Wednesday, July 11, 2007

"၀"လုံး ရေးဘို့ သင်ပေးသူ

လူတိုင်း ကိုယ်စီမှာ " ဆရာ " ဆိုတာ ရှိကြပါလိမ့်မယ်။ ကကြီး ၊ ခခွေး(ကွေး) သင်ပေးတဲ့ ဆရာ ၊ ဘိုင်အိုလော်ဂျီ သင်ပေးတဲ့ ဆရာ၊ ဖီလော်ဆော်ဖီ သင်ပေးတဲ့ဆရာ ၊ လုပ်ငန်းခွင်ထဲ ရောက်လာပြန်တော့လည်း အလုပ်တွေ သင်ပေးတဲ့ ဆရာ .... ဟိုဆရာ ၊ ဒီဆရာ စသည်ဖြင့်ပေါ့လေ...။

ထားပါတော့ ဟိုဆရာ ၊ ဒီဆရာတွေ အကြောင်းကို ၊ ကျွန်တော်ပြောချင်တာက ကျွန်တော့်ရဲ့ငယ်ဘ၀ ၀လုံး ရေးတတ်တဲ့ အချိန်ကစလို့ ၊ ဒီနေ့ ဒီအချိန်အထိ တွေခဲ့ရတဲ့ ဆရာတွေ အကြောင်းကိုပါ ။

ချစ်စွာသော Internet ချစ်သူ ...
" မင်းရဲ့ ဆရာတွေ အကြောင်းကို ပြောနေရအောင် မင်းက ဘာကောင်မို့လဲ ..." လို့ စိတ်ထဲက မပြောလိုက်ပါနဲ့။ ကျွန်တော် အထက်က ဆိုပြီးသလို လူတိုင်းကိုယ်စီမှာ ငယ်ဘ၀ကနေ လက်ရှိအချိန်အထိ ဆရာတွေ ရှိခဲ့ကြသလို ၊ ကွန်တော့်မှာလည်း ဘ၀တစ်လျှောက်လုံး အတွက် အမှတ်တရ ဖြစ်နေစရာ ဆရာတွေရှိခဲ့တာကြောင့် လူထဲက လူတစ်ယောက်ဖြစ်တဲ့ ကျွန်တော်က ကျွန်တော့် ဆရာတွေအကြောင်းကို ပြောပြချင်ရတာပါ ။ မိတ်ဆွေတို့လည်း မိတ်ဆွေတို့ရဲ့ ငယ်ဘ၀က ဆရာတွေအကြောင်းကို ပြန်စဉ်းစား ၊ ပြန်တွေးတောပြီး ၊ ပြန်ပြောလို့ ရတာပေါ့နော် ...။


ပထမဆုံး ကျွန်တော်ကို ၀လုံးရေးတတ်အောင် သင်ပေးတဲ့ ဆရာကို ကျွန်တော်တို့ ကျောင်းသား ၊ ကျောင်းသူတွေနဲ့ ဆရာ ၊ ဆရာမတွေ အားလုံးက " ဆရာလေး " လို့ ခေါ်ပါတယ်။ ဆရာလေးရဲ့ နံမယ် အရင်းကိုတော့ ကျွန်တော် မမှတ်မိတော့ပါဘူး ။ ကျွန်တော် သူငယ်တန်း နေခဲ့တဲ့ကျောင်းက မန္တလေး မြို့အ၀င် တံခွန်တိုင်စစ်တပ် အတွင်းမှာရှိတဲ့ အမှတ် (၅၀) မူလတန်းကျောင်းပါ။ ကျွန်တော်တို့ ကျောင်းရဲ့ရှေ့မှာ ရန်ကုန်၊ မန္တလေး ကားလမ်းမကြီး ရှိပါတယ် ။ ရန်ကုန်ဘက်ကို ထွက်တဲ့ "မြသုံးလုံး" အဝေးပြေး ကားကြီးတွေ ကျောင်းရှေ့ကို ဖြတ်တဲ့အချိန်ဟာ ညနေကျောင်းဆင်းချိန်ပါ။

ဆရာလေးက ကျွန်တော်တို့ ကျောင်းနဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ " တောင်မြင် " ရွာမှာနေပါတယ် ။ အများစုနေထိုင်သူတွေဟာ မြန်မာပြည်ဖွား အိန္ဒိယအနွယ် မွတ်စလင် ဘာသာဝင်တွေ ဖြစ်ပါတယ် ။ ကျွန်တော့် ဆရာလေးရဲ့ ရုပ်ရည်က ဘောလိဝုဒ် မင်းသားကြီး အမီတာဘဂျမ်း နုစဉ်အခါက ရုပ်ရည်မျိုးပါ ။ ဒါပေမယ့် ကျောင်းကိုလာတဲ့ အခါတိုင်းမှာ တိုက်ပုံအင်္ကျီ ၊ လည်ကတုံး အင်္ကျီ ၊ ဘန်ကောက်လုံချဉ် နဲ့ ကတ္တီပါ ဖိနပ်ကို မြန်မာဆန်ဆန် သပ်သပ်ရပ်ရပ် ၀တ်ဆင်တတ်ပါတယ်။

ကျွန်တော့်ကို ၀လုံး ရေးတတ်ဖို့ သင်ပေးတဲ့ အချိန်တုန်းက ဆရာလေးဟာ လူပျိုလူလွတ် တစ်ယောက်ပါ ။ ဆရာလေးရဲ့ မိဘတွေဟာ ၀မ်းစာ ပြည့်စုံကြပါတယ် ။ ဆရာလေးတို့ မိသားစုမှာ မန္တလေး နဲ့ ကျောက်ဆည် ပြေးနေတဲ့ ဘတ်စ်ကားကြီးတွေ ရှိပါတယ်။ အခုခေတ် ရန်ကုန် အခေါ်တော့ " ဗိုက်ပူ " ပေါ့။ ကားကြီးတွေတိုင်းရဲ့ ရှေ့မှာလည်း " ဘွန်း " ဆိုတဲ့ နံမယ်တွေ ကိုရေးထားပါသေးတယ်။ " ဂျိမ်းစ်ဘွန်း " ရဲ့ နံမယ် အတိုကောက် " ဘွန်း " နဲ့ တင်စားထားတာပါ။ နံမယ်နဲ့ ထပ်တူ ကားကြီးတွေကလည်း ကျေက်ဆည် ၊ မန္တလေး လမ်းတစ်လျှောက်မှာ ဘယ်ကားကမှ လိုက်မမှီပါဘူး။

ကျွန်တော် ငယ်ငယ်တုန်းက တနင်္ဂနွေ ကျောင်းပိတ်ရက်တိုင်းမှာ ကျွန်တော်တို့ အဘိုးအဘွားတွေနေတဲ့ ဘုရားကြီးနားက အိမ်ကိုသွားတိုင်း တခါတလေမှာ ဆရာလေးတို့ မိသားစုပိုင်တဲ့ " ဘွန်း " ဆိုတဲ့ ကားကြီးနဲ့လည်း ဆုံတတ်ပါတယ်။အဲဒီအခါမှာ ကွန်တော်တို့ တစ်မိသားစုလုံးကို ရင်းနှီးနေတဲ့ ကားမောင်းသူ ဆရာလေးရဲ့ အစ်ကိုက ကျွန်တော့်ကို သူ့ရဲ့ ပေါင်ပေါ်တင်ပြီး ကားမောင်းတတ်ပါတယ်။

၁၉၇၃ ခုနှစ်နဲ့ ၇၄ ခုနှစ်မှာ သူငယ်တန်းလေးနဲ့ သူငယ်တန်းကြီးကို ဆရာလေးရဲ့ အတန်းမှာ နေခဲ့ရပြီး ၊ သူငယ်တန်း အောင်ပြီးတဲ့နောက်မှာတော့ ကျွန်တော့်ရဲ့ အဖေက တပ်မတော်ကနေ အနားယူခဲ့တဲ့အတွက် ကျွန်တော်တို့ မိသားစုလည်း မန္တလေးမြို့ လမ်း(၈၀) ပေါ်က တာရဲတန်းရပ်ကွက် ကို ပြောင်းရွှေ့ခဲ့ကြပါတယ်။

အဲဒီအချိန်က စလို့ ဒီနေ့၊ ဒီအချိန်အထိ ကျွန်တော့်ကို ၀လုံးရေးတတ်ဖို့ သင်ပေးခဲ့တဲ့ ဆရာလေးကို မတွေ့ဖြစ်တော့ပါဘူး။ မြန်မာပြည်ကို အလည်ပြန်ရောက်တိုင်း ကျွန်တော်စီးလာတဲ့ အဝေးပြေး Express ကားကြီး မန္တလေးမြို့ အ၀င်ကို ရောက်ရင် "တောင်မြင့်ရွာ" ကားလမ်းဘေးမှာ ရပ်ထားတတ်တဲ့ ဘတ်စ်ကားကြီးတွေထဲက " ဘွန်း " ဆိုတဲ့ ကားကြီးတွေကို လိုက်ရှာ တတ်ပါတယ်။ တောင်မြင့်ရွာ ကျော်လာတာနဲ့ တံခွန်တိုင် စစ်တပ်အပေါက်ဝက ကျွန်တော် သူငယ်တန်း နေခဲ့ဘူးတဲ့ ကျောင်းလေးကို သတိတရနဲ့ လှမ်းငေးမိပါတယ်။ဟိုးတုန်းက ၀လုံးရေးတတ်စ အရွယ် ငယ်ဘ၀ရဲ့ ပုံရိပ်တွေဟာ ကျွန်တော်ရဲ့ စက္ခုဖန်သားပြင် ပေါ်မှာ တခန်းပြီးတခန်းပေါ်လာတဲ့ လွမ်းမောဖွယ် ရုပ်ရှင်ဇာတ်လမ်း တပုဒ်လို လွမ်ဖွယ်အတိ ဖုံးလွမ်းလို့ နေပါတော့တယ် ။ ။

No comments: