Sunday, August 19, 2007

သိစေချင်ပါသည်.......

ရန်ကုန်မှာ လိုင်းကားခတွေ ဈေးတက်ကုန်ပြီလို့သိတာ လေးရက်လောက်တော့ရှိပါပြီ။ကိုယ်တိုင် မကြုံသေး သဖြင့် သိပ်သတိမထားမိ ၊ ဂရုမစိုက်မိပါ။မနေ့ကအလုပ်ကိစ္စဖြင့် ပန်းဆိုးတန်းသို့ သွားရသော အခါ ယခင် `၅၀ ကျပ်´ သာပေးရသည့်ခရီးကို `၁၅၀ ကျပ် ´ပေးလိုက်ရပါသည်။ထိုအခါမှပင် လိုင်းကားခတွေဘာလို့ ဒိလောက်တောင်ဈေးတက်သွားရပါလိမ့်ဆို ပြီး စုံစမ်းမိပါသည်။ ကျွန်တော်တို့မြန်မာနိုင်ငံတွင်အလွန်ပင်ပေါပါသည် ဟုဆိုသော သဘာဝဓာတ်ငွေ့များ ဈေးတက်သွား၍ဟူသတတ်.........။ ထိုသဘာဝဓာတ်ငွေ့ သုံးမော်တော်ကားများကြောင့်ပင် ရန်ကုန်နှင့်မှော်ဘီ ကျောင်းသွားကျောင်းပြန်တနေ့လျှင်`၆၀ ကျပ်´အစား `၃၀၀ကျပ်´ ပေးရသည့်အဖြစ်ကိုကျွန်တော်ကိုယ်တိုင်ကြုံခဲ့ရပါသည်။ယခုတဖန်ကျွန်တော့်ထက်ကံဆိုးရှာသော ညီငယ်၊ညီမငယ် များသည် ကျောင်းသွားကျောင်းပြန်တနေ့လျှင်`၈၀၀ ကျပ်´ မှ `၁၀၀၀ ကျပ်´ ၀န်းကျင်တွင် ကုန်ကျနေသည်မှာစိတ်မကောင်းစရာပါ။ထိုမျှလောက်သော ငွေပမာဏ ကို နေ့တိုင်း ပေးနိုင်ရန်ကြိုးစားနေရသော မိဘများအတွက်လည်း ရင်မောစရာပါ။ ထို့ထက်ပိုဆိုးသည်မှာ လိုင်းကားနှစ်ဆင့်၊ သုံးဆင့်စီးပြီးမှ လုပ်ငန်းခွင်သို့လာကြရသော နေ့စားအလုပ်သမားများ နှင့် လခစား အလုပ်သမားများပင်ဖြစ်ပါသည်။မြန်မာနိုင်ငံရှိ အလုပ်သမား အများစု ၏၀င်ငွေမှာပျမ်းမျှ တနေ့လျှင် အများဆုံး`၂၀၀၀ ကျပ် ´ ၀န်းကျင်တွင်သာရှိရာ ရှာလို့ရသမျှသည် အိမ်ကိုပြန်ပါလာဖို့ပင် မလွယ်တော့ပါ။ ဒီလိုပုံစံဖြင့်သာ ဆက်လက်သွားမည်ဆှိုလျှင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတို့၏ ဘ၀သည်နွမ်းပါးသည်ထက် နွမ်းပါးဖို့သာ ရှိတော့သည်။ ထို့ကြောင့်ပင် လိုင်းကားခ များကိုထိထိရောက်ရောက်ထိန်းချုပ်နိုင်လျှင်သော်လည်းကောင်း ၊ ကုန်ဈေးနှုန်းကို တသမတ်တည်းဖြစ်အောင် ထိန်းချုပ်နိုင်လျှင်သော်လည်းကောင်း ၊ အလုပ်သမားများ၏ ၀င်ငွေကို တိုးစေခြင်း ဖြင့်သော်လည်းကောင်း ပြုလုပ်ပေးနိုင်ပါက အင်မတန်မှ ကောင်းမွန်ပေလိမ့်မည် ဟုထင်မြင်မိပါသည်။

No comments: