဝက်လောက်ကိုပဲ ဒုက္ခသည်တွေ အတွက် ပြန်သုံးပေးပါဦး ။ ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် လောက်ငှစေပါတယ် ။ အခုတော့ဗျာ .....
တကယ်တော့ နိုင်ငံတော်ဆိုတာကြီးကို အကာအကွယ်ယူ ပုဒ်မတပ်နေပေမဲ့ သူတို့လုပ်ပုံက သူတို့ သောက်ရှက်ခွဲရကောင်းလားဆိုပြီး ရှက်ရမ်းရမ်းနေသလို ဖြစ်နေတာပဲ ။

No comments: