Thursday, July 12, 2007

အိမ်မက်အိမ် သို့သာ ညွှန်းဆိုပါသည်

အိမ်မက်အိမ် ခင်ဗျာ

လူဘ၀ ဆိုတာက .... ( ဘ၀ နဲ့ စပြောလို့ ဒီချာတိတ်က စကားကြီး ၊ စကားကျယ် ပြောတယ်လို့ မထင်ကြပါနဲ့ဦး ဗျာ ....။ )
အ၀င်လမ်း နဲ့ အထွက်လမ်း ဂိတ်တစ်ခုတည်းမှာပဲ ပေါင်းစုံတဲ့ ၀င်္ဂဘာ တစ်ခုပါဗျာ ... ။ အချိန်တန်ရင် ကျွန်တော်တို့လူသားတွေ အားလုံးဟာ ဒီဂိတ်တံခါးက ဖြတ်ကျော်သွားကြရမှာပဲလေ...။ ဒီ ၀င်္ဂဘာဂိတ်တံခါးရဲ့ တဖက်မှာ ကျွန်တော်တို့တတွေ ဘယ်ကလာခဲ့တယ် ရေရေရာရာ ကျွန်တော်တို့တတွေ မသိကြသေးပါလားခင်ဗျာ ...။ ပြန်ထွက်သွား ရမယ့် ဒီဂိတ်တံခါးကရော ...? code number သက်မှတ်လို့ မရတဲ့ ဒီဂိတ်တံခါးရဲ့ တစ်ဖက်တစ်ချက်က အရောင်အဆင်း သတ်မှတ်မရနိုင်တဲ့ နေရာ ...။ ဒီအတောအတွင်းမှာ ဂိတ်တံခါးကို ဦးတည်ရင်း လျှောက်လှမ်းနေကြတဲ့ လူသားဆိုတဲ့ ကျွန်တော်တို့တတွေ ....

ခရီးဆုံးက ဘာလဲ ?
ခရီးဆုံးက ဘယ်လဲ ?


ကျွန်တော်တို့တတွေ လိုလိုလားလား မဖြေနိုင်တဲ့ ဒီမေးခွန်းတွေ အထပ်ထပ် မမေးလိုတော့ ပါဘူးဗျာ ...။ ခရီးဆုံး ဆိုတာ နောက်ထပ် ခရီးတစ်ခု စတင်ခြင်းဖြစ်ဖို့သာ များနေတာ မဟုတ်လား ...။ဒီတော့ လူ့ဘ၀ကို လောကခရီးသည်တို့ရဲ့ ခေတ္တ ၊ ခဏ ၀င်ရောက်ချွေးသိပ် အပန်းဖြေရာ ဇရပ်ကြီးတစ်ဆောင်လို့ သတ်မှတ်ကြစို့ လားဗျာ....။

အခု ကျွန်တော်တို့တတွေ ဒီဇရပ်ကြီး မှာ တွေ့ကြတယ် ။ အချိန်တန်ရင် (ကျွန်တော်တို့တတွေ မေ့ပျောက်ထားပါလျှက်နဲ့ ) ခွဲခွာကြရဦမယ် ။ ကျွန်တော်တို့ တတွေက ကိုယ်နဲ့မပါတ်သက်ရင် ကိုယ့်ကိစ္စ မဟုတ်ဘူး လို့ တွေးထင်မိကြတယ်နော် ... ။ သြော် ... ကိုယ်နဲ့ ပါတ်သက်မှသာ .... ထားပါတော့ဗျာ ..။

ဒါတွေဟာ အမှန်စင်စစ်ဆိုရင် ဗုဒ္ဓ္ဒမြတ်စွာဘုရား ဟောကြားခဲ့တဲ့ အနိစ္စ ဆိုတဲ့ မမြဲခြင်းတွေပါပဲဗျာ ...။

ဒါတွေက ကျွန်တော်တို့ ဗုဒ္ဓ္ဒဘာသာဝင်တိုင်း သိထားကြပြီးသားပါဗျာ ...။ သို့ပေမယ့် " ကိုယ်လည်းလေ လောကီသား " ဆိုသလိုပေါ့ ဗျာ...။ ( လောကီ ၊ လောကုတ္တရာ ဆိုတဲ့ စကားကြီးတွေ သုံးရင် မိတ်ဆွေတို့က လူသားဆန်စွာ နောက်ချန်နေမိ ကြဦးမယ် ) ဒီတော့ လူ့ ဘ၀ လူလာဖြစ်မှတော့ လူသားဆန်ချင်တဲ့ ခံစားချက် ၊လူဖြစ်ရကျိုး ဆိုတာတွေက ရှိသေးရဲ့ ။ ဒီတော့ ကျွန်တော်တို့ လူသားဆန်ဆန် နေကြမယ် ။ ဖြစ်ပါတယ်....ခင်ဗျာ ။ ဒီလိုနေကြဖို့ လူတိုင်း၊ လူတိုင်းဟာ လူသားဆန်ဆန် နေကြမယ်ပေါ့  ။ တစ်ခုတော့ ရှိတယ် ...

လူဘ၀ လူလာဖြစ်တော့ လူဖြစ်ခွင့်ရရင် တော်ပြီလား ?

မဖြစ်သင့်ပါဘူးခင်ဗျာ ...။ ကျွန်တော်တို့တတွေ နေထိုင်ခိုအောင်းခွင့် ရခဲ့တဲ့ ဒီဇရပ်ကြီးမှာ ဘာတွေလိုနေလဲ ? ကိုယ်စွမ်းသလောက် ပြုပြင်ခဲ့မိရုံလေးနဲ့တင် .... ကျွန်တော်တို့ရဲ့ အနာဂတ် မျိုးဆက်တွေအတွက် ထိုက်သင့်တဲ့ သက်တောင့်သက်သာ ရှိမှုတော့ ရရှိကြမှာပါဗျာ ...။ ကျွန်တော်တို့ နေခဲ့စဉ်က မိုးကမလုံ ၊ နေခြည်ထိုးဖေါက် ၊ လေကတဖျောက်ဖျောက် ဖြစ်နေခဲ့တာများ ပြုပြင်ခဲ့မိရင် ... နောင်လာနောက်သား မျိုးဆက်များအတွက်က ဘယ်မှာသောက ရှိကြတော့မှာလဲ ? ခင်ဗျ ။

နောင်ဘ၀ဆိုတဲ့ အရောင်မဲ့ ဂိတ်တံခါးက ထွက်ခွာသွားတဲ့ အချိန်တန်ရင်ရော ...၊

ကျွန်တော်တို့ရဲ့ ......

ရေးခဲ့တဲ့ စာမျက်နှာတွေက သမိုင်း ၊
လုပ်ဆောင်ခဲ့တာတွေက မှတ်တိုင် ၊
သံသရာ ဆိုတာအတွက် က ပါရမီ ....


ကဲ ... ဘယ်မှာအပြစ်လို့ မြည်တွန်လို့ရကြမှာလဲ ?

အိမ်မက်အိမ် ရေ ....
ကျွန်တော်တို့ တတွေ သမိုင်းမှာ မှတ်တိုင်စိုက်ထူ ကြစို့လားဗျာ
....။


မိတ်ဆွေသို့ ...

ခရီးတစ်ထောက် ရောက်ခဲ့တဲ့နေရာ
ဒါ ... ဘ၀ပါခင်ဗျာတဲ့
ခင်ဗျား နဲ့ ကျွန်တော်
ဘယ်သူမှ ပိုမတော်ပါဘူး
နေရောင် ၊ ကြယ်ပြောက် ဆောင်းနှင်းပေါက်တွေ
တားဆီးစေဘို့ ခင်ဗျားစွမ်းရင်
ကျေနပ်စွာ ၀န်ခံချင်ရဲ့
ခင်ဗျား ကျုပ်ထက် သာပါတယ် ...။ ။



No comments: