ကျနော်
နှစ်သက်ခုံမင်တဲ့ ဝတ္ထုတိုလေးကို ပြန်လည်မျှဝေခံစားခြင်းမျှသာ ဖြစ်ပါသည်။
ဇော်ဇော်အောင်
ယုဇနခင်ပျို(၁၉၈၇
ထုတ် ဝတ္ထုတိုစာအုပ်မှ)
ရွှေခြည်တွေ
ပျပျမှိုင်း၍ လောကတံတိုင်းမှာ အမှောင်ညို့ပြီ မခင်ပျို။အရာရာမှာ အသင့်အတင့် နှလုံးသွင်းတတ်သော
ရင့်ကျက်ခြင်း အဆင့် တစ်ဆင့်သို့ ရောက်ပြီဟု ကိုယ့်ကိုယ်ကို ထင်ထားသည်။အထင်ဆိုသည်မှာ
ရှိတတ်စမြဲပါပဲ။ထို့ပြင်လည်း အထူးသဖြင့် ဥပေက္ခာတရားကို လက်ကိုင်ထားနိုင်သူဟုလည်း ထင်မိသေး၏။တစ်ခါတုန်းက
မခင်ပျို၏ ထဘီအနား ခက်လိုက်ပုံသည် ကျွန်တော်၏ အသည်းနှလုံးကို ယူဆောင်သွားဖူး၏။သို့သော်လည်း
ခဏတာမျှသာ ဖြစ်သည်။တက်မက်ခြင်းလား၊ ရသ ခံစားခြင်းလား မသိခင်မှာပင် ကျွန်တော့်အသည်းနှလုံးပြန်လာပါသည်။အခုတော့
မခင်ပျို နေ့ဝင်တော့မည်ထင်ပါသည်။သွားကြစို့ ။ သွားကြစို့ မခင်ပျို။ တစ်ယောက်တစ်လမ်းစီ
ဆိုပေမဲ့ ဆုံကြဦးမှာ သေချာပါသည်။
……………….ဝ……………
နီရဲစေးပျစ်သော
လက်ဖက်ရည်ပန်းကန်လုံးထဲမှာ နို့နှစ်အဆီများ ဝေ့နေ၏။ခပ်ဝေးဝေးမှ ဆိုင်းတီးသံ ကြားရသည်။အေးမြသော
လေထုကို ဖြတ်၍ ဆိုင်းတီးသံသည် ချမ်းတုန်စွာပြေးလာ၏။မန္တလေးမြို့၏ ညများထဲမှာ အနုပညာရနံ့များဝေ့နေ၏။ကြက်သွေးရောင်
ကတ္တီပါကားပေါ်မှာရွှေခြည် ငွေခြည် ဘော်ကြယ်စာလုံးတွေ ဝင်းလက် ဖိတ်ဖိတ်တောက်နေသည်။
သည်နေ့ည မခင်ပျို ဘယ်မှာ ကမှာလဲ။ ရွှေဘုန်းရှိန်မှာလား၊ပုလဲငွေရောင်မှာလား၊ရုံတော်ကြီးမှာလား၊မလွန်မှာလား၊
ဈေးချိုမှာလား၊လူတစ်ယောက်ရဲ့ ရင်ထဲမှာလား။ဘာမှ မဟုတ်သော သာမန်ရေမြောင်းလေးဖြစ်ပေမယ့်
ရေနီမြောင်းသည် လူပေါင်းများစွာ၏ အတွင်းရေးများကို ကျောက်တုံး ရွှံ့နွံများကြားမှာ သိမ်းဆည်းထားသူဖြစ်၏။
စိန်မြင့်လာ၍ ကျွန်တော်တို့ နုကြည်ရိပ်သာကို
သွားကြသည်။ဟိုကောင်ကို မတွေ့၍ ရေနီမြောင်းဘေးမှာ ညဉ့်နက်အောင် ထိုင်ကြ၏။စိန်မြင့်သည်
စကားများပေမဲ့ စကားပြောကောင်း၏။
ကဗျာအကြောင်း၊ လင်္ကာအကြောင်းတွေကို ပြောသည်။နတ်ရှင်နောင်အကြောင်း၊အိုမာခေယမ်အကြောင်း၊နီရူးဒါးအကြောင်း၊
ခေတ်စမ်းကဗျာတွေ အကြောင်း ပြောသည်။နယ်ချဲ့ဆန့်ကျင်ရေးနှင့် ကဗျာ၏ အလုပ်အကြောင်း လည်းပြောသည်
ထင်၏။ ကျွန်တော်သည် ကြက်သွေးရောင် ကတ္တီပါကားလိပ်အကြောင်းကိုသာ စိတ်ရောက်နေ၏။ပွဲဈေးတန်းက
မုန့်မောင်နှမ အိုးကင်းညှော်နံ့ သင်းပျံ့ပျံ့ကလေးသာ စိတ်ကူးနေမိ၏။
လထွက်ပြီ။ထူးထူးဆန်းဆန်း မှတ်မိနေသည်က
ထိုည ကျွန်တော် မခင်ပျိုကို သတိမရ။စကားစပ်လို့လည်း မပြောမိ။ ထနောင်းပင်ကိုင်းဖျား လတစ်ခြမ်းချိတ်သော
အချိန်တွင် အချစ်အကြောင်းကို စကားစပ်မိကြ၏။စိန်မြင့်နှင့် ကျွန်တော် သဘောကွဲလွဲခဲ့ကြသည်။
………………..ဝ……………..
အချစ်ဆိုတာ ဘာလဲ။ရွှန်းလဲ့ညိုမှောင်တဲ့
အလိုမကျယောင်ဆောင်တဲ့ မျက်စောင်းကလေးလား။ဗယ်တစ်ဆစ်ညာတစ်ဆစ် ချိုးချလိုက်တဲ့ လက်မောင်းသွယ်သွယ်ကလေးအဆုံးမှာ
ကော့ညွှတ်ပျံတက်နေတဲ့ လက်ဖျားကလေးတွေလား။ဆလိုက်မီးအပြောင်းမှာ တစ်ချက် ဝင်းကနဲ လက်သွားတဲ့
ရင်ညွှန်ဝါဝါကလေးလား။ဒူးကလေးတွေညွှတ်ပြီး ဒူးပေါ်မှာ လက်နှစ်ဘက်တန်းတန်းချလို့ ပခုံးကလေး
ဗယ်ညာလှုပ်လို့ ဇာတ်စင်ရှေ့ပိုင်းကို အပြေးကလေးထွက်လာတဲ့ ဟန်ကလေးလား။
အချစ်ဆိုတာ မခင်ပျိုရယ်၊ မျက်နှာလား၊ ကိုယ်လုံးလား၊
အသံလား၊ ဟန်လား။အချစ်ဆိုတာ အကြောင်းတရားလား။ အကျိုးသက်ရောက်မှုလား။လူတွေ ညာပြောနေကြတာပါ။တကယ်တမ်းတော့
လူတွေဟာ ဘာသာစကားကို လုံလုံလောက်လောက် ကျကျနန ပြောတတ်လာတဲ့ အချိန်က စပြီး မုသားတွေ
မမြင်အောင် ဖုံးဝှက်ဖို့ နေရာကောင်းတစ်ခု ရခဲ့တယ်ဆိုတာ ဘယ်ပညာရှင်ကမှ ပြောသံမကြားဖူးပါဘူး။အချစ်ဆိုတာ
ဘယ်ကလာ ပေးဆပ်ခြင်း ဟုတ်ရမှာလဲ မခင်ပျိုရယ်။ရချင်တာ ယူချင်တာ ပိုင်ဆိုင်ချင်တာပါ။ ငါတော့
ပေးဆပ်လိုက်ပြီလို့ သူ့ကိုယ်သူထင်နေတဲ့သူကိုတော့ ထင်နေပါစေလေ။ကျွန်တော်တော့ ရချင်တာ၊
ယူချင်တာ၊ ပိုင်ဆိုင်ချင် တာပါ။
အဲဒီတစ်ညကလဲ အရင်ညတွေလိုပါပဲ။ မခင်ပျို
ကျွန်တော့်ကို ကြည့်ပြီး သီချင်းတိုနေတယ်လို့ ထင်မိတာ ဟုတ်မဟုတ် နောက်တခါ ပြန်စဉ်းစားမနေပါဘူး။မန္တလေးမြို့ရဲ့
တန်ဆောင်မုန်းညတွေဟာ အားလုံး ကဗျာတွေချည်းပါ။
နှစ်ပေါင်းများစွာကတည်းက အငြိမ့်မင်းသမီးပေါင်းများစွာဟာ
မန္တလေးမြို့ တစ်နေရာက ဇာတ်စင်ပေါ်မှာ မီးရောင်အောက်မှာ ကယင်းဆိုယင်းနဲ့ ကဗျာတွေကို ဖန်တီးသွားခဲ့ကြပါတယ်။ပွဲပြီးမီးမှိတ်လို့
ကားလိပ်တွေ ခေါက်သိမ်းတဲ့အထိ မရောက်ပါဘူး။ အဲဒီကဗျာတွေ ကွယ်ပျောက်သွားကြပြန်တယ်။ဒါပေမယ့်
အဲဒီကဗျာတွေဟာ လောကရဲ့ နှလုံးသားထဲက တစ်နေရာမှာ အားလုံးစုရုံးနေကြတယ်။သွေးကြောတွေထဲမှာ
လှည့်ပတ်နေကြတယ်။နှလုံးသားထဲကို ပြန့်ဝင်နေကြတယ်။လောကရဲ့ ရင်ခုန်သံ တစ်ချက် ကြားရတိုင်း
အဲဒီကဗျာတွေအားလုံးဟာ သီဆိုကခုန်နေကြတယ်ဆိုတာ လူတိုင်း သတိပြုမိမယ် မထင်ပါဘူး။သေးဆုံး
ကွယ်လွန်သွားကြတဲ့ အငြိမ့်မင်းသမီးကြီးတွေလည်း အဲဒီကဗျာတွေထဲမှာ ရှိနေကြတယ်။
မခင်ပျို ကပါ၊ ဆိုပါ။ အနုပညာဆိုတာ မခင်ပျိုရဲ့အလုပ်ပါ။
ကျွန်တော်ပြောပြီးပါပြီကော။ လူဆိုတာ ညာပြောတတ်တယ်။ လိမ်ပြောတတ်တယ်။ဒါပေမဲ့အခု ဒီတစ်ခါတော့
ကျွန်တော်မညာပါဘူး။ကျွန်တော်ချစ်တာ မခင်ပျိုကိုပါ။
…………………ဝ………………
ဝေးလံသော အရပ်တစ်ပါးမှ ဝါးပတ္တလားသံ ခပ်သဲ့သဲ့
ခပ်အုပ်အုပ် ကြားနေရသည်။ဝါးရွက်နှင့် လက်ခက် ထိတွေ့လိုက်သည့် အခါတိုင်း ဝါးရွက်ပေါ်
လက်ခက် ကျလိုက်သည့် အခါတိုင်း ရင်မှာ ပေါက်ကွဲမှုများ ဖြစ်ပေါ်၏။ ဝေဒနာ၏ နာကျင်စွာသော
အဖြစ်သည်ပင်လျှင် နှစ်လိုဖွယ် ကောင်းလှချေသည်။တောင်တောင်ယံ တောငယ်နှင့် မောလေအောင်
ဝေးကျူးသီခေါင် ရီမှောင် ညှိ့ညို့ဆိုင်းဆိုင်း၊ ဝေမှိုင်းမှိုင်းလေး ဝင်တိုင်းသာ၊မာလာကြိုင်သင်း။
နှင်းယွန်းဝသန်နွေ၊စုံမြိုင်။ခြေဦး သာဟန်လေသာဆန်းထူး။ သံသရာ တောအုပ်အတွင်းမှာ မှောင်လွန်းလှသည်။ဘယ်သောအခါမှ
လမ်းမမှားဟု မှားနေသူသည် သူလမ်းမှားနေကြောင်း မသိ။
အင်ကြင်းပန်းတွေ ပင်လုံးဝေဝေပွင့်နေ၏။သည်နေရာမှာ
ဘယ်သူလာ၍ ကျွန်ုပ်ကို ပစ်ချထားခဲ့သနည်း။အထီးကျန်မှု၊ အားကိုးမဲ့မှု၊ ဘာဆိုဘာမျှ မတတ်နိုင်မှု
တို့သည် စင်းထားသောကျွန်ုပ်၏ လည်ပင်းပေါ်သို့ အရှိန်ပြင်းစွာ ကျလာသည်။ လောက တစ်ရေးနိုးပြီလား။
တစ်နေ့သစ်ပြီလား။ တစ်နေ့ ဟောင်းသွားပြီလား မသိပါ။တောအလယ်မှာ မောတယ်မေရယ်။ သူတို့ ဘာလိုချင်ကြသည်လဲ။
ဘာဖြစ်ချင်ကြသည်လဲ။
ကျွန်ုပ် ဘာကိုမျှ မလိုချင်ပါ။ ဘာမှ မဖြစ်ချင်ပါဟု
လိမ်ညာ၍ ပြောလိုက်သောအခါ ကမ္ဘာပေါ်မှာ အရှက်မဲ့သူ တစ်ယောက်တိုးသွားပြီ။ အို……..လှလွန်း…….လှလွန်းပါသည်။မိန်းမ
ဆယ့်သုံးယောက်ကို တွေ့ရ၏။ သေတ္တာထဲမှာ မြွေအစိမ်းရောင် တစ်ဆယ့်သုံးကောင် ခွေနေသည်။ဘယ်ကိုသွားကြမည်နည်း။
ကျွန်ုပ်ကိုယ်ပေါ်သို့ နူးညံ့သော ပန်းဝတ်ဆန်းများ၊
ကတ္တီပါပွင့်ဖက်များ မိုးကဲ့သို့ ဖွဲရွာကျလာသည်။ ကျွန်ုပ် တစ်ကိုယ်လုံး ပွင့်ဖက် ဝတ်ဆံတွေ
ဖုံးသွားတော့သည်။အနီရောင်ခေတ္တာပန်းများ ပွင့်ဖက်လန်၍ ဖူးပွင့်နေကြ၏။အချိန် ခုနှစ်မိနစ်စေ့သွားပါပြီ။
မောလှချည်ရဲ့။မောလှချည်ရဲ့။ တောအုပ်သည် ပို၍ ပို၍ မှောင်လာနေသည်။
*
မခင်ပျို ၊ ယုဇနမခင်ပျို ။ လွမ်းလိုက်ရတာ မခင်ပျိုရယ်။အောင်မြင်တာတွေ
၊ ကြီးမြင့်တာတွေ ၊ ကျော်ကြားတာတွေ။ အခုနေ ကျုံးဘေးမှာ လေပြည်တဖြူးဖြူးရှိနေမှာပေါ့။ဘယ်သစ်ပင်စိမ်းပုံနဲ့မှ
မတူတဲ့ ထနှောင်းပင်ဖြူဖြူတွေရဲ့ အရိပ်စိမ်းမှာ မခင်ပျို ကျွန်တော့် လက်ကို ရဲရဲတွဲပါ။
ချစ်တယ်ဆိုတာ လက်ချင်းတွဲပြီး ရည်ရွယ်ချက်မရှိပဲ လမ်းလျှောက်ခြင်းတစ်မျိုးပဲလို့ ကြားဖူးတယ်။
ကြည့်စမ်း မခင်ပျို။ကော့လိုက် ကွေးလိုက်
ညွှတ်လိုက်၊ လှုပ်ရှားလိုက်တာနဲ့ လောကကို အသက်ရှူ တခဏရပ်သွားစေနိုင်တဲ့ လက်ချောင်းဖြူဖြူသွယ်သွယ်
ကလေးတွေ၊ သည် လက်ချောင်းကလေးတွေ လှုပ်ရှားယင်း ကွေးညွှတ်ကော့ပျံတဲ့ လက်နဲ့ စပ်လိုက်တဲ့
ကဗျာတွေကို ကျွန်တော့် မျက်လုံးထဲမှာ သိမ်းထားတယ်၊ သိလား။
အောင်ပင်လယ်တာတစ်ရိုးမှာ ရွှေမိုးတွေညိုပြီ
မခင်ပျို။ မိုးရွာမယ် မထင်မိလို့ ရှန်တဘက်ကလေး မပါပေမယ့် ကျွန်တော့်ရင်ခွင်မှာ မိုးခိုလို့
ရပါတယ်။ မိုးတွေ သည်းလိုက်တာ။ မိုးရွာတဲ့နေ့ကို သတိရလိုက်တာ။ စုတ်ချာယိုင်ရွဲ့တဲ့ လက်ဖက်ရည်ဆိုင်
ကလေးရဲ့ တံစက်မြိတ်စွန်းမှာ နေရောင်ခြည်ကလေး တစ်စက် လက်နေတယ်။ နေရောင်ခြည်ဟာ မခင်ပျိုနဲ့
သိပ်တူတာပဲ ။
ကျွန်တော့်အနားမှာ သစ္စာမဲ့တဲ့သူတွေ ဝိုင်းဝိုင်းလည်နေလိုက်ကြတာ။
ဘာဆိုင်တာမှတ်လို့ လို့ မခင်ပျိုကတော့ ပြောလိမ့်မယ်။ အဲဒီအခါမှာ မခင်ပျိုကို သတိရတယ်။ဘာမှတော့
မဆိုင်ဘူးလေ။
ဒါပေမယ့် ကျွန်တော် အကြိုက်ဆုံးတွေက ရှင်ဥတ္တမကျော်ရယ်
၊ ဇော်ဂျီရယ် ၊ ဇေယျရယ် ၊ ဗဂျီအောင်စိုး နဲ့ ခင်မောင်ရင် ရယ် ၊ စိန်ဗေဒါရယ် ၊ လွတ်လပ်ခွင့်
ရယ် ၊ မာမာအေး ရယ်၊ ပိတောက်ပန်းရယ် ၊ လက်ဖက်ရည် ချိုပေါ့ကျ ရယ်၊ ခေတ်ပေါ် ဂီတရယ်၊ မခင်ပျိုရယ်
။ များတော့ အများသား ။
မကြိုက်ဆုံးအရာတွေက ဟိတ်ကြီးဟန်ကြီးတာရယ်
၊ ဝက်သားရယ် ၊ ပေါက်စီရယ် ၊ သင်္ဘောသီး အစေ့ရယ်၊ တတိယတန်းစား ဝေဖန်ရေးဆရာရယ်၊ ကုန်းချောတိုက်တာရယ်၊
မနာလိုမှုရယ် ၊ သဇင်ပန်းရယ် ၊ ဒံပေါက်ထမင်းရယ် ၊ အနီရောင်ရယ် ၊ နေကာမျက်မှန်ရယ် ၊ စိန်ရွှေရတနာရယ်
။……………………………………………………………
ကစရေး
ဒီမှာထပ်ရေး