Thursday, July 12, 2007

ပျောက်ဆုံးသွားသော တိမ်တိုက်များအကြောင်း (ပထမပိုင်း)

(၁)
အချစ်ဆိုတာ
သူမ အတွက် တပါးသူဆီကပဲ ရယူပိုင်ဆိုင်ရမယ်ဟု ယုံကြည်သောအရာတစ်ခု ၊

သူ ဆိုတာ
အချစ်အပေါ် ယုံကြည်ချက်ကင်းမဲ့နေသော တစ်ကိုယ်တည်းသမား ၊

တကယ်တော့
သူ နဲ့ သူမဟာ မထင်မှတ်တဲ့တစ်နေ့မှာ မမျှောင်လင့်သော အချစ်စစ်ကို အတူတွေ့ ခဲ့ကြသော လူသားနှစ်ယောက် ၊

ထိုနေ့ဟာ
သူတို့ နှလုံးသားတွေကို ရစ်ပတ်ချည်နှောင်လိုက်သလို သူတို့ နှစ်ယောက်ရဲ့ အတွေးအခေါ်တွေကို ဘ၀သစ်ပေးသော နေ့တစ်နေ့ ဖြစ်လာသည် ၊


(၂)
သူမနာမည်က ‘နွေနှောင်း’၊ နွေအကုန်မှာမွေး၍ မိခင်က အမှတ်တရနဲ့ ထိုသို့ မှည့်ခေါ်ခဲ့သည် ၊ အားလုံး ခေါ်တာက ချစ်စနိုးနဲ့ ‘နှောင်းနှောင်း’ ၊ စကားပြောရင် ‘နှောင်း’ ဟုနာမ်စားခံ သုံးလေ့ရှိသည် ၊ တဖုံထူးဆန်းသောနာမည်လေးလို သူမစိတ်ဓာတ်ကလဲ တချို့ သောသူများတွက် မေးခွန်းများဖြစ်စေသည် ၊ သူမအနေနဲ့တော့ ဒါကို နားမလည်နိုင်ခဲ့ဘူး ၊

အရာရာကို ရိုးစင်းစွာမျှော်လင့်တတ်သော သူလိုငါလို မိန်းကလေးတစ်ယောက်ပဲဟု သူမကိုယ်သူမ ထင်မိသည် ၊ တခြားကောင်မလေးတွေလို - - ကောင်လေးတွေအကြည့်မှာ သူမ စိတ်လှုပ်ရှားခဲ့ဖူး သည် ။ အချစ်ဝတ္တုတွေ ဖတ်ပြီး စိတ်ကူးယဉ်ခဲ့သည် ။ ပျော်ရွှင်နေသောချစ်သူစုံတွဲများကြည့်ပြီး အားကျခဲ့ဖူးသည် ။ တနေ့မှာ ချစ်သူ့နာမည် ရေးဖို့ စွယ်တော်ရွက်လေးတွေခူးပြီး စာအုပ်ထဲ ညှပ်ခါစုခဲ့သည် ၊

ဒါပေမယ့် - - -

အချစ်ဆိုတာနဲ့ပတ်သက်လို့ စိတ်ကူးယဉ်တတ်ချိန်မှစ၍ နွေနှောင်း ခံယူချက်တစ်ခုတော့ရှိခဲ့သည် - - နှလုံးသား ဒဏ်ရာ မရအောင် “သူချစ်”ကိုပဲ ရယူပိုင်ဆိုင်မယ်ဆိုတာမျိုး ၊

ထို့ကြောင့်များ သူမဟာ လူထူးလူဆန်းလို ဖြစ်ခဲ့လေသလား ၊ ထိုအဖြေကို နွေနှောင်း နဲ့ဆက်စပ်သော ပတ်ဝင်းကျင်ကပဲ ဖြေနိုင်မယ်ထင်ပါသည် ၊

နွေနှောင်းကို မိန်းကလေးသူငယ်ချင်းတစ်ယောက်က ပြောဖူးသည်
“နင်က တကယ်တော့ သိပ်ကံကောင်းတယ် ၊ နင့်မှာ တဖက်သပ်အချစ်ဆိုတာ မတွေ့  ဖူးသေးဘူး”
အဲလိုပြောတော့ အချိန်တန်စွာ သူမသဘောကျစွာရယ်မောပြီး
“နှောင်းတွက် အဲဒါမျိုး ဘယ်တော့မှအဖြစ်မခံဘူး ၊ အရှုံးပေးတတ်တဲ့သူတွေပဲ အဲလို ဖြစ်တာဟ ။ အချစ်ဆိုတာတွက် နှောင်း အရှုံးမပေးဘူး ။ သိလား”
ဟုမာန်ပါပါမျက်နှာပေးနဲ့ ပြန်ပြောသောခါ

“နင်က သိပ်စိတ်ဓာတ်မာတာကိုး”
အမှန်တော့ နွေနှောင်းဟာ အနိုင်အရှုံးထက် မျက်ရည်ကျရမှာသိပ်ကြောက်သောမိန်းကလေးဆိုတာ လူတွေမသိကြဘူး ၊ သူမရဲ့ ပျော့ပျောင်းနူးညံ့သောနှလုံးသားကို မမြင်နိုင်ကြဘူး ၊ ထိုသို့ဖြစ်အောင်လဲ သူမက ဖန်တီးထားသည် ၊ ဘ၀မှာ ခံစားချက်နဲ့ပတ်သက်ရင် မျက်နှာဖုံးစွတ်ခဲ့သည် ၊

မာကျောတယ်ဆိုသော သူမနှလုံးသားကိုမှ ကိလေသာယောင်္ကျားတွေက စွန့်စားခန်းတခုအနေနဲ့ မှတ်ယူ အနိုင်ရဖို့ ကြိုးစားခဲ့ကြသည် ၊ သူမ.အပြုံးတွေရလိုက်နိုင်သော ယောင်္ကျားတွေဟာ နှလုံးသားကိုပါ ပိုင်ဆိုင်နိုင်ပြီဟု မှားယွင်းစွာတွက်ဆ လက်ခမောင်းခတ်ခဲ့ကြသည် ၊ သူတို့အမှားက သူတို့တွက် နာကျည်းချက်တွေကို လမ်းစဖေါ်ပေးတာဖြစ်ကြောင်းပြောတော့ အသည်းမာသူ တစ်ယောက်ဟု နွေနှောင်း စွဲမှတ်ခံခဲ့ရသည် ၊
“ကဲ - - နှောင်းဘာပြောရမလဲ ၊ ရှင်တို့တီထွင်တဲ့ ကိုယ်ပိုင်တရားရုံးမှာ ရှင်တို့ပဲစွဲချက်တွေတင် ။ ရှင်တို့ပဲ တရားသူကြီးဖြစ် ၊ ကျွန်မတွက် အယူခံဝင်စရာမရှိသလို ၀င်စရာလိုမယ်လို့လဲမထင်ဘူး ၊ စွဲချက်တွေက တဖက်သတ်ကြီး ထောက်ထားချက်မဲ့နေခဲ့တာကိုး”
တခါတလေတော့ သူမ တွေးမိပါသည်
“ငါ့ကြောင့် တကယ်ပဲ သူတို့အသဲကွဲခဲ့လေသလား ၊ အို - - မရေရာတဲ့အဖြေကြားမှာ ရာဇ၀တ်မှုကျူးလွန်ဖူးသူလို ဘာလို့နေရမလဲ ၊ ပြန်မချစ်နိုင်ခဲ့တာ ဥပဒေကို ချိုးဖေါက်တာမှမဟုတ်တာ ၊”

တကယ်တော့ သူမလဲ သိပ်ချစ်ချင်မိတာပါပဲ ၊ မူးသွပ်သွားအောင်ဆွဲဆောင်နိုင်သူကို တပ်မက်ဖူးသည် ၊ အနမ်းတပွင့်မှာ ယိုင်လဲကြွေကျ သွားစေနိုင်သူကို တောင့်တမိသည် ၊ နေမင်းလို ဘ၀မှာ အလင်းပေးနိုင်သူကို မျှော်လင့်သည် ၊ လမင်းလို အေးချမ်းခြင်း ဆောင်ကျဉ်းပေးနိုင်သူကို တမ်းတသည် ၊ နောက် အရေးကြီးဆုံးကတော့ သူမကို သိပ်ချစ်မယ့်သူပေါ့ ၊ သူမကို မျက်ရည်တစ်စက် မကျစေမယ့်သူ ၊

ထိုသူကိုစောင့်ရင်းနဲ့ပဲ တံတိုင်းတခုတည်ဆောက် ဒဏ်ရာနဲ့ကင်းဝေးတဲ့ရဲတိုက်မှာ ခိုလှုံခဲ့သည် ၊ တစ်နေ့တော့ အိပ်မက်ထဲကမင်းသားလေး လာကယ်ဆယ်မယ်ဆိုတဲ့ အတွေးနဲ့ပေါ့ ၊ လေထဲမှာ တိုက်အိမ်ဆောက်နေလာတာ အချိန်အတန်ကြာသော် မျှော်လင့်ချက်လျှော့ပြီး ထိုအိပ်မက်ကို စွန့်လွှတ်ခဲ့သည် ၊ နွေနှောင်းကဒီလိုပါပဲ - - မသေချာသောအရာတခုကို စောင့်လေ့မရှိဘူး ၊ ပန်းတိုင် မရှိတဲ့လမ်းကို အရဲစွန့် မသွားဘူး ၊

နွေနှောင်း ဆယ့်ရှစ်နှစ်လောက်ကစပြီး ကဗျာတွေကို ချစ်တတ်ခဲ့သည်
“ကဗျာတွေကိုချစ်ရတာ ကြောက်စရာမကောင်းဘူးလေ ၊ သူတို့တွေက နှောင်းရင်ထဲက စကားတွေကို နားလည်တယ် နားထောင်ပေးတယ် ။ အမြဲပန်ပြုံးပြတတ်တယ် ၊ သူတို့အပြုံးမှာ ကျချင်နေတဲ့ မျက်ရည်တွေ တိမ်တွေနဲ့လွင့်ပါသွားသလို ။ ပင်လယ်ကပဲ ၀ါးမြိုသွားသလို ။ နေမင်းကပဲ စုပ်ယူသွားသလို ၊ အဲလိုဖြစ်အောင် ကဗျာတွေက ဖန်တီးပေးတယ် ၊ ဒါကြောင့်ချစ်တာ ၊”
နောက် ဘ၀မှာဖေါ်ပြခွင့်မရှိသော မခံစားဘူးသော အလွမ်းများကို ကဗျာတွေမှာ သရုပ်ဖေါ်လေ့ ရှိသည် ၊ အနက်ရှိုင်းဆုံး အမှောင်မိုက်ဆုံးဝေဒနာမျိုးကို ကဗျာတွေနဲ့ သူမခံစားကြည့်ဖူးသည် ၊

ထိုအခါတော့လဲ လူတွေက နွေနှောင်းကို ဂရုနာသက်ကြပြန်သည် ။ အလွမ်းကဗျာတွေပဲ သိပ်မရေးပါနဲ့တဲ့ ၊
“ဘာဆိုင်လို့လဲကွယ် ၊ နှောင်းဘာသာ ရေးချင်လို့ရေးတာ ။ အသနားခံချင်လို့မဟုတ်ပါဘူး ၊ အလွမ်းဟာ ဘယ်လောက်ထိနက်ရှိုင်းတယ်ဆိုတာ ခံစားကြည့်ချင်လို့ ၊”
နွေနှောင်းက ထိုသို့လူစား - - တစ်စုံတရာကို ခံစားဖူးချင် အတွေ့ အကြုံရချင်တယ်ဆိုပြီး တစွတ်ထိုးလုပ်တတ်သည် ၊ ဒါပေမယ့် တစွတ်ထိုးလုပ်သော စာရင်းထဲမှာ အချစ်ဆိုတာ မပါခဲ့တာ သေချာပါသည် ၊

နွေနှောင်းနဲ့အချစ်ဟာ မြင့်မိုရ်တောင်နဲ့ ကောင်းကင်လို ၊ အညတရ ကဗျာဆရာလေးနဲ့ ရလုဆဲ စာမူခလို ၊ နီးမလိုနဲ့ ဝေးနေခဲ့သည် ၊

(၃)
ဒီခြေလှမ်းတွေဟာ ဟိုးတချိန်တုံးက ခံစားချက်မဲ့နှလုံးသားရဲ့ စေစားရာကိုလျှောက်လှမ်းရင်း တစ်ယောက်တည်းသမားဘ၀မှာပဲ ကျင်လည်ခဲ့ကြသည်၊ စာနာမှုတွေနည်းပြီး သစ္စာလျော့ပါးနေတဲ့ လောကကြီးရယ်လို့ ထင်မှတ်လာခဲ့တာဟာ သူ့ ရဲ့ ယုံကြည်ချက်များထဲက တစ်ခုဖြစ်ခဲ့တာပေါ့၊
“သစ္စာတရားနဲ့ မေတ္တာစကားတွေ ကိုးကွယ်နေလို့ကတော့ ဘာမှထူးလာမှာမဟုတ်ဘူး။ ဘ၀ရဲ့သားကောင် ပြန်ဖြစ်နေမှာပဲ။ အို .. ဒါတွေနဲ့ဝေးအောင် နေမှပါပဲ၊”
ပြတ်ပြတ်သားသားစိတ်ပိုင်းဖြတ်ထားခဲ့ခါ လူတွေနဲ့ဝေးဝေးမှာ သူနေလာခဲ့တာ။ အထူးသဖြင့် မိန်းကလေးတွေရဲ့ ဝေးရာမှာပေါ့၊
“တစ်ယောက်တည်းနေရတော့ ခံစားချက်ဆိုတာ ပေါ်လာမှာမဟုတ်တော့ဘူးလေ။ ဗုဒ္ဓဘုရားက ဟောသွားတယ်.. အတွေ့ အထိတွေမရှိရင် တပ်မက်မှုဆိုတာလဲ ရှိလာမှာမဟုတ်ဘူးတဲ့။ စွဲလမ်းတပ်မက်မှုတွေမရှိတော့ ဝေဒနာကင်းသတဲ့၊ ကဲ .. မှန်လိုက်တာ ဒို့ ရဲ့ ဘ၀လဲဒီလိုပဲ၊”
အသည်းတံခါးတွေပိတ်လို့ နေလာရင်း တိမ်ယံ တစ်ယောက် လောကကြီးကိုခေါင်းမာမာနဲ့ ရင်ဆိုင်ပစ်ခဲ့သည်၊ သူ့ နာမည်အပြည့်အစုံသည် “လှိုင်းတိမ်ယံ”။ အမိမြေနဲ့ဝေးရာမှာ ဆယ်ကျော်သက် အရွယ်ကတည်းက ကြီးပြင်းလာသောကြောင့် လူမျိုးခြားသူငယ်ချင်းတွေသာ များခဲ့သောတွက် အများစုက အသံထွက်မခေါ်နိုင်သော ‘လှိုင်း’ကိုဖျောက်ပြီး ‘တိမ်ယံ’ဟုသာ ခေါ်ကြလေ့ရှိခဲ့သည်၊

နာမည်နဲ့လိုက်အောင် သူစိတ်ဆိုးသောအခါ ဒီလှိုင်းတွေတက်လာသလို ဒေါသတွေတရိပ်ရိပ် တက်လာပြီး စိတ်အရမ်းကြီးတတ်သည်။ ဒါပေမယ့် ထိုသို့စိတ်ဆိုးတာကို မြင်ရတဲ့သူဟာလဲ နောက်ဘယ်တော့မှ သူ့ဘ၀မှာ ထပ်ပြီးစကားပြောမယ့် လူတစ်ယောက်ဖြစ်မှာ မဟုတ်တော့ပါဘူး၊ စိတ်ကြီးတတ်သလို စိတ်ဓာတ်သိမ်မွေ့တဲ့နေရာမှာလဲ နှစ်ယောက်မရှိဘူးလို့ဆိုရသလောက် မသင့်မြတ်သူမရှိဘဲ လူတကာနဲ့ သင့်တင့်အောင် ပေါင်းသင်းဆက်ဆံလေ့ရှိတာ သူ့ ရဲ့ ပင်ကိုဗီဇတစ်ခု၊

မိဘနှစ်ဦးလုံးရဲ့  စိတ်နေသဘောထားနဲ့ အမူအကျင့်တချို့ အတူပါလာခဲ့တယ်ဟု ဆိုရမယ်။ ချစ်ရ သံယောဇဉ်ရှိသူတွေအပေါ် အရမ်းစာနာယုယသော မိခင်ဖြစ်သူရဲ့  ကြင်နာတတ်သော နှလုံးသားကို အမွေရလိုက်သလို .. အစွဲအလမ်းနည်းလေ့ရှိသော ဖခင်ရဲ့ စိတ် ဓာတ်တချို့ ကိုလဲ တိမ်ယံ ပိုင်ဆိုင် ရယူထားခဲ့သည်၊ ဗဟုသုတရသောစာအုပ်များကို ငယ်စဉ်ကအဖေါ်လုပ် အရွယ်ရောက်လာတော့ ကွန်ပြူတာကိုပဲ မိတ်ဆွေဖွဲ့ခါ အချိန်တွေကိုသူကျော်ဖြတ်လာခဲ့တာ.. ဘာလိုလိုနဲ့၂၄နှစ်တောင် ကုန်ဆုံးခဲ့ပြီပဲ၊

(၃က)
“ဆွဲကြိုးလေးနဲ့ အဲဒီကောင်လေးကို စိတ်ဝင်စားလို့ တဲ့။ ကျတော့်ကိုပြောနေတယ်”

“ဟာ .. မင်းဟာကဟုတ်ရဲ့ လားကွာ။ မင်းက ဘာတွေသွားပြောလို့ လဲ”

“ဟုတ်တယ်အကိုရ။ အဲဒီအမနဲ့ကျတော်က တတန်းထဲ။ အကို့ ကိုကျူရှင်မှာ သူက ကြည့်ကြည့်နေတာ”
ဘ၀အတွက်အရေးမကြီးတာကို တိမ်ယံ အတွေးထဲမှာ ကြာကြာသိမ်းထားလေ့မရှိပါ ။ ဦးနှောက်ကို နေရာမရှိ ပြည့်ကျပ်စေသောအလုပ်ဟုသူ ထင်သည် ၊ ဒါပေမဲ့ငယ်ငယ်က ရီစရာအဖြစ်တချို့ အား သူရေးရေးလေးမှတ်မိသေးသည်၊

ကောင်မလေးတစ်ယောက်ရဲ့ စိတ်ဝင်စားမှုကိုခံရတော့ လူငယ်တို့ သဘာဝ သူစိတ်လှုပ်ရှားမိတာပေါ့၊ သူငယ်ချင်းတွေမြှောက်ပေးလို့  ရဲဆေးတင်ပြီး ရီးစားစကားလိုက်ပြောမိတာ။ တိမ်ယံတစ်ယောက် ငါးပါးမှောက်တော့တာပဲ၊ လမ်းအမြန်လျှောက်နေတဲ့ ကောင်မလေးနောက် မနည်းလိုက် နေရတဲ့ကြားထဲ ရောက်ခါနီးမှီကာမှ စကားပြောမယ်ကြံခါရှိသေး အသံကလုံးဝထွက်မလာတော့လို့  ၀ိုးဝိုးဝါးဝါး ပါးစပ်ကဖြစ်ရင်း နောက်ဆုံးမှာတော့ တပ်ခေါက်ပြန်ခဲ့တာ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် ရီးစားစကား ပြောခြင်းရယ်လို့  သူ့ ဘ၀မှာ ရာဇ၀င် တွင်ကျန်ရစ်ခဲ့သည်၊

အချစ်ရေးနဲ့ပတ်သက်လာရင် မရေရာမသေချာမယ့်အရာကို ဘယ်တော့မှမစွန့်စားခဲ့ပဲ နည်းနည်း လေးတောင် အရှုံးပေးရမယ်ဆိုတာ သူ့ ရဲ့ အဘိဓာန်မှာ မထားရှိခဲ့ဘူး၊ ဒါကိုတချို့ကမာနကြီးတယ်ဟု ပြောကြသည်။ တချို့ကတော့ဟန်များသည်တဲ့။ ဒီလိုစိတ်ဓာတ်မျိုးနဲ့နေလာတာ တိမ်ယံမှာတော့ သူ့အကြောင်းနဲ့ သူပါလေ ။ နားမလည်နိုင်သူတွေအကြား ဖြတ်သန်းနေရသော ဘ၀ခရီးကို သူ ပင်ပန်းလှသည်၊

နားလည်မှုတွေပေးဆပ်ခါ ကြင်နာချင်းတွေအပ်နှင်းပြီး တုံပြန်လာသော မေတ္တာစစ်ကို သူသိပ်ချစ်ရမယ့် ချစ်သူလေးဆီကရရှိခဲ့တာ အကြိမ်ပေါင်း မရေတွက်နိုင်အောင်ပါပဲ။ အိပ်မက်ကလေးတွေထဲမှာပေါ့၊ အတွေးထဲမှာသာရှိနေသော ဒီမေတ္တာစစ်မျိုး။ အိပ်မက်ထဲမှာသာရှင်သန်နေခဲ့တဲ့ ဒီလို ချစ်တတ်သူမျိုး သူ့ ရဲ့ ဘ၀မှာ ရရှိခံစားနိုင်မှာ မဟုတ်တော့ပါဘူးဟု စဉ်းစားနေခိုက် ။ အချစ်မှာ ယုံကြည်ချက် ကင်းမဲ့နေသော တိမ်ယံသည် မရည်ရွယ်ပါပဲ သူမအား ရှာဖွေတွေ့ရှိခဲ့သည် ။

ကံကြမ္မာရဲ့ အလှည့်အပြောင်းမှာ အခါနှောင်းပြီဟု တွေးထင်ထားကြသော သူတို့ နှစ်ယောက်။ လောကကို သူ့ နီးသူ့ ဟန်နဲ့ ရင်ဆိုင်အနိုင်ယူနေကြရင်း မထင်မှတ်ဘဲ ဘ၀လမ်းဆုံမှာ ကြုံလာရပြီပေါ့၊

(ဆက်ရန်)

No comments: