Sunday, July 15, 2007

ပျောက်ဆုံးသွားသော တိမ်တိုက်များအကြောင်း (ဇာတ်သိမ်း)

(၅က)
အချိန်ဆိုသော နာရီလက်တံများ ရွေ့ လျားသွားသော်လည်း ။ သူမသိချင်သောတစုံတရာဟာ ပုန်းကွယ်ခါ လှည့်စားဆဲပါ ၊ ဒီလိုနဲ့ပဲ ခင်မင်မှုထက် ကျော်လွန်တဲ့နေရာဆီ သူတို့ ရွေ့ လျားသွားသော်လည်း ၊ အသုံးအနှုန်းမှာတော့ သူငယ်ချင်းတွေအဆင့်ရှိသော်လည်း ။ ထိုထက်ပိုတယ်ဆိုတာ တိတ်တခိုး သူတို့ နားလည်ထားကြသည် ၊


သို့ပေမယ့် တည်နေရာတွေကွာခြားနေတော့ သူတို့အား ကိုယ့်ဘ၀နဲ့ကိုယ်ပဲ ကျင်လည် မျောပါ စေသည် ၊ ရင်ထဲမှာ ကိုယ်စီခံစားချက်တွေသယ်ဆောင်ထားသော်လည်း ။ ဟုတ်မယ်မထင်ပါဘူး ဆိုပြီး တိုးတိတ်စွာနေမိကြလေသည် ၊

မိုင်ပေါ်များစွာခြားသော နိုင်ငံနှစ်ခုကြား အီးမေးဟူသောအရာများ သူတို့တွက် အသွားအပြန် (အိုင်တီ} ခေတ်ဆိုသော နှစ်ဆယ့်တစ်ရာစုနှစ်ရဲ့ တိုးတက်မှုကို ကျေးဇူးတင်ရမလို) ၊ နွေနှောင်း ရေးလိုက်တိုင်း ရှည်လျားစွာ ဖြစ်သလို ။ တိမ်ယံရဲ့ ပြန်စာတွေကလည်း ထိုနည်းတူ ၊ လောကဟာ မှောင်မိုက်သလို ဖြစ်တိုင်း သူတို့ တလှည့်စီအားပေးမိသလို ။ တစ်ဦးစီရဲ့ အောင်မြင်မှုတွေ ပျော်ရွှင်မှုတွေမှာ ပီတိဖြာခါ အပြုံးတွေဖလှယ်သလို ။ တစ်ဦးစီ ရင်ထဲကခံစားချက်များတွက်လည်း အမြဲနားထောင် ပေးတတ် ကြသည် ၊

ထိုအချက်ကြောင့် သူတို့ ဘ၀့ မည်သူတွေဝင်ရောက်ပါစေ ။ တိမ်ယံဟာ နွေနှောင်းဘ၀တွင် အားလုံးထက်ထူးခြားစေသလို ။ နွေနှောင်းဟာလဲ တိမ်ယံ အမြဲသတိရမိသော မိန်းကလေးဖြစ်သည် ၊

(၅ခ)
နှစ်ပိုင်းကြာပြီးသောခါ ကံကြမ္မာဖန်သည်ဆိုရမလား - - တိမ်ယံနဲ့ နီးနီးနားနားနိုင်ငံသို့ နွေနှောင်း ပြောင်းရွှေ့ လိုက်သည် ၊

အချိန်တွေကြာလျောင်းလို့  ဘ၀တကွေ့ တကောက်မှာ ခရီးလမ်းကိုယ်စီ အသီးသီး ဖြတ်သမ်းပြီးခဲ့ကြ ပေမယ့် သူတို့ နှစ်ယောက်ထားရှိခဲ့တဲ့ သံယောဇဉ်အတိုင်းတာဟာ မလျော့ သွားတဲ့ အပြင်ပိုလို့ တောင် တိုးလာရတယ်ဆိုတာ နှစ်ဦးသားရင်ထဲမှာ ခံစားအသိအမှတ် ပြုထားကြပြီ ၊

ဒီလို့နဲ့ တစ်ရက်မှာဆုံတွေ့ ဖို့ ဆုံးဖြတ်ခဲ့ကြသည် ။

....................

(၅ဂ)
“ဒါဆို ဒယ်ဒီက ဘယ်လိုလုပ် ဇာတ်လမ်းထဲပေါ်လာလဲဟင်”
ခပ်တွေတွေလေးမေးလိုက်သော် သမီးလေး နှင်းနွယ်နိုင်၏ဆံပင်များကို ဒေါ်နွေနှောင်းသပ်တင်ပေးလိုက်သည် ။ ဒီသမီးလေးနဲ့ပဲ အမေတခု သမီးတခုဖြစ်ခဲ့တာ သမီးလေး ၆နှစ်သမီးမှ ခုချိန်ဘွဲ့ ရထိ ဖြစ်သည် ။ နှင်းနွယ်နိုင်၏မေးခွန်းကြောင့် နွမ်းလျသော နာကျည်းခြင်းများပါဝင်ဆဲဖြစ်သော အပြုံးပန်းတပွင့် ဒေါ်နွေနှောင်း၏ ဇရာထောင်းသောမျက်နှာပေါ် ထပ်ဟပ်လာသည် ။
“သူမလာခဲ့ပါဘူး သမီးရယ် ။ မာမီတို့ချိန်းခဲ့တဲ့ နာရီစင်ရှေ့က ကံကော်ပင်အောက်ကို သူမလာခဲ့ဘူး ။ တစ်နာရီပြည့်လိုက်တိုင်း မြည်ဟည်းနေတဲ့ ဒင်... ဆိုတဲ့ နာရီသံချက်တိုင်းနဲ့အတူ မာမီ့အိမ်မက်တွေလည်း တစ်စဆီပျောက်ဆုံးသွားခဲ့တယ် ။ သမီးလေး ဒယ်ဒီကိုမတွေ့ ခင် နှစ်တချို့ထိပေါ့ ။ သမီးဒယ့်ဒီက မာမီ့ကို အိမ်မက်သစ်တွေပေးစွမ်းနိုင်ခဲ့တယ်လေ ။ ဒါတွက် မာမီခုထိ ကျေးဇူးတင်နေတုန်းပဲ ။”

“ခု မာမီ အဲဒီဦးလေးကြီးကို မေ့သွားပြီလားဟင် ။”

“မေ့မေ့ပျောက်ပျောက်ပါပဲ သမီးရယ် ။”
ထိုသို့ဖြေလိုက်သော်လည်း တကယ်တော့ ချန်ထားခံခဲ့ရတဲ့ ဒေါ်နွေနှောင်း မေးခွန်းများစွာနဲ့.. ခုထိနာကျည်းနေဆဲ ။

...................

ထိုအခိုက်..

ဒေါ်နွေနှောင်းမရောက်ဖြစ်သော သင်းကျိုင်းကုန်းတခုထဲဝယ် မြက်ပင်တချို့ဝိုင်းရံခံထားရသော ဂူငယ်တခုရှိနေလေရဲ့ ။ ဂူပေါ်မှစာတန်းက
လှိုင်းတိမ်ယံ
အသက် (၂၇နှစ်)
၂၀-၀၂-၁၉၂၂
ထိုနေ့က နာရီစင်ရှေ့တွင် နာရီသံများမြည်ဟည်းနေခဲ့သည် ။ ကောင်းကင်ပြာထက်တိမ်တိုက်တချို့ ပျောက်ဆုံးသွားသည် ။

No comments: