Thursday, September 20, 2007

ဗျို့ ... ညီအစ်ကိုတို့

ပြည်သူထဲက ပေါက်ဖွားလာတဲ့ ပြည်သူ့ တပ်မတော်သား ( ပြည်တွင်း ၊ ပြည်ပ ) တွေကလည်း လက်ရှိ နိုင်ငံရဲ့ အခြေအနေ အဖြစ်အပျက်တွေကို စေ့စပ်စဉ်းစားပြီး နိုင်ငံအတွက် ပြည်သူအတွက် တပ်မတော်သား အစစ် ဖြစ်ကြပါစေ ... အဖဗိုလ်ချုပ်အောင်ဆန်းတို့ အစပြု တည်ထောင်ခဲ့တဲ့ တပ်မတော်ဟာ အဖတို့ လုပ်ကြံခံရပြီးကတည်းက နာမည်ပျက်ခဲ့ရတာ ရာဇ၀င်ရိုင်းခဲ့ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ ... ဒါကို ခင်ဗျား တို့လက်ထက်မှာ အဖတ်ဆယ်ကြပါ ... ပြည်သူရဲ့ ယုံကြည်ကိုးစား မြတ်နိုးမှုကို ပြန်လည်ရယူဖို့ ပြည်သူနဲ့ ပူးပေါင်းပြီး ယုတ်မာရက်စက်တဲ့ စစ်ခေါင်းဆောင်တွေကို ဖြုတ်ချပေးပါ ... တိုင်းပြည်ရဲ့ အနာဂတ် ပြည်သူရဲ့ အနာဂတ် နဲ့ ခင်ဗျားတို့ ကိုယ်တိုင်ရဲ့ ကောင်းခြင်း ဆိုးခြင်း အနာဂတ်တွေဟာ ခင်ဗျားတို့ အပေါ်မှာလည်း အဓိက တည်မှီနေတယ်ဆိုတာ သိကြစမ်းပါ ...

ကျွန်တော်တို့ ဘလော့ဂ် အသိုင်းအ၀ိုင်းမှာ ရှိကြတဲ့ ရုရှရောက် တပ်မတော်သား ဘလောဂါတွေကလည်း မှန်ကန်တဲ့ အတွေးအခေါ် အသိဥာဏ်နဲ့ တိုင်းပြည်ကောင်းဖို့အတွက် တဖက်တလမ်းက ပါဝင်ကူညီပေးကြပါ ... ခင်ဗျားတို့ထဲက တချို့ စိတ်ရည်မမှီ ဥာဏ်ရည်မပြည့်တဲ့ သူတချို့ကြောင့် တလောကပဲ ၀ါးလုံးရှည်နဲ့ အရမ်းခံရလို့ဆိုပြီး ခင်ဗျားတို့ စိတ်မကောင်းဖြစ်ခဲ့ကြရတယ် ... ကျွန်တော်တို့လည်းပဲ ခင်ဗျားတို့ကို ကိုယ်ချင်းစာနားလည်ကြပြီး ခင်ဗျားတို့ ရေးသားတဲ့ စာ၊ကဗျာတွေကို တလေးတစားလာဖတ်ဖြစ်ကြပါတယ် ... ၀ါးလုံးရှည်နဲ့ ရမ်းမိတဲ့ သူတချို့ကိုလည်း နားလည်ပေးလိုက်ကြပါ ... ရမ်းချင်လောက်စရာ နာခဲ့ကြရတဲ့သူတွေ ရှိခဲ့ကြပါတယ် ...
အမှန်ပြောရရင်တော့ ငါးခုံးမကြီးတွေ မတရားအုပ်ချုပ်လို့ ခင်ဗျားတို့ တစ်လှေလုံးပုပ်ကြရတာပါပဲ ...
ခင်ဗျားတို့ထဲမှာ စိတ်ဓာတ်ဖြောင့်မတ်တဲ့ အတွေးအခေါ်မှန်ကန်တဲ့ သူတွေ အများကြီးရှိတယ်ဆိုတာကို ခင်ဗျားတို့စာတွေ ဖတ်ပြီး သိခဲ့ ခံစားမိခဲ့ကြလို့ ကျွန်တော်တို့ ဘလောဂါအားလုံး ကလည်း ရင်းနှီးနွေးထွေးခဲ့ကြတာ အသိပါပဲ ... တချို့ စုန်းပြူး အာဏာရူးပေါက်စတွေကိုလည်း အားလုံးက ၀ိုင်းကျဉ်ထားတာကိုလည်း အသိပါပဲ ...
ဘယ်သူကောင်းတယ် ဘယ်သူမကောင်းဘူး ... အမှားအမှန်ခွဲခြားတတ်၊ ဆင်ခြင်စဉ်းစားတတ်တာ လူပါပဲ ... ခင်ဗျားတို့လည်း လူအစစ်တွေလို့ ယုံကြည်ပါတယ် ... လူယောင်ဆောင်ပြီး ဟောင်နေတဲ့ ကောင်တွေကိုလည်း ကျွန်တော်တို့ သနားမိပါတယ် ...


ခင်ဗျားတို့ ဒီအခြေအနေရောက်လာအောင် ဘယ်လောက်ကြိုးစားခဲ့ရတယ်ဆိုတာ ကျွန်တော်တို့နားလည်ပါတယ် ... အဲဒီကြိုးစားမှုတွေရဲ့ အသီးအပွင့်ရလဒ်တွေ
ကို လက်တစ်ဆုပ်စာ အာဏာရူးတစ်စုရဲ့ အသုံးချခံမဖြစ်ပါစေနဲ့ ... မျက်တောင်တစ်ဆုံးစာ တစ်နှပ်စား ဘ၀ကောင်းစားရေးအတွက် မဖြစ်ပါစေနဲ့ ... တိုင်းပြည်အတွက် ပြည်သူ့အတွက် မျက်စိတစ်ဆုံးစာ ဘ၀ကောင်းစားရေး ၊ သံသရာ ကောင်းစားရေးအတွက်ပဲ ဖြစ်ပါစေလို့ ကျွန်တော်တို့ ဆန္ဒပြုပါတယ် ...

တစ်သွေးတစ်သံတစ်မိန့်အောက်မှာ ခြေချုပ်မိနေတဲ့ အာဏာရူးတွေရဲ့ အကျယ်ချုပ်အကျဉ်းသားဘ၀က လွှတ်မြောက်ကြပြီး စစ်မှန်သန့်ရှင်းသော ပြည်သူ့တပ်မတော် ဖြစ်ကြပါစေလို့ ......

ကျွန်တော်တို့အားလုံးဟာ ညီအစ်ကိုတွေပါပဲ ...

No comments: