Saturday, June 16, 2007

မအိုခင်... မနာခင်... မသေခင်... သတိလေးချပ်စေခြင်...

အိပ်မက်အိမ်ကို ရောက်တိုင်း ဖတ်စရာမှတ်စရာလေးတွေ လိုက်ကြည့်တာမတွေ့တာကြာပြီဗျာ... ဘယ်တွေရောက်ပြီး ဘာတွေလုပ်နေကြလည်းဗျို့... မအားတာလား... ရေးဖို့ အရှိန်မရသေးတာလားဗျာ... ပရိတ်သတ်တွေက တောင်းဆိုတာလည်းမနည်းပါဘူး... ကျွန်တော်လည်း ဘာရေးရမှန်းမသိတော့ နောက်ဆုံးတော့လည်း ဝေငှပေးခြင်တဲ့အကြောင်းအရာကိုပဲ ပြန်ရေးမိတော့တယ်ဗျာ... အချိန် ဆိုတဲ့ အကြောင်း အရာနဲ့ပတ်သက်ပြီး ဆက်ဆွေးနွေးခြင်တာပါ... အမှန်တော့ တစ်ယောက်တည်းပြောရတာ သိပ်အဆင်မပြေဘူး ဖြစ်နေတယ်ဗျာ...အားလုံးကိုယ့်ထင်မြင်ချက်လေးတွေနဲ့ ဆက်ဆွေးနွေးပေးမယ်ဆိုရင် ပိုအဆင်ပြေမယ်လို့ အကြံပြုလိုပါတယ်ဗျာ........
ပြီးခဲ့တဲ့ တစ်ပတ်က ပြောခဲ့သလိုပဲ ဘာပဲလုပ်လုပ် ကုသိုလ် ၃ တန်ကိုတော့ရစေချင်တယ်... ပါစေချင်တယ်... ဒါနကုသိုလ်... သီလကုသိုလ်... ဆိုတာက ပြုရတာလွယ်ပါတယ်ဆိုပေမယ့်... ဘာဝနာကုသိုလ်ဆိုတဲ့ အလကားရတဲ့ ကုသိုလ်ကြီးကို လွယ်လွယ်မပြုလုပ်နိုင်ကြပါဘူး။ (ကျွန်တော်ကိုယ်တိုင်ပါ ပါတယ်.....) ဘာကြောင့်လည်း...... အချိန်မပေးနိုင်တာကြောင့်လို့ပဲ အများကပြောကြမှာပါ... အမှန်တော့ အလကားရတာ မို့လို့ တန်ဖိုးမထားဘူးလို့ပဲ ပြောချင်တယ်ဗျာ... မဟာသတိပဌာန် ဘာဝနာတရား ရှုမှတ်အားထုတ် ခြင်းအားဖြင့် စိတ်တည်ငြိမ်မှု၊ အေးချမ်းမှု ကိုဖြစ်ပေါ်စေပါတယ်... မိမိရဲ့ စိတ်၏ပင်ပန်းခြင်း၊ ကိုယ်၏ပင်ပန်းခြင်းတို့ကို ယခုမျက်မှောက် သက်သာပျောက်ကင်းစေနိုင်သလို နောင်သံသရာအတွက်လည်း ကောင်းကျိုးကို အများကြီးပြုနိုင်ပါတယ်... ပြုလည်းပြုပါတယ်... လုပ်ဆောင်ချက်တိုင်းကို သတိဆိုတဲ့ အသိတရားကပ်နေရင် ဘာကိုပဲလုပ်လုပ် အကောင်းဆုံးဆိုတဲ့ အလုပ်ကိုပဲလုပ်ဖြစ်သွားမှာပါ... တရားဆိုတာကလည်း ဘယ်မှာမှ ရှာစရာမလိုပါဘူး... တရားဆိုတာ ဘုန်းကြီးကျောင်းမှာလည်းမရှိဘူး.... ဈေးမှာလည်းမရှိဘူး.... Shopping Mall, Plaza မှာလည်းမရှိပါဘူး... တရားဆိုတာ ကိုယ့်ကိုယ်မှာပဲရှာရတာပါ လို့မှတ်သားခဲ့ဘူးပါတယ်... ဟုတ်ပါတယ်... တရားဆိုတာ ၀ယ်စရာလည်းမလိုဘူး.... တောင်းစရာလည်းမလိုဘူး... ကိုယ်တိုင် ကိုယ်မှာရှုမှတ်နိုင်ရင် တရားဆိုတာတွေ့တာပါပဲ.... တရားထိုင်တဲ့အခါမှာ နာရင် .... နာတယ်လိုမှတ်.... ပိန်ရင်... ပိန်တယ်... ဖောင်းရင်... ဖောင်းတယ်.... ရှုရင် ... ရှုတယ်... ထွက်ရင်... ထွက်တယ်... တွေးရင်... တွေးတယ်.... စိတ်လွင့်ရင်... စိတ်လွင့်တယ်... စိတ်ကူးယဉ်ရင်... စိတ်ကူးယဉ်တယ်.... အဲ့ဒီလိုမှတ်ရင်းနဲ့ တရားရဲ့ သဘောတရားတွေကိုတွေ့လာနိုင်မှာပါ.... ဖြစ်ခြင်း... ပျက်ခြင်းတွေကို ရှုမြင်လာမှာဖြစ်ပါတယ်.... ဒါဟာ အကုသိုလ်စိတ်ကို ပယ်ဖျောက်လိုက်တဲ့အတွက် ကုသိုလ်ဆိုတဲ့ အရာတွေဖြစ်လာပါတယ်... အဲ့ဒီကုသိုလ်ဆိုတာက မဂ်ဖိုလ်နိဗ္ဗာန်ဆိုက်ရောက်နိုင်ကြောင်း အခြေခံအကျဆုံးသောတရားပါပဲ.... အိပ်ယာဝင်လို့ အိပ်ပျော်သည့်အချိန်အထိ ကုသိုလ်ကိုယူလို့ ရပါတယ်... အိပ်မပျော်သေးဘူးဆိုရင် အိပ်ချင်တယ်....အိပ်ချင်တယ်... လို့မှတ်နေရင်း အိပ်ပျော်သွားမယ်ဆိုရင်တောင် ကုသိုလ်တွေရပါတယ်ဗျာ.... မြတ်စွာဘုရားကတော့ နိဗ္ဗာန်ရောက်အောင် သူကိုယ်တိုင်မခေါ်ပါဘူး... ဒီလမ်းကသွားရင်တော့ ရောက်မယ်ဆိုတဲ့ လမ်းကြောင်းကိုပဲပြခဲ့တာပါ.... ဒါကြောင့် အိပ်မက်အိမ်က သူငယ်ချင်းတွေရော အိပ်မက်အိမ်ကိုရောက်လာကြတဲ့ သူငယ်ချင်းတွေကိုပါ သတိချပ်စေချင်တာကတော့ ဘာဝနာကုသိုလ်ကို များများပွားများအားထုတ်နိုင်ဖို့ အသိပေးချင်ပါတယ်... တရားအလုပ်ဆိုတာ အသက်ကြီးမှ လုပ်ရမယ်လို့ ဘယ်သူမှ မသတ်မှတ်ထားထားပါဘူး... ဘယ်အရွယ်မှာမဆို လုပ်နိုင်ပါတယ်.... လုပ်နိုင်ဖို့သာ အဓိကကျပါတယ်... ကွေးသောလက်မဆန့်မီနဲ့ ဆန့်သောလက်မကွေးမီ ဆိုတဲ့ တိုတောင်းလှတဲ့ အချိန်ကလေး အတွင်းမှာ ကိုယ့်သံသရာအတွက် အကောင်းဆုံးဆိုတဲ့အရာတွေကို သယ်သွားနိုင်ဖို့ မဟာစည်ဆရာတော် ဘုရားကြီးရဲ့ လင်္ကာလေးနဲ့ ခေတ္တခဏအဆုံးသတ်ပါရစေဗျာ.....

* အိုရမည့်ဘေး၊ မရောက်သေး၊ မျှော်တွေးဆင်ခြင်ပါ။
မအိုသေးခင်၊ တရားဝင် ၊ အဆင်ပြေလှသည်။
အိုသောခါတွင် ၊ တရားဝင် ၊ အဆင်မပြေပြီ။
အိုကြီးအိုမှ တရားမရ ၊ မှားကြပါလိမ့်မည်။


* နာရမည့်ဘေး ၊ မရောက်သေး ၊ မျှော်တွေးဆင်ခြင်ပါ။
မနာသေးခင်း ၊ တရားဝင် ၊ အဆင်ပြေလှသည်။
နာသောခါတွင် ၊ တရားဝင် အဆင်မပြေပြီ။
နာကြီးနာမှ တရားမရ ၊ မှားကြပါလိမ့်မည်။

* သေရမည့်ဘေး ၊ မရောက်သေး ၊ မျှော်တွေးဆင်ခြင်ပါ။
မသေသေးခင် ၊ တရားဝင် အဆင်ပြေလှသည်။
သေခါနီးတွင် ၊ တရားဝင် အဆင်မပြေပြီ။
သေခါနီးမှ တရားမရ မှားကြပါလိမ့်မည်။

* အချိန်ရှိခိုက် လုံ့လစိုက် အမြိုက်နိဗ္ဗာန်ရနိုင်သည်။

(Mai Soong Kha)

No comments: