Thursday, September 20, 2007

လက်ရှိအရေးနဲ့ ကျွန်တော်တို့အတွေး

ဒီနေ့ဆို အာဇာနည် သံဃာတော်တွေ ငြိမ်းချမ်းစွာ သပိတ်မှောက် ကံဆောင်ကြတာ ၃ ရက်မြောက်ခဲ့ပြီ ... ပြည်သူတွေ ငြိမ်းချမ်းကြဖို့အတွက် ဆိုပေမဲ့ သံဃာတော်တွေမှာတော့ မိုးထဲရေထဲ ၊ နေပူလည်း မရှောင်ပဲ လှည့်လည် လမ်းလျှောက်ပြီး မေတ္တာသုတ်ကို ရွှတ်ဖတ် ပွားများရတာ ပင်ပန်းလှပါတယ် ... သံဃာတော်တွေရဲ့ ဓာတ်ပုံတွေ ကြည့်ပြီး ကြက်သည်းဖြန်းဖြန်းထ မျက်ရည်ဝဲရတဲ့အထိ ကြည်ညို မိပါတယ် ... အော် ... ငါတို့တွေ အတွက် ဆင်းရဲ ပင်ပန်းခံနေကြပါလား ဆိုပြီး ၀မ်းနည်း ၀မ်းသာ ဖြစ်ရပါတယ် ...

ကျွန်တော်တို့ကို ဦးဆောင်မဲ့ ကျောင်းသားခေါင်းဆောင်တွေ ပြည်သူ့ခေါင်းဆောင်တွေ အဓမ္မ ဖမ်းဆီးခံထားရ ၊ ရှောင်တိမ်းနေရတဲ့ အခိုက်မှာ ပြည်သူတွေအတွက် သံဃာတွေ ရှေ့ထွက်ရပ်လို့ သာသနာ့ဘောင်အတွင်းကနေပြီး ၀ိနည်းတော်နဲ့အညီ ငြိမ်းချမ်းစွာနဲ့ စစ်အစိုးရကို ရင်ဆိုင်နေကြပါပြီ ... အဲဒီလိုအချိန်မျိုးမှာ ကျွန်တော်တို့ပြည်သူတွေ ဘက်ကရော ???? ဒီလိုပဲ အာဇာနည်သံဃာတော်တွေကို လက်အုပ်ချီလို့ လက်ခုပ်တီးလို့ ပဲ အားပေးဖို့ တတ်နိုင်ကြမှာလား ???? ဒီထက်ပိုပြီး စည်းလုံးညီညွှတ်စွာ စည်းကမ်းရှိစွာ ပူးပေါင်းပါဝင်ကြဖို့ အထူး လိုအပ်နေပါပြီ ... ဒီလို အချိန်ထိ ငြိမ်မနေသင့်တော့ပါဘူး ...
ပြည်သူကို ပါဝင်လာဖို့ အတွက် ဦးဆောင်ဖို့ကတော့ ပြည်သူချစ်တဲ့ ပြည်သူ့ကျွေးတာကို စားနေတာပါဆိုတဲ့ ပြည်သူကို ကျေးဇူးရှင်ပါလို့ ပြောလေ့ရှိကြတဲ့ ရုပ်ရှင်နဲ့ ဂီတ အနုပညာ ရှင်တွေပါပဲ ... ပြည်သူအပေါ် သြဇာသက်ရောက်မှုရှိတဲ့ စာပေနဲ့ စာနယ်ဇင်း လောကသားတွေကလည်း အပါအ၀င်ပါပဲ ... သံဃာတော်တွေ ပြီးရင် ပြည်သူကို ထိရောက်စွာ ဦးဆောင် စည်းရုံးနိုင်တာ သူတို့ပါပဲ ... သူတို့ဘက်က ကြေငြာချက်တွေ ထွက်လာတာတော့ တွေ့ကြပါတယ် ... ဘယ်အချိန်မှာ ဘယ်လိုပုံစံမျိုးနဲ့ ပါဝင်လာကြမယ်ဆိုတာတော့ မသိသေးဘူးပေါ့ ... နာမည်ကြီး နာမည်ကျော်တွေ က တစ်ဦးတစ်ယောက်ချင်း ထွက်လာလို့ပဲဖြစ်ဖြစ် အစုအဖွဲ့နဲ့ ထွက်လာတာပဲဖြစ်ဖြစ် ပြည်သူတွေ ခုထက်ပိုပြီး ပါဝင်လာဖို့ အားဖြစ်မှာပါပဲ ... အသင်းအဖွဲ့အလိုက် စနစ်တကျ ပါဝင်လာရင်တော့ အကောင်းဆုံးပေါ့ဗျာ ...

ပြည်သူထဲက ပြည်သူဖြစ်တဲ့ စွမ်းအားရှင် ကြံ့ဖွတ်များကလည်း မိမိရဲ့ ဦးနှောက်နဲ့ နှလုံးသားကို ရှက်တတ်ကြပါ ... လူစိတ်မွေးပြီး လူသားချင်း စာနာပေးပါ ... အာဏာပိုင်တွေက ဖိအားပေးလို့ပဲ ဖြစ်ဖြစ် ခြောက်လန့်လို့ပဲဖြစ်ဖြစ် မက်လုံးပေး အခွင့်အရေးပေးလို့ပဲ ဖြစ်ဖြစ် ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူချင်းကို ရုန်းရင်း ဆန်ခတ် ဆဲဆို ဆွဲရမ်း ရိုက်နှက်ခြင်း မပြုကြပါနဲ့ ... အာဏာပိုင်တွေ ဆိုတာက ခိုင်းရုံခိုင်းပြီး တကယ် ထိပ်တိုက် အမုန်းခံ အရွံ့ခံကြရတာ ခင်ဗျားတို့ဆိုတာကို သတိရှိပါ ... အဲဒီတော့ ခင်ဗျားတို့ သူတို့ အလိုတော်ရိလုပ်လို့ စားရတဲ့ ထမင်း ၊ စီးရတဲ့ကား ၊ နေရတဲ့အိမ် ၊ ကိုင်ရတဲ့ဖုန်း ၊ သုံးရတဲ့ ငွေတွေကို မမက်ပါနဲ့ ... သူတို့ ခိုင်းတိုင်း မလုပ်ပါနဲ့ ... ခင်ဗျားတို့ကို ဓားစာခံလုပ် အသုံးချပြီး ရှေ့ကနေ ကိုက်ခိုင်းနေတာကို သိကြစမ်းပါ ... ပြည်သူနဲ့ ပူးပေါင်းပါ ... ကူညီပါ ... ဥာဏ်မနည်းကြစမ်းပါနဲ့ ...

အစိုးရဘက်ကတော့ ဒီသံဃ လှုပ်ရှားမှုကို ဘယ်လိုဖြိုခွင်းရမလဲဆိုပြီး အကောက်ကြံနေကြပါပြီ ... အဲဒီအတွက် ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့လိုလာပါပြီ ... ပြည်သူဆိုတာ ဒီနိုင်ငံထဲမှာ နေထိုင်နေကြတဲ့သူအားလုံးပါပဲ ... ဗုဒ္ဓဘာသာဝင်မှ မဟုတ်ပါဘူး ... တခြားသော ဘာသာဝင် နိုင်ငံသားများဟာလည်း ပြည်သူပါပဲ ... ခု ဗုဒ္ဓဘာသာ ရဟန်းတော်တွေရဲ့ ကံဆောင်တိုက်ပွဲဟာ ... ဗုဒ္ဓဘာသာဝင်တွေအတွက်ချည်း လုပ်နေတာမဟုတ်ပါဘူး ... ပြည်သူပြည်သားအားလုံးအတွက် ဖြစ်ပါတယ် ...အစိုးရက ဘာသာရေးအဓိကရုဏ်းပုံစံမျိုး ဖန်တီးပြီး ရန်တိုက်ပေးပြီး ပြည်တွင်းဆူပူမှုလို့လုပ်ဇာတ်ခင်းပြီး လက်နက်အားကိုးနဲ့ သူတို့အာဏာ ခဏတဖြုတ်ဖြစ်ဖြစ်တည်မြဲဖို့ ကြောက်လန့်တကြား သွေးရူးသွေးတန်း မကြံကောင်း မစီရာ လုပ်လာနိုင်တဲ့အတွက် ဘာသာခြား ပြည်သူများအနေနဲ့ သတိရှိကြဖို့လိုပါတယ် ... သူတို့ရဲ့လှည့်ကွက်မှာ မျောမသွားဖို့လိုပါတယ် ... နောက်ပြီး နိုင်ငံသားများ ဖြစ်ကြတဲ့အလျှောက် နိုင်ငံအရေးမှာ မိမိတို့ ယုံကြည်ရာ ဘာသာအလိုက် အသင်းအပင်းအလိုက် အစိုးရကို တတ်အားသမျှ ဆန့်ကျင်ကြစေလိုပါတယ် ... ဘာသာရေး ခေါင်းဆောင်အချင်းချင်းကလည်း ဘာသာမတူပေမဲ့ နိုင်ငံရေးအတွက် တိုင်ပင် ညှိနှိုင်း လှုပ်ရှားသင့်တယ်လို့ ယူဆပါတယ် ... ဒါမှသာ အစိုးရ ထောင်ချောက်ထဲ မရောက်ပဲ မလိုလား အပ်တဲ့ ပြဿနာတွေမဖြစ်ဖို့ ကာကွယ်နိုင်ပြီး ငြိမ်းချမ်းရေး လှုပ်ရှားမှုလည်း အောင်မြင်ပါလိမ့်မယ် ...

အဓိက လိုအပ်တာက စဉ်ဆက်မပြတ် ငြိမ်းချမ်းစွာ ညီညွှတ်စွာ မြို့အလိုက် နယ်အလိုက် အဖွဲ့အစည်းအလိုက် ဆက်တိုက် ပူးပေါင်း ပါဝင် ဆန္ဒထုတ်ဖော်သွားဖို့ပါပဲ ... ခုနေအခါကတော့ အကောင်းဆုံးအနေအထားပါပဲ ... မြို့ကြီးတွေမှာ ဖြစ်တာတစ်ကြောင်း သံဃာတော်တွေ ဖြစ်နေတာတစ်ကြောင်း နိုင်ငံတကာက သတင်းမီဒီယာတွေက စောင့်ကြည့်နေတာက တစ်ကြောင်းကြောင့် အစိုးရဘက်က ကြီးကြီးကျယ်ကျယ် အင်အားသုံးတာကို မတွေ့ရသေးပါဘူး ... ဘယ်လို ကလိမ်ဥာဏ်တွေ ထုတ်နေသလဲတော့ မသိရသေးဘူးပေါ့ ... လက်ရှိမျိုးဆက်ကျောင်းသားတွေကိုတော့ ဦးဆောင်စည်းရုံးပေးနိုင်တဲ့ ခေါင်းဆောင်နဲ့ အခြေအနေ မရှိသေးတာတော့ တအားလျှော့ပါတယ် ... သူတို့ကို ဦးဆောင် ပညာပေး စည်းရုံးနိုင်တဲ့ ခေါင်းဆောင်သစ်တွေ လိုအပ်ပါတယ် ... ဒါကို ပြည်ပရောက် ကျောင်းသားဟောင်းတွေနဲ့ မြန်မာဒီမို အင်အားစုတွေက ဆက်သွယ် စီစဉ်ပေးနိုင်ရင် ကောင်းမယ်လို့လည်း မြင်မိပါတယ် ...
ကိုယ့်နိုင်ငံ ချစ်တဲ့ စိတ်တစ်ခုတည်းနဲ့ပဲ တွေးမိတာတွေ ရေးလိုက်တာပါ ... လိုအပ်တာတွေ လွဲနေတာတွေ အတွက် ကျနော်တို့ကို ဝေဖန် ထောက်ပြ လမ်းညွှန်နိုင်ပါတယ်ခင်ဗျာ ...

No comments: