Tuesday, July 24, 2007

အညတရတို့ရဲ့ အလွမ်းဇာတ်

ဒီနေရာကို ကိုယ်ပြန်ရောက်ခဲ့ရပြန်ပါပြီ ဒေးမူ။ ကိုယ်ရပ်နေတဲ့တောင်ကုန်းလေးနဲ့ ဟိုတုန်းက ဒေးမူ ဆော့ပြေးကစားပြီး အခုတော့ ထာဝရလဲလျောင်းအိပ်စက်နေတဲ့ တောင်ကုန်းကလေးကို ခြားထားတဲ့ ဒူးရင်းခြံတွေ။ ကွမ်းသီးခြံတွေကို လှမ်းတွေ့နေရတယ်။ ဆရာနိုင်ဝင်းဆွေရဲ့ အချစ်ည ၀တ္ထုထဲက စာသားလေးတခုကိုတောင် ပြေးအမှတ်ရမိသေးတယ်။ ဘာတဲ့ တောင်ကုန်း တခုနဲ့ တခုကို တောင်ခိုးတွေက ဆက်သွယ်ပေးထားတယ် ဆိုလား ဘာလား။ သိပ်အပြည့်အစုံတော့ မမှတ်မိတော့ပါဘူး။

အဲဒိလိုဘဲ ကိုယ်နဲ့ ဒေးမူရဲ့ဘ၀ကိုလည်း ဘယ်အရာက ဆက်စပ်ဆုံစည်းခဲ့စေသလဲ ဆိုတာကို အခုထိ ကိုယ်အဖြေရှာလို့ ကောင်းဆဲ ဘဲ။ တိကျတဲ့ အဖြေတော့ မရသေးပါဘူး။ ချစ်ခြင်း မေတ္တာက အဓိကအဖြေဘဲလို့လည်း ကိုယ်က လက်မခံချင်ဘူး။ အဲဒိလို စကားလုံး သုံးရင် လည်း ဒေးမူက ရယ်ဦးမယ်။ ကျမမှ ဒါတွေနားမလည်တာ ဆိုတဲ့ လက်သုံးစကားကို သုံးရင်းနဲ့ လေ။ ဖြစ်နိုင်တာတခုတော့ရှိတယ် ဒေးမူ။ သဘာဝတရားအရကိုက ပြဌာန်းထားချက်တွေ ရှိတယ်။ ကိုယ်တို့ ကြိုက်သည်ဖြစ်စေ။ မကြိုက်တာဖြစ်စေ။ အဲဒီတရားတွေကနေ လွန်ဆန်လို့ မရနိုင်ဘူး။ ဒီထဲမှာ တချက်ရှိတယ်ကွယ့်။ သက်ရှိလောကဘဲဖြစ်ဖြစ်။ သက်မဲ့လောကဘဲ ဖြစ်ဖြစ် မျိုးတူတာကို စုတတ်တဲ့သဘာဝရှိတယ်။ ကျွန်းပင်ဆို ကျွန်းပင်ကြီးဘဲ ပေါက်တာမျိုး ပေါ့။ ဒါမှမဟုတ် မျောက်တွေ တစုတစည်းတည်း နေထိုင်တတ်တဲ့ သဘာဝမျိုးတွေ။ ဒီလိုပါဘဲ ကိုယ်နဲ့ ဒေးမူလည်း မျိုးတူလို့ဆုံစည်းမိတယ်လို့ ထင်မိတယ်။ မျိုးတူတယ်ဆိုတာက လူမျိုး ကွဲပြားတာတွေနဲ့လည်း မဆိုင်ဘူး။ ပညာတတ်ခြင်း။ မတတ်ခြင်းကိုလည်း ကိုယ်ရည်ညွှန်းတာ မဟုတ်ဘူး။ ကိုယ်တို့ နှစ်ယောက် ဘယ်မှ မျိုးသွားတူသလဲ ဆိုတော့ အဖိနှိပ်ခံရခြင်း ဆိုတဲ့ အကြောင်းတရား သွားတူကြတယ်လေကွယ်။ ကိုယ်တို့ရဲ့ ခေတ်အပါအ၀င် ခေတ်အဆက် ဆက်ဟာ အဖိနှိပ်ခံနေရတဲ့ ပြည်သူတွေက ဖိနှိပ်သူ အဆက်ဆက်ကို တုံ့ပြန် တော်လှန်ခဲ့တဲ့ သမိုင်းအဆက်ဆက်ပါ။ နှစ်ရှည်ကြာလာတာနဲ့အမျှ ဟောဒီအလွမ်းဇာတ်ဟာ အဆုံး မသတ်နိုင်တော့ဘူးလားလို့ မြင်ကြတဲ့အထိကို အားလုံးကို လောင်ကျွမ်းခဲ့တာပါ။

အဲဒီ လောင်ကျွမ်းခံခဲ့ရတဲ့ အရာတွေထဲမှာ ကိုယ်တို့နှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာ ထုံလွှမ်းတဲ့ နှလုံးသားတစုံလည်း ပါခဲ့ပါတယ်။ တနည်းပြောရရင် မြန်မာသူပုန်ကောင်လေးတယောက်နဲ့ တောင်ပေါ်သူ ဒေးမူတို့ရဲ့ လူသူမသိနိုင်တဲ့ အလွမ်းဇာတ်ပေါ့။

ဟော့ဒီ ပတ္တလားတောင်ပေါ် ရောက်တိုင်း ရနံ့တွေ။ အထိအတွေ့တွေ။ အငွေ့အသက်တွေက ဘာမှ မပြောင်းလဲခဲ့ဘူး ဒေးမူ။ မင်းမရှိတာက လွဲလို့ပေါ့။ မင်းနားမလည်ပေမယ့် ကိုယ် က အတင်းပုံပြောပြသလို ပြောပြခဲ့တဲ့ နေရာလေး မှတ်မိသေးလား။ မင်း အဖိုးရဲ့ ဒူးရင်းသီးခြံထဲက ကြွေကျတဲ့ ဒူးရင်းသီးတွေကို သိမ်းထားတဲ့ကျင်းလေးလေ။ အဲဒိမှာ ပြောပြခဲ့တဲ့ ၀တ္ထုတပုဒ်ရှိသေးတယ် မဟုတ်လား။ ဆရာဦးကျော်အောင် ဘာသာပြန်တဲ့ အမှောင်ခေတ်က ချစ်သူများ ဆိုတဲ့ ၀တ္ထုပေါ့။ အဲဒီ ဇာတ်လမ်းကို နားထောင်ပြီးတော့ ဘာကိုမှ မသိတဲ့ ဒေးမူတောင်မှ မျက်ရည်လည်နေခဲ့တယ်။ ပိုလန်ကောင်လေး ပေါလ်နဲ့ ဂျူးမလေးအက်စ်သာ ရဲ့ ဇာတ်လမ်းပေါ့။ မင်းတောင်မှ ပြောခဲ့သေးတယ်။ အဲဒီလိုများဖြစ်ခဲ့ရင် ကျွန်မ ဘယ်လို ဖြစ်ကျန်မလဲ မသိဘူး။ ဆိုပြီးတော့လေ။ ဘာလို့ဆိုတော့ ကိုယ်က လက်နက်ကိုင် တော်လှန်ရေး သမားလေ။ တိုက်ပွဲတွေဆင်ရင်းနဲ့ သေဆုံးသွားနိုင်တာကိုး။ ဒါပေမယ့် ဇာတ်လမ်းထဲက အတိုင်းပါဘဲ။ မင်းက တိမ်းပါးသွားခဲ့ပြီ။ ဇာတ်လမ်းက ဇာတ်လမ်းပါဘဲကွယ်။ အဖြစ်အပျက်က အဖြစ်အပျက် အတိုင်းပေါ့။ မတူတဲ့တချက်က ဂျူးမလေး အက်စ်သာက တိုင်းတပါးသား ဖက်ဆစ်နာဇီစနစ် က သတ်ဖြတ်ခဲ့တာ။ ဒေးမူကတော့ ပြည်တွင်းဖြစ် ဖက်ဆစ် တွေကြောင့် ကြေမွလွင့်စင်ခဲ့ရတာ။

ကိုယ် ကဗျာတပုဒ် ဖတ်ရတယ်။ ကဗျာ ခေါင်းစဉ်က လွမ်းစေတီတဲ့ မိုဃ်းဇော်ဆိုတဲ့ ကိုယ်တို့ရဲ့ ပြည်မက ကဗျာဆရာတဦးရေးတာ။ တပုဒ်လုံးကြိုက်တယ်။ ဒါပေမယ့် စာသားလေးတခုကို တော့ မှတ်မှတ်ရရ ဖြစ်မိတယ်။

အဖြစ်အပျက်တွေ ဖြစ်ပျက်ပြီးနောက်
အငွေ့အသက်တွေ ကျန်ရစ်ခဲ့တယ်။

ဒီလိုပါဘဲ ဒေးမူ။ အဖြစ်အပျက်တွေဆိုတာ သမိုင်းတွေမဟုတ်လား။ ၀မ်းသာစရာကောင်းတဲ့ သမိုင်းတော့ မဟုတ်ပါဘူး။ ရှိပြီးသား အညှိုးအတေးအာဃာတတရားတွေကို ပိုပိုပြီး တောက်လောင်စေမယ့် အစိတ်အပိုင်းလေးတခုပေါ့။

(၂)
ကိုယ်တို့ စတွေ့ခဲ့ရာ မင်းအဘိုးရဲ့ ဒူးရင်းခြံထဲက တဲကလေးဆီကို စိတ်ကပြေးသွားပြန်တယ်။ မင်းအဘိုးကို ဆေးကုဘို့ ရောက်လာတဲ့ ဆေးမှူးသူပုန်လေးတယောက်ကို မီးဖိုချောင်ကွယ် ကနေ မျက်ဝန်းနက်နက်ကလေးနဲ့ ကောင်မလေးတယောက်က စူးစူးရှရှ လေ့လာအကဲခတ်နေ တဲ့ မြင်ကွင်းကိုလေ။ အဲဒီသူပုန်လေးက ကိုယ်ဖြစ်ပြီး မျက်ဝန်းနက်ကလေးက ဒေးမူ ဖြစ်လိမ့် မယ် ဆိုတာကို အဲဒီအချိန်တုန်းက ဘယ်သူက သိခဲ့ကြမလဲ။ ကာယကံရှင်နှစ်ဦး ကိုယ်တိုင် တောင်မှ မရိပ်စားမိခဲ့သေးတဲ့အချိန် မဟုတ်လား။

ဒေးမူရဲ့အဘိုးကို ဆေးကုပေးနေရင်း မင်းနဲ့ကိုယ်နဲ့ ပိုပိုပြီးနီးစပ်လာခဲ့တယ်။ တဖြည်းဖြည်းချင်း ရင်းနှီးမှုတွေပိုတိုးလာခဲ့တယ်။ အဲဒီအချိန်က ဒူးရင်းသီးတွေဖြိုင်ဖြိုင်ပေါ်တယ်ကာလလေ။ ဒူးရင်းသီးဆိုမှ ကိုယ်တို့က ဒူးရင်းသီး အရမ်းကြိုက်တာမှတ်မိသေးတယ် မဟုတ်လား။ ကြိုက်တယ်ဆိုတာထက်ကွယ် အဓိကက စားစရာမရှိလို့ ဒူးရင်းသီးကို ထမင်းနဲ့နယ်စားရတာ လို့ပြောရင် ပိုမှန်မယ် ထင်ရဲ့။ အဲဒါကို မင်းက သိသွားပြီး မင်းအဖိုးရဲ့ ဒူးရင်းသီးကြွေတွေကို သိမ်းထားတဲ့နေရာကို မင်းကခိုးပြတော့ အဖိုးက ဆူသေးတယ်လေ။ နောက် ဒူးရင်းသီးအစားများပြီး ရင်တွေပူတော့ မင်းဂွတ်သီးစားဘို့ အကြံပေးတာတွေ။ စခန်းချတဲ့ နေရာမှာ ကျန်ခဲ့တဲ့ ရဲဘော်တွေအတွက် ဒူးရင်းသီးများများသယ်သွားမယ်ကြံတော့ မင်းက အခွံနွှာပြီး အသားချည်းသက်သက် သယ်သွားဘို့ အကြံပေးခဲ့တာတွေ။ ဘာဘဲပြောပြောပေါ့ ချစ်သူရယ်။ မင်းနဲ့ ထိရှခဲ့တဲ့ အရာတိုင်းဟာ သက်ရှိဘဲဖြစ်ဖြစ်။ သက်မဲ့ဘဲဖြစ်ဖြစ် အလွမ်းတွေချည်းသက်သက်ဘဲ။

မင်းအဖိုးကို ဆေးကုပေးပြီး နောက်ပိုင်း မင်းရော။ ကိုယ်ရော စိတ်ထဲက တွေ့ချင်တာကို ဘယ်လိုမှ ထိန်းသိမ်းမရအောင် ဖြစ်ခဲ့ပြီး ဆုံဖြစ်အောင် အခွင့်အလမ်းတွေ ရှာခဲ့ကြတယ် မဟုတ်လား။ ချစ်ခြင်းမေတ္တာဆိုတာက ကန့်သတ်လို့ရတဲ့အရာမှ မဟုတ်တာ။ လူမျိုးရေးတွေ။ ဘာသာရေးတွေ။ လူမှုရေးအလေ့အထတွေက ဘယ်လိုဘဲ ကွာကွာ ဒါတွေကလည်း ချစ်ခြင်းမေတ္တာအတွက် အဟန့်အတားလေးလောက်ပါဘဲ။ တကယ်တမ်း တဦးနဲ့ တဦးမြတ်နိုး သွားပြီဆိုတဲ့ အချိန်ရောက်တော့ အားလုံးဟာ နောက်ကောက်ကျ ပြိုလဲခဲ့ရတာဘဲ မဟုတ်လား။

(၃)
ရာသီဥတု ၀င်းပတဲ့အချိန်တွေမှာ ဟိုးမြေပြန့်က လယ်ကွင်းတပြန့်တပြောကြီးကို ကျော်ဖြတ်ပြီး ကြည့်လိုက်ရင် ပဲခူးရိုးမတောင်တန်းကို ရေးရေးလေး မြင်ရတဲ့ တောင်ကုန်းလေး တကုန်းမှာထိုင်ပြီး စကားပြောခဲ့ဘူးတာ မှတ်မိဦးမယ်ထင်တယ် ဒေးမူက “အဲဒီမှာရော ဗမာတောင်ပေါ်သားတွေ နေတာလား” ဆိုတာကိုလေ။ ကိုယ် ရုတ်တရက် မှင်သက်မိ သွားတယ်။ ဘာပြန်ပြောရမလဲဆိုတာ စဉ်းစားနေမိတယ်။ အေးပေါ့လေ ဒေးမူက အရှေ့ရိုးမရဲ့ သမီးပျိုဆိုတော့ အဲဒီမှာ နေတဲ့သူတွေဟာ လူမျိုးစုံရောနှော နေထိုင်ခဲ့တယ်ဆိုတာ ဘယ်သိနိုင်ပါ့မလဲ။ ကိုယ်က ပဲခူးရိုးမရဲ့ သမိုင်းကို ပြန်ရှင်းပြတော့ တွေတွေငေးငေးနဲ့ ဟုတ်လို့လားဆိုပြီး တွေးနေပုံရတယ်။ နောက်မှ ထပ်မေးတယ်။

“ဒါဆိုအဲဒီမှာလည်း စစ်ဖြစ်တာပေါ့နော်” “ဖြစ်ခဲ့တာပေါ့။ ဒါပေမယ့် အခုလောလောဆယ်တော့ စစ်ပွဲတွေ မဖြစ်တော့ဘူး။ နောင်ကျရင် ထပ်ဖြစ်ဦးမှာဘဲ” လို့ ပြန်ရှင်းပြတော့ “စစ်ကလည်း မပြီးနိုင်တော့ဘူးနော်” လို့ ဒေးမူကဆိုပြန်တယ်။ “ဘယ်ပြီးနိုင်မလဲ။ ဒေးမူရယ်။ ဒီစစ်အုပ်စု အဲ ဒေးမူတို့ ပြောပြောနေတဲ့ ဗမာစစ်တပ် ရှိနေသရွေ့ စစ်ပွဲတွေက ရှိနေဦးမှာဘဲ” ကိုယ်ပြန် ပြောတော့ ဘာမှပြန်မပြောတော့ဘဲ လက်ထဲက ကိုင်ထားတဲ့ သစ်ကိုင်းနဲ့ ခြုံပုတ်တွေကို ရိုက်ရင်း ဒေးမူက ၀င်လုဆဲဆဲ နေကို လှမ်းကြည့်နေခဲ့တယ်။ ဖြူစင်လှတဲ့ ဒေးမူကို နားမလည်နိုင်တဲ့ စကားလုံးတွေနဲ့ ကိုယ်အနှောင့်အယှက် မပေးချင်တာကြောင့် မြန်မာပြည် တ၀ှမ်းလုံးဟာ စစ်မီးလျှံတွေတောက်လောင်နေတယ် ဆိုတာ အဲဒီတုန်းက မရှင်းပြခဲ့ပါဘူး။ တကယ်တော့ ကိုယ်တို့နှစ်ဦးဟာလည်း ဘယ်အချိန်မှာ ဘယ်သူက အဲဒီစစ်မီးလျှံတွေရဲ့ တောက်လောင်ခြင်းခံရမလဲဆိုတာ အနာဂတ္တိဆရာတွေလည်း ရှင်းပြနိုင်မှာ မဟုတ်ပါဘူး ကွယ်။

(၄)
“ဆေးမှူးနဲ့ ချစ်ရတာအားငယ်တယ်” ဒူးရင်းတောထဲမှာ လမ်းလျှောာက်ရင်း စကားပြောတဲ့ တညနေ ရုတ်တရက်ဒေးမူ ပြောစကားကြောင့် အံ့အားသင့်သွားခဲ့တယ်။ အလောသုံးဆယ် ပြန်မေးမိတယ်။ “ဆေးမှူးက ပညာတတ်တယ်။ ဒေးမူက ဘာမှ မတတ်ဘူး။ နောက် ဆေးမှူး က တောင်ပေါ်အလုပ်ဘာမှ မလုပ်တတ်ဘူး။ ဟိုတနေ့က အမိုးကို ဆေးမှူးလက်လေးတွေက ချောမွေ့နေတာဘဲလို့ ပြောတော့ အမိုးကပြန်ပြောတယ်။ သိလား။ ချောမွေ့မှာပေါ့ အလုပ်မှ မလုပ်တာဆိုပြီး” ကိုယ်ဟက်ဟက် ပက်ပက် တချက်ရယ်လိုက်မိတယ်။ “ဘာရယ်တာလဲ။ ဒီက အကောင်းပြောနေတာ” လို့ ဆိုတော့ မျက်နှာပိုးသတ်ပြီး ရှင်းပြရပြန်တယ်။ ပညာတတ်ခြင်း။ မတတ်ခြင်းနဲ့ ပညာတတ်ပြီး အမှန်တရားကို မမြင်သူတွေ။ သွေဖယ်သူတွေ။ ဖောက်ပြန်သွား သူတွေ။ စစ်တပ်ဘက်ရပ်တည်သွားသူတွေ အကြောင်းပေါ့။ ပြီးတော့မှ တွေးတွေးဆဆ ပုံစံမျိုးနဲ့ “အဲဒီလိုလူတွေရော ရှိလား”။ “ရှိတာပေါ့။ အဲဒီလို လူမျိုးတွေက လူမျိုးတိုင်းမှာရှိနိုင်တယ်။ နောက် ကိုယ်တို့ တော်လှန်ရေးသမားတွေထဲမှာလည်း ရှိနိုင်တာဘဲ” လို့ ကိုယ်ပြောတော့ “ကျွန်မတော့ မစဉ်းစားတတ်တော့ဘူး။ ဆေးမှူးရော အဲဒီထဲမှာ ပါသွားမှာလား။ အဲဒီအခါကျရင် ကျွန်မကတော့ ကျန်ခဲ့မှာပေါ့နော်” ကျနော် အကြပ်ရိုက်သွားခဲ့တယ်။ “မပါပါဘူး ဒေးမူရယ်။ မပါပါဘူး။ ဒေးမူလည်း မကျန်ခဲ့ပါဘူး” လို့ ပြန်ဖြေမိတယ်။ အဲဒီလို မေးတတ်အောင် ဘာအတန်းပညာမှ မတတ်ရှာတဲ့ ဒေးမူကို ဘယ်အရာက သင်ပေးလိုက်တာလဲ။ ကိုယ်နားမလည်နိုင်တော့ဘူး။ ဘ၀အတွေ့အကြုံကဘဲ လား။ မေတ္တာတရားကလား။

အခုအချိန်မှာတော့ ဒေးမူရှိရင် ကိုယ်ခေါ်ပြချင်ပါတယ်။ ကိုယ်ရှိနေသေးတယ် ဆိုတဲ့အကြောင်းနဲ့။ ကိုယ် ပြောခဲ့သလို ပညာတတ်ပြီး ဖောက်ပြန်သွားတဲ့ လူမျိုးစုံ တော်လှန်ရေးသမားတွေရဲ့ အကြောင်းကိုလေ။

(၅)
ဒီလိုနဲ့ ကိုယ်တို့ ဇာတ်လမ်းဟာ ခဏတာနားဘို့ ဖြစ်လာတယ်။ မာနယ်ပလောမှာ တိုက်ပွဲတွေ ဖြစ်နေပြီတဲ့။ ကြေးနန်း ၀င်လာတယ်။ ကိုယ်တို့ စစ်ကြောင်းကို အမြန်ဆုတ်လာပါ လို့ ညွှန်ကြားထားတယ်။ ဒါနဲ့ ဒေးမူဆီကို နှုတ်ဆက်ရင်း သွားပြောတော့ ဒေးမူက “သွားပေါ့ ဆေးမှူးရယ်။ ဒါပေမယ့် တိုက်ပွဲပြီးရင်သာ အရောက်ပြန်လာခဲ့နော်။ ရွာထဲမှာက ဆေးမှူးနဲ့ ကျွန်မအကြောင်းကို အားလုံးက သိထားကြတယ်” ကိုယ်တို့နှစ်ဦး စကားတွေ ဆက်မပြောနိုင် တော့ဘူး။ တယောက်နဲ့တယောက်လည်း စိုက်ကြည့်မနေကြဘူး။ ပဲခူးရိုးမကို တွေ့ရတဲ့ တောင်ကုန်းလေးအထက်မှာ။ နေရောင်ဖျော့ဖျော့အောက်မှာ ၀န်းကျင်တခုလုံးကလည်း မြက်ရိုင်းတွေကို လေ၀င်တိုးတဲ့ အသံကလွဲလို့ ဆိတ်ငြိမ်လို့။ “ကိုယ်ပြန်လာခဲ့ပါမယ်။ အားလုံးပြီးသွားရင် ဟိုးမြင်ရတဲ့ တောင်တန်းတွေဆီကို။ လယ်ကွင်းတွေဆီကို ဒေးမူကို ကိုယ်ခေါ်သွားမယ်” လို့ ကိုယ်ပြောတော့ “ကျွန်မလည်း ဆေးမှူးကို စောင့်နေမယ်လေ။ တကယ်လို့ ဒီတိုက်ပွဲပြီးလို့ ဆေးမှူး ပြန်မရောက်လာခဲ့ရင်။ ဆေးမှူး ပြောပြတဲ့ စာအုပ်ထဲက အတိုင်း ကျွန်မလည်းအဲဒီတောင်တန်းတွေ။ လယ်ကွင်းတွေကို တသက်လုံး ကြည့်နေရတော့ မယ် ထင်တယ်” ဆိုပြီး ပြန်ပြောတဲ့ ဒေးမူရဲ့စကား ကိုယ် အခုထိ နားထဲစွဲနေတုန်းဘဲ။

(၆)
ဒီလိုနဲ့ ကိုယ်တို့ မာနယ်ပလော ခုခံရေးစစ်မှာ ၆ လတာ ခံစစ်ဆင်ခဲ့ရတယ်။ တိုက်ပွဲ ပြီးချိန် အခိုက်အတန့်လေးတွေမှာ ဒေးမူကို သတိရနေမိတယ်။ နောက်တခုက စိုးရိမ်မိတယ်။ ရွာထဲက ပြောဆိုမှုတွေကြားမှာ ဒေးမူ ကိုယ်ခံအားကျဆင်းပြီး နောက်တယောက် ကိုများ လက်လှမ်း သွားပြီလားဆိုတာကို။ ဒီလိုနဲ့ ကိုယ်တို့လည်း မိုးကာလအစပြုတော့ ခံစစ်ကုန်းပေါ်ကနေ ပြန်ဆင်းလာခဲ့တယ်။ တပ်ရင်းစခန်းမှာ ခဏနားပြီး နောက် ဒေးမူတို့ ဒေသကို တခေါက်ပြန်ရောက်လာခဲ့တယ်။ ဒီတခေါက်ဟာ ကိုယ့်ရဲ့ အလွမ်းဇာတ် အစပြုမယ်ဆိုတာ လုံးလုံးမရိပ်မိခဲ့သေးဘူး။ ကိုယ်တို့ မရောက်ခင် တပတ်အလိုလောက်မှာ ဒေးမူတို့နေတဲ့ ဂွင်ထဲ ရန်သူတပ်ခွဲတခွဲ ရောက်လာတာကို သိရတယ်။ ဒေသခံတပ်နဲ့ တိုက်ပွဲတွေဖြစ်တာကို သိရတယ်။ ကျန်တာ ပြည့်ပြည့်စုံစုံတော့ မသိရဘူး။ စစ်ကြောင်းက ဒေးမူတို့ ဂွင်စပ်ကို ခြေချပြီး ဒေသခံတပ်မှူးက အရှေ့ကို ဆင်းဘို့ ပြောတော့ ကိုယ်တို့ စစ်ကြောင်း ဆက်ဆင်း လာခဲ့တာ အဲဒီမှာတင် သတင်းကြားရတော့တယ်။

(၇)
“ကျနော်တို့ တပ်ရောက်သွားတော့။ ရန်သူ့တပ်က ထွက်သွားတာ နာရီဝက်လောက်ဘဲ ရှိသေးတယ်။ ဘာလို့ဆိုတော့ ဆေးမှူးရဲ့ ကောင်မလေး ခနာကိုယ်က နွေးနေတုန်းဘဲ” ဒေသခံရဲဘော်တဦးရဲ့ ရှင်းပြနေသံက မကြားတချက်၊ ကြားတချက်။အားလုံးပေါင်း ရွာသူ ရွာသား တစ်ဆယ်လေးယောက် အသတ်ခံခဲ့ရတာတဲ့။ ဒေးမူကို တပ်စုတစုလောက်ရှိတဲ့ စစ်ခွေးတွေက အဓမ္မကျင့်ပြီး သတ်ပစ်ခဲ့တာတဲ့။

နားထဲကို ချော်ရည်တွေ လောင်းချလိုက်သလိုပါဘဲ။ အဲဒီအချိန်မှာ ဒေးမူ စိတ်ထဲမှာ ဘာတွေဖြစ်နေခဲ့မလဲ။ ကိုယ်တွေးဘို့တောင်မှ ကြောက်နေခဲ့တယ်။ နာကျင်မှုတွေ၊ ရှက်ရွံ့မှုတွေ၊ ကြောက်လန့်မှုတွေ၊ ခါးသည်းမုန်းတီးမှုတွေ ဘယ်လိုဝေဒနာတွေများ တကိုယ်လုံး တောက်လောင်နေခဲ့မလဲ။ ဟော့ဒီ မြေပုံမို့မို့အောက်မှာ မင်းလဲလျောင်းနေတာတဲ့။ မင်းဝိညာာဉ်က ကိုယ့်ကို စောင့်ကြည့်နေမှာလား။ ဗမာဆိုပြီး မုန်းတီးနာကျည်းတဲ့ အကြည့်နဲ့ လား။ ဒါမှမဟုတ် ကျွန်မကိုသာ လွမ်းရစ်နေပေတော့ ဆိုတဲ့ ကျိန်စာနဲ့လား။ သေချာတာ ကတော့ ကျိန်စာနဲ့သာ တိုက်ထားခဲ့ပါ ဒေးမူ။

ပဲခူးရိုးမကို မြင်ရတဲ့ တောင်ကုန်းကလေးအထက်ကို ကိုယ်တက်လာခဲ့မိတယ်။ “ဆေးမှူး ပြောပြတဲ့ စာအုပ်ထဲက အတိုင်း ကျွန်မလည်း အဲဒီတောင်တန်းတွေ။ လယ်ကွင်းတွေကို တသက်လုံး ကြည့်နေရတော့မယ် ထင်တယ်” ဆိုတဲ့ ကိုယ်နားထဲစွဲကျန်ဆဲ ဒေးမူ စကားလေ။ အခုတော့ ကိုယ်က အတိတ်တွေကို ပြန်ပြောပြမယ် တောင်တန်းတွေကို ဒေးမူကိုယ်စား တသက်လုံး မျှော်ငေးနေရပါပြီ။ ဆက်ပြီးတော့လည်း မျှော်ငေးနေရဦးမှာပါ။ ဟောဒီ လောင်ကျွမ်း နေတဲ့ ပြည်တွင်းစစ်မီးကြီး မပြီးဆုံးသရွေ့ပေါ့။ ဒီစစ်ကြီးမပြီးဆုံးသရွေ့လည်း လူမသိသူမသိ အညတရတွေရဲ့ အလွမ်းဇာတ်တွေဟာလည်း ဆက်ဖြစ်နေဦးမှာပါ။ ကိုယ်နဲ့ ဒေးမူအဖြစ်အပျက်ကလည်း အဲဒီထဲမှာ တပုဒ်အပါအ၀င်ပေါ့။ ။

မြင့်ဇေ
Nightingale ကျန်းမာရေးဂျာနယ်၊ထိုင်းထုတ် တွင် ဖော်ပြပြီး

2 comments:

ဂျစ်တူး - gyit_tu said...

ကိုမြင့်ဇေ.. ဒါက တကယ့်အဖြစ်အပျက်လားတော့ မသိ ။ တကယ် ၀မ်းနည်းကြေကွဲမိတယ် ။ အရေးအသားလည်း ဆွဲခေါ်နိုင်ပါတယ် ။

တကယ်တော့ ခုလို အင်တာနက်ဆိုတာကြောင့် ကိုမြင့်ဇေတို့ဘက် ဖြစ်ပျက်နေတာတွေ နားလည်ခွင့်ရလိုက်တာ ။ ပထမဆုံးအကြိမ်အဖြစ် ဒီ အင်တာနက်ရဲ့ အကျိုးကျေးဇူးကို ကျမ လက်ခံလိုက်ပါတယ် ။

OWAY AUNG said...

ကိုဖိုးဇေ အမှတ်တရ ဘလော့စာမျက်နှာလေးတခု
ထပ်ဖွင့်နိုင်ရင်ကောင်းမယ်နော်။
တာရာမင်းဝေအမှတ်တရ
ဘလော့လိုပေါ့။