Tuesday, August 14, 2007

ဘုံဆိုင်က ညီမလေးဖတ်ဖို့ ကဗျာ

ဆေးစက်ကျရာမှာတင်
လှလွန်လွန်းတဲ့
ကောင်မလေးရေ….
ပြောလိုက်ရတာ၊

အဘိဓမ္မာတွေ မပြောဘူး
သမိုင်းပြောလည်း
တုတ်ထမ်းဓားထမ်းရမယ့်အဖြစ်များ
တော့ဖ်လာရဲ့ လှိုင်းတွေ ပြောခဲ့မိသလား
ပကတိ
ကိုယ့်စိတ်ကိုယ်လင်းပွင့်စွာ
ချစ်ခြင်းကိုပဲဆိုခဲ့တယ်။

အဲဒါတွေကထားလိုက်ပါကွယ်
ငါ့မတော့ ခြေလှမ်းတွေ မှတ်
ဆံနွယ်တွေရေတွက်
အပြုံးတွေ မှာ ပင့်သက်မော
စကားတလုံးတိုင်းဟာ လည်း
မင်းကိုညိတွယ်ဘို့
ကျိန်စာမျိုး။

မင်းလှမ်းတဲ့ခြေအနှုတ်အသိမ်းက
ခန္ဓာကိုယ်ရဲ့အနွဲ့ထဲ
ငါ့ အသက်ဓာတ်ကို မယူသွားပါနဲ့။

ညနေတိုင်း
ညနေ ရောက်တိုင်း…
ကမ္ဘာတခြမ်းက ပျို့လို့
နောက်တခြမ်းက
ပျောက်ကွယ်သွားမယ့်နေကို လိုက်ဖမ်းရသူမျိုး

တွေ့လိုက်တိုင်း
ဟန်မဆောင်နိုင်ခဲ့ဘူး
ရင်ရော အသက်ပါယောင်ကိုင်းခဲ့ရာ
နှစ်ပရိစ္ဆေဒတွေထဲ
မင်းကအေးစက်စက်
ငါ့မတော့
ကုန်းပေါ်ရောက်ငါးပမာ
တဖျတ်ဖျတ်လူးလို့
အခုတိုင်အောင်။ ။


လွန်ခဲ့သည့် ၂၀၀၅ ဆီသို့

မြင့်ဇေ

1 comment:

အိုးဝေအောင် said...

ကိုဖိုးဇေ အမှတ်တရ ဘလော့စာမျက်နှာလေးတခု
ထပ်ဖွင့်နိုင်ရင်ကောင်းမယ်နော်။
တာရာမင်းဝေအမှတ်တရ
ဘလော့လိုပေါ့။