Wednesday, October 22, 2008

ဒီညမှာ ဒီခြေသံနဲ့
အခန်းတံခါး နံရံကိုခေါက်
ငါ့ဆီရောက်လာအုံးမယ်..... ။
အရင်ညကလည်း
ဒီပုံစံနဲ့ လူတစ်ယောက်
တံခါးကိုခေါက်
ဝင်လာဖူးတယ် ။

ဘယ်လိုမှ မတွေးတော
ပြောချင်တာ ပြောကြပါစေတော့
အဲ့ဒါ
အမေ့ဆေးဖိုးတွေပါ ။

ပြီးတော့လည်း
ယိမ်းထိုးကခုန်ရင်း
ယစ်ကောင်လို အနမ်းတွေပွင့်
ရင်ထဲကအချစ်တွေဆိုပဲ ။

မနက်ခင်း လိုက်ကာဖွင့်ရင်
နာကျင်မှုတွေကို ထွေးထုတ်
ခပ်စုတ်စုတ်ဘ၀တွေက
ပတ်ဝန်းကျင်ရိုက်ခတ်မှုမှာ ခိုနားလို့ ။

နံရံကို ထိမှန် စိတ်အပိုင်းအစတစ်ချို့
အသည်းတခြမ်းတောင်
ချစ်သူကို ခိုးမကြွေးနိုင်တဲ့ ဘဝ ။

အချစ်ကို ရောင်းစား
အသွေးအသားကို ဝါးမြို
ခံစားခွင့်ကို စတေး
ပျော်လို့လုပ်နေတာ မဟုတ်ဘူး ..... ဟေ့ ။
လောကမှာ အနေချောင်ဖို.
ဘ၀တွေပေါင်ထားရတာ
ငါနဲ့ပါဆို ဘယ်နှစ်ယောက်လဲ
ကဲ ...... ဘာမှပြောမနေနဲ့
ရောင်နီလာရင် တပ်မကိုဖွင့်
ရွက်ကိုလွင့်ကြ ... ။
( သျှင်ခ)

No comments: