Monday, August 6, 2007

စာရေးဆရာ တာရာမင်းဝေ ဆုံးပါးသွားခြင်း ..

သြဂုတ်လ ၅ ရက်နေ့ နေ့လည် မှာ ဆရာ (ကို)တာရာမင်းဝေ တစ်ယောက် .. သူချစ်တဲ့ မိသားစု၊ သူ ချစ်တဲ့ စာပေအသိုင်းအ၀ိုင်း၊ သူချစ်တဲ့ ပရိသတ်၊ သူချစ်တဲ့ ကျောင်းသားလူငယ်တွေကို ကျောခိုင်းထားခဲ့ပြီးတော့ လောကအသစ်တစ်ခုဆီသို့ လွတ်လပ်စွာ ပျံသန်းထွက်ခွာသွားခဲ့ပါပြီ .. ဆရာ့ကို မနက်ဖြန် အင်္ဂါနေ့ နေ့လည် ၁ နာရီမှာ ရေဝေးသုဿန်မှာ သင်္ဂြုလ်မှာ ဖြစ်ပါတယ် .. ဆရာတစ်ယောက် .. လွတ်လပ်တဲ့ လောကသစ်မှာ လွတ်လပ်စွာနဲ့ ကဗျာတွေ စာတွေကို လွတ်လပ်စွာ ရေးစပ်နိုင်ပါစေ လို့ ဆုတောင်းပေးရင်း .. အမှတ်တယ အနေနဲ့ ဆရာ့ ကဗျာတစ်ပုဒ်ကို ဖော်ပြပေးလိုက်ပါတယ် ..

ယေဘုယျဝိညာဉ်

င့ါကိုတော့ ခွင့်တောင်းသင့်ပါတယ်
ငါ့နှာခေါင်းပေါ်တတ်ပြီး
ဘယ်သူလာ အသက်ရှုနေတာလဲ ..
မင်းကသာ
ဟိုဘက်က အပ်နဲ့ မမှုတ်ဘူးဆိုရင်
မင်းလက်ထဲကပြောင်းကို
ဒီဘက်က ငါချောင်းကြည့်ရဲမှာပါ .. ။
ငါက ..
တွေ့နေကျ၊ မြင်နေကျ၊
ရိုးရိုးလူမျိုးပေါ့
ပန်းနဲ့ပဲဖြစ်ဖြစ်၊ ကောက်ရိုးနဲ့ပဲဖြစ်ဖြစ်
အရမ်းလာပစ်ပေါက်ရင်တော့
ကြောက်တတ်တဲ့ ကောင်မျိုးလေ ..။

ဆောင်းတစ်ခုမှာ
ပါဝင်ခဲ့ဖူးတဲ့ နှင်းတစ်စက်လို
စာရင်းလည်းမရှိ၊ နံပါတ်လည်းမသိ
ဘယ်အထိမှလည်း မကြီးကျယ်ပါဘူးကွယ် .. ။

ငါက ... သာမညလူ .. ။
ငါက ... ယေဘုယျလူ ..။
ဆပ်ပြာပူဖောင်းလို
အရေခွံတစ်ထပ် ခွာလိုက်ရင်ပဲ
အထဲမှာ ဘာမှကျန်မှာ မဟုတ်တဲ့လူ ... ။

ဘယ်သူကမှ မသိဘူး ဆိုရင်တောင်
ငါ့ကိုယ်ငါတော့ သိတာပေါ့
သိပ်ကို သိတာပေါ့ကွယ် .. ။

(ဒီဇင်ဘာ + ဇန္န၀ါရီ ၁၉၉၇+၉၈)

တာရာမင်းဝေ

ကဗျာကိုးကား - http://lanolay.150m.com/tymw_norm.html

No comments: