Sunday, August 5, 2007

Happy Birthday မိုး

လောကကြီးမှာ သတ္တ၀ါများဟာ မွေးဖွားခြင်း၊ သေဆုံးခြင်းတို့နဲ့ အစပြုပြီး အဆုံးသတ် ကြတယ်နော်… ဒီနေ့ သြဂုတ် ၆ ရက်နေ့ သူ့ရဲ့ (မိုး) မွေးနေ့ဖြစ်ပါတယ်… သူနဲ့ စတွေ့ခဲ့တာကတော့ ၂၀၀၀ ပြည့်နှစ်မှာပါ… လုပ်ငန်းခွင်တစ်ခုထဲမှာ အလုပ်အတူတူ လုပ်နေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေပေါ့… Section တော့မတူပါဘူး… ၂၀၀၁ ခုနှစ်၊ သြဂုတ်လမှာ ရန်ကုန်၊ ဗိုလ်တထောင် ကောလိပ်မှာ အတူတူကျောင်းတက်ဖို့ အကြောင်းဖန်လာရာမှ သူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ အရမ်းရင်းနှီးမှုများနဲ့ သံယောဇဉ်တွေ အစပျိုးခဲ့ကြတယ်…

နေ့စဉ် နံနက် (၇)နာရီကနေ (၉)နာရီထိ တက်ရတယ်… အဲ့ဒါက တနင်္လာ-သောကြာ Lecture လိုက်ရတယ်… စနေနေ-တနင်္ဂနွေ ဆိုရင်တော့ နံနက် (၇)နာရီ ကနေ (၁၂)ထိ Practical လုပ်ရတယ်ပေါ့ဗျာ… တစ်ပတ်ကို (၇)ရက် လုံးသင်တန်းမှာ ဆုံဖြစ်တယ်… ကျောင်းစာကိုလည်း လုပ်ငန်းခွင်မှာ အတူဆွေးနွေး ကြတယ်… တစ်ယောက်ရဲ့ လိုအပ်တဲ့ ပညာရပ်ကို တစ်ယောက်က ဖြည့်ဆည်းမျှဝေပေးခဲ့တယ်… တစ်ယောက်ကို တစ်ယောက် ကျီစားကြရင်း၊ စကြနှောက်ကြရင်းနဲ့ ပညာအတူသင်ခဲ့ကြတယ်… အဲ့ဒီအချိန်အခါကတော့ ဒီအရာလေးတွေဟာ ဘာမှမဟုတ်ဘူးလို့ ထင်ခဲ့ပေမယ်… ဒီနေ့ ဒီအချိန်မှာတော့ မေ့လို့မရတဲ့ ကြည်နူးရိပ်တွေပေါ့…


သူ (မိုး)က အရမ်း စေ့စပ်တဲ့သူပါ… ငွေကို မလိုအပ်ပဲမသုံးဘူး… တစ်နှစ်ကို ဘယ်လောက်သုံးတယ်ဆိုတာကအစ ရက်စွဲအတိ အကျရှိတယ်… အလွန်ရှားပါးတဲ့ အကျင့်စရိုက်လေးပါ… ဒါပေမဲ့ ကျနော်နဲ့တွေ့တော့မှပဲ သူ့ရဲ့ နှစ်စဉ်အသုံးစရိတ်တွေ ၂ ဆကိုတက်ရတော့တယ်… ကျောင်းမှာ Tutorial ဖြေလို့များ သူ အမှတ် များရင် ` နင်အမှတ်များတာ နင်မုန့်လိုက်ကျွေး ´ သူအမှတ်နည်းတော့လည်း `နင်က အသုံးမှမကျတာ ငါ့ကိုဂုဏ်ပြု´ ဆိုပြီး အနိုင်ကျင့်ခဲ့တယ်… အဲ့ဒီအချိန်များဆို သူ့မျက်နှာလေးက ဆူပုပ်ပုပ်လေးနဲ့ စိတ်တိုတယ်လေ… အဓိကတော့ အမှတ်နည်းရကောင်း လားဆိုပြီးတော့ပေါ့ဗျာ… တကယ်လည်း စာတော်ပါတယ်… ရည်ရွယ်ချက်လည်း အရမ်းကြီးတယ်… နောက်ပြီး မြန်မာအမျိုးသမီး တွေထဲမှာ အလွန်ရှားပါးတဲ့ အချက်တစ်ချက်က သူ့ဆီမှာရှိသေးတယ်ဗျ… (ပိုတာမဟုတ်ဘူးဗျ)… မြန်မာပီပီ ထမီပဲဝတ်တယ်… ထမီတောင်မှ ပါတိတ်ဆိုတဲ့ အဆင်ကိုပဲအမြဲ ၀တ်တယ်… စကတ်ထမီတို့၊ အေစကတ်တို့ဆို တစ်ခါမှ မ၀တ်ဘူး… ဒီနေ့ အချိန်ထိပဲ… သနပ်ခါးပဲအမြဲလိမ်းတယ်… ဖိနပ်ကို ကတ္တီပါ ဖိနပ်ပါးပါးလေး အမြဲစီးတယ်… ဆယ်ကျော်သက် ဆိုတဲ့အရွယ်မှာ အဲ့ဒီလို မြန်မာဆန်ဆန်ဝတ်တာ ခုခေတ်မှာ တော်တော်ရှားနေတယ်… ရှိတော့ရှိတယ်… ဟီရိသြတ္တပ တရားကလည်း အရမ်းများတယ်… ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ ကိုလည်းအရမ်း ရိုသေကိုင်းရှိုင်းတယ်… သူ့မွေ့နေ့ရယ်… သူ့ Daddy မွေးနေ့ရယ်ကို ဒီနေ့အချိန်ထိ သက်သတ်လွတ်စားတယ်… ၀ါတွင်းကာလဆို ၃ လလုံး သက်သတ်လွတ် အမြဲစားတယ်… သူနဲ့ဆုံမှ ကျတော်လည်း ၀ါတွင်းကာလကကို သက်သတ်လွတ်စားတတ်တဲ့ အကျင့်ရှိလာတယ်… နှစ်စဉ်လည်း ၀ါတွင်းကာလကို သက်သတ် လွတ်စားပြီး ကုသိုလ်ယူတတ်လာတယ်… ဒီလိုနဲ့ ကျောင်းအတူတူတက်… လုပ်ငန်းခွင်မှာ အတူတူရှိနေရာမှ ကျတော်က ၂၀၀၄ ခုနှစ်မှာ လုပ်ငန်းခွင်ရဲ့ သင်တန်းတစ်ခုကို သွားတက်ရ တော့ သူနဲ့စပြီးဝေးရတော့တယ်… အဲ့ဒီအချိန်မှာပဲ အဖြူရောင်သက်သက်ဖြစ်နေတဲ့ သူငယ်ချင်း အဆင့်ကနေ ကျတော်ကစပြီးအရောင်ဆိုးမိတယ်… ကျတော်ဘက်က စပြီးအရောင်ဆိုးမိပြီလို့လည်း သူ့ကိုဝန်ခံခဲ့တယ်… သူ (မိုး)က မြန်မာအရမ်းဆန်တဲ့ မိန်းကလေး ဖြစ်တော့ အချိန်တွေအများကြီးယူခဲ့တယ်… သူ့ဘက်ကိုဦးစားပေး မစဉ်းစားဘဲ ကျတော့်ကိုစဉ်းစားခိုင်းတယ်… သေချာစိစစ်ခိုင်းတယ်… ကျတော်က လူရှုပ်တစ်ယောက် မဟုတ်ပေမဲ့ သူငယ်ချင်းအပေါင်းအသင်းများတယ်… ဒါကိုသူ့အနေနဲ့ စိတ်မချတာလား ဆိုတာတော့ ကျတော်လည်း မမှန်းဆတတ်ဘူး… သူ့ဘက်ကတော့ ဘယ်အချိန်၊ ဘယ်အတိုင်းအတာမှာမဆို သူငယ်ချင်းအဖြစ်နဲ့ အမြဲရှိနေနိုင်မှာပါ ဆိုတဲ့စကားနဲ့ပဲ ကျတော့်ကိုနှစ်သိမ့်ခဲ့တယ်… ကံကြမ္မာဆိုးတစ်ခုက ကျတော်တို့ နှစ်ယောက်ကို ခဏဝေးစေမဲ့ အကြောင်းတစ်ရပ်ကစ ပေါ်လာတော့တယ်ဗျာ… မှတ်မှတ်ရရ ၂၀၀၅ ခုနှစ်၊ စက်တင်ဘာလရဲ့ တစ်ခုသော တနင်္ဂနွေနေ့ညနေပိုင်းမှာပါ… ၀မ်းနည်းစွာ ငိုရှိုက်တဲ့အသံနဲ့ပေါ့ အားယူပြီးပြောလာတာက သူ ဗုဒ္ဓဟူးနေ့မှာ ကန်သာယာဆေးရုံမှာ Operation ၀င်ရမယ်တဲ့… အမျိုးသမီးရောဂါ တစ်ခုပါတဲ့… သူ့ကိုမေ့လိုက်တော့ ဆိုတဲ့စကားကိုပြောပြီး ဖုန်းချသွားတယ်.. အဲ့ဒီစကားကို ဒီနေ့အချိန်အထိ ဘယ်လိုမှမမေ့သေးပါဘူး… ဒီနေ့အချိန်ထိ ဘယ်အရာကိုမှလည်း မမေ့ခဲ့ပါဘူး… မေ့လည်းမမေ့ပါဘူး… ကျတော် သင်တန်းကပြန်ဆင်းလာတော့ သူတော်တော် ကျန်းမာနေပါပြီ… ဒီလိုနဲ့ပဲ ရက်စက်စွာ ကံကြမ္မာက နောက်ထပ်တစ်ကြိမ် ခွဲဖို့ကြုံလာပြန်တယ်ဗျာ… ရန်ကုန်ကိုပြန်ရောက်ပြီး ရက်(၂၀)အတိမှာပဲ ရန်ကုန်နဲ့ဝေးတဲ့ နေရာလေးတစ်ခုကို ထွက်ခွာသွားရတော့တယ်… လူသူစည်ကားတဲ့ မြို့တော်ရန်ကုန်ကြီးကိုခွဲပြီး ဝေးလံခေါင်ဖျားတဲ့ တောတောင်ထဲကို သွားနေရတယ်… သူနဲ့ဆုံဆည်းစေမည့် အကြောင်းတရားများမပါလာလို့လားလို့ ကံကြမ္မာကိုပဲ အပြစ်ပြောရမှာလား… ဘယ်ဘ၀က အတူတူပြုခဲ့ကြတဲ့ ၀ဋ်ကြွေးဆိုပြီး ကိုယ့်ကိုယ်ကို နှစ်သိမ့်ရမှာလားဆိုတာ ဒီနေ့အချိန်ထိ ဝေခွဲလို့မရနိုင်သေးပါဘူး… ကျတော်တို့နှစ်ယောက်ရဲ့ ရင်တွင်းစကားကိုတော့ ကျတော့်ဘက်ကဘဲစပြီး ရှေ့ကိုဆက်မတိုးခဲ့သလို နောက်ကိုလည်း ထပ်မဆုတ်ပါဘူး… သူ့ရဲ့ကျန်းမာရေးအခြေအနေကို ငဲ့ပြီးဘာမှကိုရှေ့မဆက်ခဲ့တာပါ… သေချာတာ တစ်ခုကတော့ သူ့ကိုအမြဲသတိရတယ်… All the stars in the sky ဆိုတဲ့ စကားလုံးလေးကို အရမ်းကြိုက်လို့ သူအမြဲတမ်းသုံးတယ်… ကျတော်တို့ နှစ်ယောက်ရဲ့ ငြိမ်သက်တိတ်ဆိတ်နေတဲ့ နှလုံးသားရေးရာကိစ္စမှာ ဆက်သွယ်စရာပေါင်းကူးတံတားအဖြစ် ဒီစကားလုံးလေးက အမြဲဆက်သွယ် ထားပေးတယ်ဆိုတာ ကျတော်အလိုလိုသိနေ ပါတယ်လေ… ဒီနေ့ဒီအချိန်အထိ တခြားဘယ်မိန်းကလေးကိုမှ စိတ်ပြောင်းယိမ်းယိုင်သွားခြင်း မျိုးမရှိဘူးဆိုတာ ကျိန်ဆိုပြောရဲပါတယ်… သူလည်း တစ်ခြားဘယ် ယောက်ျားလေးကိုမှ စိတ်ပြောင်းယိမ်းယိုင်မှုမရှိဘူးဆိုတာကိုလည်း ကျတော်ရဲရဲကြီး ယုံကြည်တယ်… ဒီသစ္စာရှိမှု၊ ကတိတည်မှုတို့ဟာ ကျတော်တို့အတွက် ပြန်လည်ပေါင်းဆုံနိုင်စေမယ့် သစ္စာတရားလို့ ကျတော်ယုံကြည်ပါတယ်….

မိုး Happy Birthday မှစ ထာဝရ အမြဲပြုံးပျော်နိုင်ပါစေ…

1 comment:

ရွှေမင်းသား said...

ို့ချယ်ရီ....ဘယ်သူ့ကို လွမ်းနေတာလံ...?