Saturday, July 14, 2007

ပျောက်ဆုံးသွားသော တိမ်တိုက်များအကြောင်း (ဒုတိယပိုင်း)

(၄)
တစ်ရက်သောနေ့ - - ဘာမှထူးခြားမှုမရှိသောတစ်နေ့မှာ အစီအစဉ်မရှိပါပဲ - - သူ နဲ့ သိလိုက် ရသည် ၊

ထိုနေ့က တကယ်ပဲ သူမတွက် တခြားတခြားသောရက်များကဲ့သို့ ၊ ကွန်ပြူတာရှေ့ ကျောင်းစာနဲ့ ပတ်သက်သော စာတန်းတခုရိုက်ရင်း ငြီးငွေ့ ခဲ့ချိန်မှာ သူမရဲ့ ကိုယ်ပိုင်စာမျက်နှာနေရာကို ရောက်သွားဖြစ်သည် ၊ အမြဲလုပ်လေ့ရှိသလို တခြားသူတွေရေးထိုးသွားသော ဧည့်မှတ်တမ်းကို သွားကြည့်ဖြစ်သည် ၊

“သြော် - - အသစ်ရောက်နေပါလား ၊”
အင်္ဂလိပ်ဘာသာနဲ့ရေးသားထားသော စကားလုံးများက ညှို့ ငင်ဆွဲဆောင်အားအပြည့် ၊ သူမနှစ်မြုပ်သွားသလိုလို ၊
“ဒီလူ့ ရေးဟန်က စိတ်ဝင်စားစရာပဲ ၊ သူ့ကိုယ်ပိုင်စာမျက်နှာကို သွားကြည့်ဦးမှ”
ထိုအတွေးနဲ့ ကွန်ပြူတာပေါ်က စာမျက်နှာတစ်ခုကို ဖွင့်လှစ်သောခါ .. မြင်လိုက်ရသော ကဗျာတွေက နွေနှောင်း ခန္ဓာကိုယ်. အာရုံကြောများ အားလုံး ထိုစာမျက်နှာပေါ်ဆီရောက်အောင် တွန်းထိုး ပေးလိုက်သည် ၊ (သိပ်တော့မထူးဆန်းသေးပါ ၊ ကဗျာချစ်တတ်သူက ကဗျာတွေပေါ် စိတ်ဝင်စားသွားတာ ၊)

ထူးဆန်းတာက လှိုင်းထသွားသော သူမရင်ခွင် ။ ကျေးဇူးတင်ကြောင်းရေးပြီး ပြန်ပို့လိုက်သော သူမ.အီးမေးလ် ထိုစာမျက်နှာပိုင်ရှင်ပေါ် ကျန်ရစ်သော တ၀ဲလည်လည် အတွေးများ ၊

သူ နဲ့ သူမ ဆုံတွေ့ ခဲ့ပုံကို
မဖြစ်နိုင်ဘူးဟု လူကြီးတွေက ဆိုစမှတ်ပြုကြမည် (အဘယ်ကြောင့်ဆိုသော သူတို့သည် ထိုနေ့တွင် မိုင်ပေါင်း များစွာခြားသော ။ နေ့ညမတူသော နိုင်ငံနှစ်ခုတွင် တည်ရှိနေခဲ့ကြသည် ) ၊
ရိုးရိုးလေးပါ ဟု တချို့ ကဆိုကြမည် ။ ထိုသူတွေ အင်တာနက် ဆိုတာရဲ့  အံ့မခန်းအစွမ်းကို လက်တွေ့ နားလည်ထားကြသည် ၊
ကံကြမ္မာဖန်တာဟု တချို့ က ထင်မှတ်မည် (သောင်းချီရှိနေသော ကိုယ်ပိုင်စာမျက်နှာများ ထဲကမှ သူမဆီသို့ မထင်မှတ်ပဲ ရောက်ခဲ့သည် ) ၊
“နှောင်း သူ့ ကိုသိတဲ့နေ့က ခါတိုင်းလို လမ်းမမှာနှင်းတွေကျပြီး ။ လေထန်တယ် ၊ ဒါပေမယ့် ခါတိုင်းလောက် ချမ်းစိမ့်မနေဘူး ၊ လမ်းမအဆုံးမှာ နွေးထွေးမှုပေးမယ့် မီးလင်းဖိုရှိမယ်လို့လဲ မထင်ခဲ့မိဘူး ၊”


(၄က)
ကွန်ပြူတာနဲ့ရင်းနှီးတာ ကြာပြီဖြစ်ပေမယ့် အင်တာနက်ကိုတော့ နည်းနည်းနောက်ကျပြီးမှ သူ သုံးဖြစ်ခဲ့သည်၊ အင်တာနက်ရဲ့ စာမျက်နှာတချို့ ကို အမှတ်မထင် လျှောက်ကြည့်နေခဲ့ရင်း စာမျက်နှာ တစ်ခုကနေတစ်ခု တစ်နေရာကနေတစ်နေရာ ဖြတ်သန်းလို့ နေခိုက် အမျိုးမျိုးအဖုံဖုံ တချို့ သော လူတွေရဲ့ ဖန်တီး ထားမှုတွေ သူ့ ရဲ့ မျက်စိရှေ့ မှာ တွေ့နေရသည်၊ ကာလာအရောင်တွေကလဲစုံပ။ ဖွဲ့စည်းထားပုံတွေကလဲ ခြားနားဆန်းကျယ်နေလိုက်ကြတာနော်၊

ဒါပေမယ့် ဘာတွေဘယ်လောက်ပဲ ဆန်းပြားနေပါစေ။ သူ့ ရဲ့ အမြင်မှာ တစ်ခုမှထင်မကျန်ခဲ့တာ တိမ်ယံ သတိထားမိခဲ့သလိုပဲ၊ နောက်ပြီး အင်တာနက်ပေါ်မှာ သူစိတ်သဘောမတွေ့ တာ တခု ရှိခဲ့သည်။၊ အဲဒါက ကွန်ပြူတာတစ်ခုနဲ့တစ်ခု ဆက်သွယ်ပြီး လူတစ်ယောက်နဲ့တစ်ယောက် (သို့ မဟုတ်) တစ်ယောက်နဲ့အများ စကားပြောကြတာဖြစ်သည်၊

“ကွန်ပြူတာရဲ့  ဖန်သားပြင်ရှေ့မှာထိုင်ပြီး နာရီပေါင်းများစွာ စကားပြောကြတာဟာ တော်တော်အချိန်ကုန် လူပင်ပန်းတဲ့ အလုပ်ပဲနော်၊”
ဒီလိုပြောတော့ သူငယ်ချင်းတွေကရီပြီး။
“အဲဒါ မင်းက မလုပ်ဖူးသေးလို့ လေ။ စမ်းကြည့်ပါလား။ နောက်ဆို စွဲသွားမှာသေချာတယ်၊”

“အရည်မရ အဖတ်မရတဲ့ အလုပ်တခုကို စွဲရမယ်လို့ များကွာ။ တိမ်ယံတို့  ရာဇ၀င်ရိုင်းသွားမယ်။ ဘယ်တော့မှ မလုပ်ဘူးဆိုတာ မင်းတို့ ကြည့်ထား၊”

“ဟား ဟား။ စောင့်ကြည့်ကြတာပေါ့ကွာ၊”
အစားကိုကုန်အောင်စား စကားကိုကုန်အောင်မပြောရန် ။ လူကြီးတွေကပြောဖူးသည် ၊


နောက်ရက်သတ္တတစ်ပတ် အတွင်းမှာပဲ သူငယ်ချင်းတွေရှေ့ မှာ ပြောခဲ့မိတာမှားပါသည်ဆိုပြီး ၀န်ခံရလိမ့်မယ်ဆိုတာ စိုးစဉ်းမျှ သူကြိုတင်သိခဲ့မယ်ဆိုလျှင်၊

(၄ခ)

အင်တာနက်ပေါ်မှာရှိသော စာမျက်နှာပေါင်းများစွာကြားက ဒီတစ်ခုသောစာမျက်နှာကိုမှ ဆိုက်ဆိုက်မြိုက်မြိုက် တိမ်ယံ ရောက်ရှိလာခဲ့သည်၊ မရှာဖွေပါပဲနဲ့ မမျှော်လင့်ထားစဉ် ရုတ်တရက် ဆိုက်ရောက်ခဲ့ရသော သူမရဲ့ စာမျက်နှာဟာ ပဟေဠိပေါင်းများစွာနဲ့ သူ့ ရဲ့ စိတ်အစဉ်ကို ပြည့်နှက်စေသည်၊

“သူဘယ်သူလဲ။ အခုသူဘယ်မှာရှိနေမလဲ။ သူဘာလုပ်နေမလဲ့ ”

မခံစားခဲ့ရဖူးသော စိတ်ဝင်စားမှုတွေ သူ့ အတွေးထဲမှာလွှမ်းမိုးလို့ နေသည်၊ သူမရဲ့စာမျက်နှာပေါ်မှ ဓာတ်ပုံလေးတချို့ ဟာ။ ရင်ထဲလှိုက် ညို့ ငင်နေသော သူမရဲ့ အကြည့်တွေနဲ့ဝေဆာလို့ ၊ တဒင်္ဂ မြင်လိုက်ရခိုက် အေးချမ်းမှုလေးတွေရဲ့  အထိအတွေ့ကို မကြုံစဖူး ခံစားလိုက်ရသည်ဆိုရင်။ အပိုပြောနေတာ မဟုတ်ပါမှန်း သူ သေချာသိလိုက်. ၊

“အော့့်  သူလဲ ကဗျာတွေကို ချစ်တတ်တဲ့ပုံပဲ၊”

ခင်မင်မှုရဲ့ အတိုင်းအတာတခုကို အချိန်နဲ့တိုင်းတာကြမယ်ဆိုသော လူအုပ်စုထဲက တမုဟုတ်ချင်း သူ့အား နှုတ်ထွက်စေသည်၊ တခဏတာအချိန်.အဆုံးစွန်မှာ ရင်းနှီးမှုတစ်ခုရဲ့ထိတွေ့ချင်းကို နွေးထွေးစွာ ခံစားလိုက်ရချိန်တွင် သူ့ရဲ့ မသိစိတ်က တောင့်တခြင်းတစ်ခုကို မွေးဖွားပေးလိုက်သည် ဆိုတာ နောင်အချိန်အခါတစ်ခုအတွင်း အသေအချာ တိမ်ယံ သိရှိလာမှာမလွဲပါလေ၊

တချိန်တည်းမှာပင် သူမ.စာမျက်နှာပေါ်မှာ အင်္ဂလိပ်စာကြောင်းတချို့ နဲ့ ခံစားချက်များရဲ့ အဓိပ္ပါယ်ကို ရေးချမိသည်၊ ပြန်စာ တစ်စုံတရာ မျှော်လင့်ထားခြင်းမရှိပါပဲ ။ မြင်မြင်ချင်း ဖြစ်ပေါ်မိသော မကြုံခဲ့ရဖူးသော ခံစားချက်များကို တနည်းနည်းဖြင့် သူမသိစေချင်လိုသော စိတ်ဆန္ဓသက်သက်နဲ့ပဲ ကဗျာဆန်ဆန် အင်္ဂလိပ် စာသားများ သူရေးလိုက်မိသည် ၊
“ဒို့ ရဲ့ ရင်ထဲကို လှုပ်ရှားသွားစေနိုင်သူ မင်းလေးတစ်ယောက်ရယ်။ မင်းလေးနဲ့ ခင်မင် သိကျွမ်းရရင် ဘယ်လောက်ပျော်စရာ ကောင်းလိုက်မလဲနော်၊ အခုတော့  ဒို့ က အညတရလူသားတစ်ယောက်။ မင်းလေးက ထူးခြားဆန်းပြား တင့်တယ်နေတဲ့။ ပန်းရုံအလယ်က ပန်းအလှဘုရင်မကလေးလို ၊ မင်းလေးစိတ်ဝင်စားနိုင်မဲ့အရာ ဒို့မှာ ဘာရှိမှာလဲဟင်။ မြင်ရတဲ့ခဏမှာ မင်းလေးအတွက် ခံစားလိုက်ရတဲ့ ဒို့ရဲ့ နက်ရှိုင်းမှုလေးတွေကို ဖွင့်ဟခွင့်ရလိုက်တာတွက်ပဲ ကျေနပ်လှပါပြီလေ၊”

နောက်တစ်နေ့မှာ အီးမေးလို့ ခေါ်တဲ့ အင်တာနက်စာတစ်စောင်ဟာ မရင်းနှီးသော နာမည်တစ်ခုဆီမှ ရောက်ရှိနေတာ တိမ်ယံ တွေ့လိုက်ရသည်၊
“ဘယ်သူ့ ဆီက အီးမေးများပါလိမ့်။ ဖွင့်ပြီးဖတ်ကြည့်လိုက်အုံးမှပဲ၊”

တိမ်ယံရဲ့လက်ချောင်းများက မောက်(စ်)ဟုခေါ်သော ကွန်ပြူတာပစ္စည်းတစ်ခုကို အသုံးပြူရင်း အီးမေးကို ဖွင့်ဖတ်ကြည့်လိုက်သည်၊

“အို့း့  သူ့ ဆီကစာပါလား။ အရေးတယူနဲ့ သူစာပြန်တယ်နော်။ မြင်နေရတဲ့ ဒို့ရဲ့ မျက်လုံးတွေကို ယုံတောင်မယုံနိုင်လောက်အောင်ပါပဲ၊ သူ့နာမည်လေးက ချစ်စရာ ‘နွေနှောင်း’တဲ့၊”

သူမရဲ့စာမျက်နှာပေါ်မှာ ရေးထားခဲ့သော မှတ်ချက်စာသားများကို ကျေးဇူးတင်ကြောင်း ယဉ်ကျေးစွာ တုံ့ ပြန်ထားသော နွေနှောင်းရဲ့စာလုံးလေးတွေကိုဖတ်ရချိန်ဟာ တိမ်ယံ့ဘ၀ရဲ့ အပျော်ရွှင်ဆုံး နေ့ကလေးတွေစာရင်းမှာ နောက်ထပ်တစ်ခုအဖြစ် ထပ်တိုးစေခဲ့တာ နှလုံးသားထဲမှာ တိတ်တခိုးလေး တိမ်ယံမှတ်တမ်းတင်မိသည်၊

(၄ဂ)
နောက်တနေ့မှာ တိမ်ယံ့ဆီက အီးမေးကို နွေနှောင်း ဖတ်ရသည် ၊ တစ်ရက်မှ နှစ်ရက် ။ နှစ်ရက်မှ သုံးရက် ။ သုံးရက်မှ နောက်ဆက်တွဲရက်စွဲများအလွန် အီးမေးတွေ သူတို့နှစ်ယောက်ကြား အပြန်အလှန် ၊
“သူ့ နာမည်ကိုက ရင်ခုန်ချင်စရာ - - ‘လှိုင်းတိမ်ယံ’ တဲ့ ၊ အများသောယောင်္ကျားလေးတွေလို ‘ကျွန်တော်’ ဆိုတဲ့နာမ်စားမသုံးပဲ ‘ဒို့ ’လို့ ပြောလေ့ရှိတယ် ၊ ကဲ - - ဘယ်လောက်မိုက်လဲ ၊”
သူ က သူမအား နှောင်း လို့အဖျားစွတ်ခေါ်သလို ။ သူမက သူ (သို့မဟုတ်) ကိုလှိုင်း ဟုခေါ်ဝေါ်သည် ၊

မြင်စကတည်းက ရင်းနှီးစိတ်တွေ ပေါက်ဖွားခဲ့မိတော့ ။ ခင်မင်တတ်သော နွေနှောင်းကို မိန်းကလေး တစ်ယောက်အပေါ် တစ်ခါမှမဖြစ်ပေါ်ဘူးသော ခံစားမှုမျိုးနဲ့ တိမ်ယံ တိတ်တခိုး ကြင်နာစိတ်ပွားမိတာ တစ်ချို့ လူတွေအတွက်တော့ မဆန်းသလိုရှိနိုင်ပေမယ့် သူ့ အတွက်တော့ တမျိုးတမည် ထူးခြား နေခဲ့သည် ၊

တကယ်ထူးခြားတာကတော့ လူချင်းမတွေ့ ဖူးပေမယ့် (တယောက်နဲ့ တယောက် ဓါတ်ပုံတော့ မြင်ဖူးကြသည်) ။ အရမ်းကို နီးစပ်သောခင်မင်မှုကို သူတို့ခံစားရသည် ၊ အံ့သြလောက်အောင်ပဲ တိုတောင်းလှအချိန်အတွင်းမှာ နားလည်မှုဆိုသောသစ်ပင်အောက် နှစ်ကိုယ်တူရောက်ရှိကြသည် ၊

“နှောင်းရယ့့်  ဒို့ ဖွင့်မပြောပေမယ့်။ ဒို့ ရင်ထဲက သံယောဇဉ်ကို နှောင်းမြင်လှည့်ပါနော်၊ ဒို့ဘာတစ်စုံတစ်ခုမှ မမျှော်လင့်ထားပါဘူး။ နှောင်းရဲ့အပေါ်မှာ ကြင်နာနေမိပြီဆိုတာကိုပဲ သိထားပေးစေချင်ပါတယ်ကွယ်၊”

တိမ်ယံ ရင်ထဲကဆက်ပြီး ပြောခဲ့တဲ့စကားတွေ အဲဒီအချိန်မှာ နှောင်းကြားခဲ့မယ်ဆိုလျှင် ၊

ဒီလိုနဲ့စာရေးသားဆက်သွယ်လာကြရာက သံယောဇဉ်ကြိုးမျှင် တစ်ဆင့်တိုးချည်လို့  တစ်ယောက်နှင့် တစ်ယောက် ကွန်ပြူတာကိုအသုံးပြှု အင်တာနက်ပေါ့် စကားပြောကြရန် စီစဉ်ကြသည်၊ တကယ်တော့ တိမ်ယံဟာ ဘယ်တော့မှ ဒီလိုစကားပြောသောအကျင့်ကို အဖြစ်မခံဘူးဟု ကြွေးကျော်လာသူတစ်ဦးလေ၊ နွေနှောင်းနှင့် သူစကားပြောချင်လွန်းလို့သာ ထိုတစ်ညတွင် အင်တာနက်ပေါ် အချိန်ယူလို့ ရောက်လာခဲ့သည်၊

တိမ်ယံ မအိပ်ဖြစ်သောညတည ။ နွေနှောင်း လက်ချာ မတက်သောနေ့တနေ့မှာ ကွန်ပြူတာရှေ့ ထိုင်ရင်း ဖန်သားပြင်ရဲ့  တစ်ဖက်ခြမ်းဆီကနေ စကားပြောဖြစ်ကြ. (သေချာပြောရရင်တော့ ။ အင်္ဂလိပ်စာလုံးနဲ့ ရေးထားသော မြန်မာစကားများကို ဖလှယ်ကြတာ)၊ တစ်ဦးစီရဲ့  ရင်ထဲက ခံစားချက်များကို ဖေါက်ထွင်းမြင်လိုက် နိုင်သလို ။ မထင်ပေါ်သော အဓိပ္ပါယ်တွေတွက် ရှင်းလင်းချက် မလိုသလို ။ ခြားနေသော မိုင်ပေါင်းများစွာကို ကတ်ကြေးနဲ့  ဖြတ်ပစ်ချင်တယ်ဟု သူတို့တွေးမိကြသည် ၊

နွေနှောင်းနှင့်စကားပြောနေရင်း တစ်နာရီထက်လွန်။ နှစ်နာရီထက်လည်းပိုလို့ ကြာ ကုန်လွန် သွားသော အချိန်တွေဟာ တိုတောင်းလွန်းသည်ဟု တိမ်ယံထင်မိ. ၊ သူ့ အတွက်တော့ ဖန်သားပြင်ရဲ့တဖက်မှ နွေနှောင်းရဲ့တည်ရှိမှုလေးကို ခံစားနေရတာ မ၀နိုင်အောင်ပါပဲ၊ နွေနှောင်းဟာ အင်တာနက်ပေါ်မှာ သူပထမဆုံးစပြီး စကားပြောသော မိန်းကလေးတစ်ယောက် ဖြစ်ခဲ့သည်၊

(၄ဃ)
ဒီလောက်ပါပဲ ၊ ထိုနေ့က သူတို့ ပထမဆုံး စကားပြောဖြစ်သလို ။ နောက်ဆုံးလဲဖြစ်. ၊ နောက်တစ်ရက်ကစ၍ လပိုင်းကြာသောခရီးတစ်ခုကို တိမ်ယံ ထွက်သွားသည် ၊ သူမကတော့လွမ်းရင်း သူရောသတိရပါ့ မလားဟုတွေးရင်း အချိန်တွေကို ကုန်လွန်စေသည် ၊

“ဓါတ်ပုံပဲမြင်ဖူးတဲ့လူတယောက် ။ အသံတောင်မကြားဖူးတဲ့ သူ့ ပြောစကားတွေ ။ တဒင်္ဂဆိုတဲ့အချိန်လေးမှာ စွဲလမ်းသလိုဖြစ်မိတာ နှောင်း ရူးသွပ်သွားတာလားကွယ် ၊”
(ဆက်ရန်)

No comments: