Monday, July 23, 2007

ဘယ်လိုဖြေရှင်းကြမှာလဲ ?

လူစွမ်းတွေ မကောင်းတောင် ၊ လူကောင်းတွေ စွမ်းနိုင်ကြပါစေ .....

ဆုတောင်းလား? တဲ့ မဟုတ်ပါဘူး ခင်ဗျာ ။ ဖြစ်စေချင်တဲ့ ရင်ထဲက ဆန္ဒ တစ်ခုပါ ။

လူငယ်အများစု အတုယူ အားကျစေနိုင်လောက်တဲ့ တစ်ခုခု ထူးချွန်တဲ့သူမျိုး ၊ လူစွမ်းလို့ ဆိုပါရစေ ... ။ သူတို့တွေရဲ့ ပဲ့ကိုင် မောင်းနှင်အားက တော်တော် အရေးပါပါတယ် ။ ကျွန်တော်ငယ်ငယ်က မင်းသားတစ်ယောက် ကို အတော်ကို လေးလေးစားစား နဲ့ သူ့အနုပညာကို လေးစားခဲ့ရပါတယ် ။တစ်နေ့ ဇာတ်ကားတစ်ခုမှာ သူ ဆေးလိပ် ( စီးကရက် ) သောက်တဲ့ ပုံစံ သဘောကျသွားလို့ ဆေးလိပ် စမ်းသောက်ကြည့်မိတာ ၊ သူ့လိုပုံစံ ဖြစ်တော့ မဖြစ်ခဲ့ပါဘူး ။ ဆေးလိပ်ကြီး တကားကားနဲ့ လူကြားသူကြားမှာ မေးငေါ့ရလောက်အောင် ဆေးလိပ်စွဲသွားခဲ့ဘူးပါတယ် ။ ဒါက ကိုယ်တွေ့ ပါ ခင်ဗျာ ... ။

နောက်တော့လည်း ဟိုမင်းသားရဲ့ အက်ရှင်ကဒီလို ၊ ဒီစာရေးဆရာရဲ့ အရေးသားက ဒီလို နဲ့ ကျွန်တော် ချစ်ခင် လေးစားရတဲ့ သူအချို့ရဲ့ အမူအကျင့်လေးတွေ မသိမသာရော ၊ သိသိသာသာပါ အတုယူမိခဲ့တယ် ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်က သူတို့ကို ပုဂ္ဂိုလ် ခင်ခဲ့ပြီးပြီကိုဗျ ။ သူတို့ရဲ့ သဘောတရားတွေပါ လက်ခံရပါရောဗျာ ။ ကိုယ်တိုင်က လိုလိုချင်ချင်နဲ့ လက်ခံခဲ့တာဗျ ။

အဲဒီမှာ ပြောချင်တာပေါ်လာရောဗျ ... ။ ကောင်းတဲ့ အမူအကျင့် နဲ့ ဆိုးတဲ့ အမူအကျင့် ...
ကဲ .... ဘယ်ဟာကို အတုယူမှာလဲ ? ကောင်းတဲ့ အမူအကျင့်ကိုဘဲ အတုယူမှာပေါ့ ဗျာ ။ မိတ်ဆွေလည်း ဒီလိုဖြေလိမ့်မယ် ထင်ရဲ့။ ကျွန်တော်လည်း ဒီလိုဘဲဖြေမှာပါ ။ ဒါဆို ဆေးလိပ်သောက်တဲ့ အမူအကျင့်က ကောင်းသလား ? မကောင်းပါဘူး ။ ကျန်းမာရေး အရရော မိသားစု ဘ၀မှပါ ထိခိုက်မှုပေးနိုင်တဲ့ အရာလေဗျာ ။ ဒါဆို ... ဘာကြောင့် ကျွန်တော် ဒီအကျင့် ကို အတုယူခဲ့မိသလဲ ? အဖြေက ရှင်းရှင်းလေးပါ ။ ဘယ်သူမပြုမိမိမှုပေါ့။ အတုယူမှားခဲ့ မိတာလေ ... ။


ဘာကြောင့် အတုယူမှားရတာလဲ? ကိုယ်ကိုယ်တိုင်က ရှေ့ဆောင်လမ်းပြအဖြစ် ကျေကျေနပ်နပ်ကြီး သတ်မှတ်မိခဲ့တဲ့ သူက လုပ်ပြခဲ့တာကို ခင်ဗျ ။ ကိုယ်ပိုင် အတွေးအခေါ်နဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက် ရှိသူတချို့တောင် အတုယူမှားတာမျိုး တွေ့ကြုံရတတ် ပါတယ် ။ ဒါကလည်း ကျွန်တော်ထက် ၀ါစဉ်ကြီးတဲ့ အစ်ကိုကြီး ၊ အစ်မကြီး တစ်ချို့ ကိုယ်တွေ့ ပြောပြထား တာတွေရှိလို့ သိရတာပါ ။

ရှေ့ဆောင်လမ်းပြ ပုဂ္ဂိုလ် ဆိုတာ ဒီနေရာမှာ အတော်လေးကို အရေးပါနေခဲ့ပါတယ်။ တကယ်ဆိုရင် ရှေ့ဆောင်လမ်းပြ ပုဂ္ဂိုလ် ဆိုတာ လူထဲကလူသားပါဘဲ ။ ဒါကြောင့်သူတို့လည်း လူသားဆန်စွာ အားနည်ချက် အနည်းနဲ့ အများတော့ ရှိနိုင်ပါတယ် ။ လူသားတိုင်းက မပြည့်ဝနိုင်ဘဲကို ခင်ဗျ ။ ဒါပေမယ့်.....
သူတို့ရဲ့ အားနည်းချက်က သူတို့ရဲ့ အမှတ်မဲ့ နေမိတဲ့ အပြုအမူမျိုးလား ?
သိလျှက်နဲ့ တမင် မသိကျိုးကျွံ ပြုပြီး ငါ့စကားနွားရ ၊ လူသားဘဲ ဒါအပြစ်လားဆိုပြီး ဆက်လက်နေပျော်သလို နေခြင်းလား ?

အမှတ်တမဲ့ ပြုမူမိတာမျိုးဆို အခြေအနေပေးတုန်း ပြန်ပြင်နိုင်လောက်ပါရဲ့ ....။
ဒါမှမဟုတ် ....
သိလျှက်နဲ့ ငါလုပ်တာ ငါ့အလုပ် ကွာ ...။ မင်းနဲ့များ ဘာဆိုင်လို့လဲ ? ဘာလုပ်လုပ် အဟုတ်တင့်တယ်နေတယ်ကွာ ။ မင်းဘာလုပ်လို့ရမှာလဲ ?

ဒါမျိုးဆိုရင်တော့ ဖြစ်မယ်မထင်ဘူးဗျ ... ။ ဘာကြောင့်လဲ ဆိုရင် ..... သူ့နောက်မှာ သူကိုရှေ့ဆောင်လမ်းပြ ပမာ ထင်မှတ်ထားတဲ့ လူငယ်တွေမပြောနဲ့ ပုဂ္ဂိုလ်ရေး အရပါ လေးစားခင်မင်ခဲ့တဲ့ သူတွေတောင် အတုယူမိရင် မှားနိုင်ပါရဲ့ ။

ဒါပေမယ့် ဒီလိုဖြစ်နိုင်တယ်မြင်လို့ ဒီကနေလှည့် ရပ်တော့မယ်ကွဲ့လို့ ဆုံးဖြတ်လိုက်ရင်ရော .... ခင်ဗျာ ။ အခြေနေမပျက် ဆက်လက်လေးစားဆဲ လူငယ်တွေအတွက်ရော ၊ ပုဂ္ဂိုလ်ရေး အရပါ လေးစားမှု ရှိတဲ့သူတွေရော အားလုံးတွက် အကောင်းတွေပေါ့ဗျာ .... ။ ဒီလိုမှ မဟုတ်လို့ ငါ့စကားနွားရ လူသားတစ်ယောက်ရဲ့ လွတ်လပ်ခွင့် ။ ထိန်းချုပ်စရာလား ဆိုရင် ...

ဒီလူရဲ့ အမူအကျင့်တွေက ကူးစက်ရောဂါတစ်ခုလို မပျံ့နှံ့နိုင်ဘူးလား ? လူငယ်တွေမှာ အတုယူတတ်တဲ့ မသိစိတ်ရဲ့ ပေးအပ်နှင်းထားတဲ့ စွမ်းအားတစ်မျိုး ရှိနှင့်ထားပါတယ် ။ ဒါကြောင့်လည်း ....
ကောင်းတဲ့ အရာတွေကို အတုယူမိခဲ့ကြရင် ... မျိုးဆက်သစ် ဆိုတဲ့ ခေတ်တစ်ခေတ်ကို ဖန်တီးမယ့် လူငယ်တွေ သူတို့လက်ထဲကခေတ် က ရွှေရောင်ခေတ် ပဲ ဖြစ်မှာပေါ့ဗျာ ... ။
မကောင်းတဲ့ အရာတွေသာ အတုယူမိခဲ့ကြရင် ...မျိုးဆက်သစ် ဆိုတဲ့ ခေတ်တစ်ခေတ်ကို ဖန်တီးမယ့် လူငယ်တွေ သူတို့လက်ထဲကခေတ် က ... ဒီကနေ့ထက် ဆိုးဝါးဖို့ဘဲ ရှိနေလေရဲ့ ဗျာ ... ။

အိပ်မက်အိမ် ရဲ့ မဲဘုံးလေးကို မကြာခဏ ၀င်ကြည့်ကြပါ လား ခင်ဗျ...။ အဲဒီမှာ ကျွန်တော်တို့ နိုင်ငံအပေါ် အမြင်လေးတွေ မဲပေးထားကြပါတယ် ...။ ကောင်းပါတယ်ကွ ... ။ ဒီလိုပါဘဲ ဆိုတာတွေထက် ... မေးစရာလား သိရဲ့သားနဲ့ ဆိုတဲ့ အဖြေကများနေပါရောလား ? ဒါက ဒီနေ့ခေတ် ကိုပြောတာနော် ... ။ အတုယူမှားတဲ့ လူငယ်တွေရဲ့ လက်ထဲက ခေတ်သာဆိုရင် .... ကဲ ... ဘယ်သူ့ကို အပြစ်ပြောမှာလဲ ?

အနာဂတ်ရဲ့ ခေတ်ကို ဖန်တီးမယ့် လူငယ်တွေကို အပြစ်ယူလို့ ရနိုင်ပါ့မလား ? မရနိုင်ပါဘူး ။ အရင်းစစ် အမြစ်မြေကတဲ့ ခင်ဗျာ ...။ ဇစ်မြစ် စီးဆင်းမှုအစဖြစ်တဲ့ လူငယ်တွေကို အတုယူမှားစေတဲ့ ဒီကနေ့ ရှေ့ဆောင်လမ်းပြသူတွေရဲ့ အကြွင်းမဲ့ တာဝန်ယူရမယ့် အပြစ်ပါဘဲ ။ တပည့်မကောင်း ဆရာ့ခေါင်းပေါ့ဗျာ .. ။

ငယ်ငယ်က ဆရာတစ်ယောက် ပြောခဲ့ဘူးတာတွေ အမှတ်ရမိပါတယ် ။

ငါက တစ်ခွန်းလိမ်ရင် ၊ ငါ့တပည့်တွေ အားလုံး အနည်းဆုံး တစ်ခွန်းလိမ်လိမ့်မယ် ။ အဲဒါဆိုရင် လိမ်ညာမှု စကားအခွန်း အရေအတွက်ဘယ်လောက် ရှိသွားမလဲတဲ့ ဗျာ ...။

မင်းတို့ ရန်ဖြစ်ကြလို့ ငါက သူကမှန်တယ် ၊ မင်းကမှားတယ် ဒီလိုပြောခဲ့လို့ မင်းတို့စိတ်ထဲက မကျေနပ်ချက်တွေ ကိန်းအောင်းသွားရင် ၊ နောင်တစ်ချိန်မှာ တစ်ယောက်ကို တစ်ယောက် သတ်ဖြတ်ပြီး ၊ သွေးစက်လက်နဲ့ စစ်ပွဲတွေအထိ ဖြစ်သွားလိမ့်မယ် တဲ့ ... ရန်ဖြစ်မိတိုင်း နှစ်ဦးနှစ်ဘက် ကြိမ်လုံး ကြီးကြီးနဲ့ အပြစ်ပေးတတ်လွန်းလို့ ကျွန်တော်တို့ ရန်မဖြစ်ဝံ့ ပါဘူးဗျာ ။

ငါက ဟေ့ကောင်တွေ ဒီမေးခွန်းမင်းတို့အလွတ်ဖြေနိုင်အောင် ကျက်မှတ်ကြ အဲဒီအတိုင်း ဖြေရမှာလို့ စာမေးပွဲမတိုင်ခင် တိတ်တိတ်လေး ပေးခဲ့ ၊ ပြောခဲ့ရင် မင်းတို့ အလှည့်ကြရင် ဒီမေးခွန်းတစ်ခုထဲဘဲ သင်ရိုးလုပ်ကြမှာတဲ့ဗျာ ... ။

ငါက အရက်ကို တစ်နေ့ နည်းနည်းဘဲ သောက်တာ ၊ ဆေးဖြစ်ဝါးဖြစ် မဆိုးဘူးကွ လို့ ပြောရင် ၊ မင်းတို့အားလုံး နည်းနည်းစီ သောက်ပြီး တစ်ချို့ အရက်သမားဖြစ်သွားလိမ့်မယ်တဲ့ ....။


အဲဒါတွေက ကျွန်တော်ရဲ့ ဆရာတစ်ဦး ပြောခဲ့တာပါ ။ အရက်ဆိုင်နားမှာ လူငယ်တွေတွေ့ ရင် တွေ့တဲ့သူ မရှောင် မောင်းထုတ်တာဘဲ ။ သူ့တပည့် ကျွန်တော်တို့များ တွေလို့ကတော့ နီးရာတုတ်နဲ့ ကောက်ဆော်တာ ...။ ဆရာ့ တပည့်တွေထဲက ဒီကနေ့အထိ အရက်စွဲသွားတဲ့ အရက်သမားဆိုတာ မရှိခဲ့သေးပါဘူး ။

ကျွန်တော်တို့ ဆယ်ကျော်သက် လူပျိုလုပ်ချင်တဲ့ အချိန်ကြတော့ မှတ်မှတ်ရရ စကားတစ်ခွန်းထပ်ပြောတယ် ။ အရင်တုန်းက ငယ်သေးလို့ မပြောခဲ့ရတဲ့ စကားတဲ့ဗျ ။ အရင့် အရင်က သူပြောခဲ့တဲ့ စကားတွေကို ဖောက်ဖျက်မိတာထက် ပိုပြီးကြီးလေးတဲ့ ပြစ်မှုရှိသေးတယ်တဲ့ ။ သူများ သားမယား မစော်ကား မကျူးလွန်မိစေနဲ့တဲ့ ။ အဲဒါကို ကျူးလွန်မိရင် မင်းက လူ့စည်း၊ လူ့ဘောင်ကို ဗြောင်ကျကျ ဖောက်ဖျက်တဲ့သူ ဖြစ်လိမ့်မယ်တဲ့ ။ လူထဲကလူ အဖြစ်ဆက်ရှိနေပေမယ့် မင်းကို လူ့အသိုင်းအ၀ိုင်းကနေ ထုတ်ပယ်လို့ ရနေပြီတဲ့ ...။

ကျွန်တော်အရင့် အရင်က ဆရာပြောခဲ့တာတွေကို တစ်ခါတရံ ဖောက်ဖျက်မိပေမယ့် ဒီနောက်ဆုံးဆရာပြောခဲ့တဲ့ စကားကိုတော့ ဘယ်တော့မှ မဖောက်ဖျက်ပါဘူးလို့ အဲဒီနေရာမှာဘဲ ဆုံးဖြတ်မိခဲ့တယ် ။ ဘာကြောင့်လဲ ဆိုရင်
လူ့အသိုင်းအ၀ိုင်းက မောင်းထုတ်ခံရလောက်မှာ စိုးလို့ပါ ။ လူမှုရေး ပြစ်မှုကြီးတစ်ခု မကျူးလွန်ရဲလို့ပါ ။

အတုခိုးမမှားအောင် ဆရာသင်ပေးခဲ့ဘူးတာတွေ ၊ ကျွန်တော် လေးစားခဲ့ရတဲ့ ကျွန်တော့် ဆရာစီက ကျွန်တော် အတုယူခဲ့ရတာတွေပါ ခင်ဗျာ ။ တကယ်လို့သာ ကျွန်တော်သာ အတုယူမှားမိခဲ့ရင် ....

ဆရာက ပြောခဲ့ပါသေးတယ် ... ။ငါ့တပည့်အတုယူမှားရင် ငါ့အပြစ်တဲ့ ....။

ဟမ္မူရာဘီ ရဲ့ မျက်လုံးတစ်လုံး ဆုံးရင် ..... အစရှိတဲ့ ကိုဓ ဥပဒေမှာပါတဲ့ သဘောတရားအတိုင်းသာ ဆိုရင် ...
တပည့်တွေ ကျူးလွန်တဲ့ မှားယွင်းမှုအတွက် ....
မျိုးဆက်သစ်တွေ ရဲ့ မှားယွင်းမှု အတွက် ...

ရှေ့ကနေ ဦးဆောင်ခေါင်းရွက် လုပ်နေတဲ့သူတွေ ဘယ်လိုတာဝန်ယူကြမှာလဲ ?
အဲဒီမှာမှ ဆ န္ဒကို များများထိန်းနိုင်သူ ၊ နည်းနည်းထိန်းနိုင်သူ နဲ့ လုံးဝမထိန်းနိုင်သူ ဆိုတဲ့
ကွာခြားသွားတဲ့ စိတ်ဓါတ်အဆင့်အတန်း တွေအကြားမှာ အကျိုးအပြစ် အလေးအပေါ့ ကွာခြားသွားမှု ကိုမူတည်ပြီး တစ်စုံတစ်ဦးကများ ကြီးလေးတဲ့ အပြစ်တစ်ခု ကျူးလွန်ခဲ့ရင် ...

ဘယ်လိုဖြေရှင်းကြမှာလဲ ?

4 comments:

ခင်မင်းဇော် said...

ကောင်းပါပေ့ မိုးစွေရေ
အမကတော့အပြည့်အ၀ထောက်ခံလိုက်ပြီ။
ဒီနေ့ခေတ် မျိုးဆက်တွေက ဒီလိုတွေးနိုင်တယ် ဆိုတာ
ဝမ်းမြောက်ဂုဏ်ယူစရာပါပဲ။

s0wha1 said...

ကိုမိုးစွေ...တော်တောက်ု မှတ်သားလောက်ပါပေတယ်...ကျွန်မ လင့်ခ် ယူသွားပါပြီ...

မိုးစွေ said...

မခင်မင်းဇော်ခင်ဗျာ ...
အစ်မတို့သာ သွန်သင်မပေးရင် ကျွန်တော်ဒီလိုရေး နိုင်မယ်လို့ မထင်ပါနဲ့ဗျ။
အစ်မပေးခဲ့တဲ့ comment လေးကနေကျွန်တော်ရသွားတဲ့ အတွေးစလေးပါခင်ဗျာ...။

မိုးစွေ said...

s0wha1 ခင်ဗျာ ...
အခုလိုကျွန်တော့်ရဲ့ post လေးကို လာရောက်ဖတ်ရှု ဝေဖန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ကျွန်တော့်ရဲ့ မ၀ံ့မရဲစိတ်လေးကိုလည်း ဝေဖန်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ။
အတွေးတွေ တွေးတတ်အောင်သင်ပေးကြတဲ့ သင်ဆရာ ၊ ကြားဆရာ ဘလော့ဂါအများကြောင့ှ်ု အခုလိုရေးနိုင်ခဲ့တာ ဖြစ်ပါလိမ့်မယ်ခင်ဗျာ ...။