Sunday, December 23, 2007

တစ္ဆေမလေးရဲ့ ဆုတောင်းစကား

ဟောတော့.. ကွန်ပြူတာရှေ့ ထိုင်ရင်း အိပ်ငိုက် သွားတာ ဘာတွေ ရိုက်မိပါလိမ့်။ နိုးလာတော့ ပို့စ်တစ်ခု ပြီးနေပြီ။ ဘာတွေ ဖြစ်ကုန် ပါလိမ့်။ ဟယ် ရှုပ်ရှုပ် ယှက်ယှက် ဆိုပြီး ဖျက်မလို့ ကြံတုန်း အသက်ရှူ ကြပ် လာတယ်။ တင်လဲ မတင်ရဲ၊ မတင် ဘဲလဲ မနေရဲ။ ထိုင်းမှာက တစ္ဆေ ဘယ်လောက် ပေါလဲဆို အရင်ပို့စ် တွေထဲ ဖတ်ဖူး မှာပါ။ ခုလဲ.. အဲ.. ကဲ.. နီးရာ ဓားကြောက်တာ ရန်ကင်း သတဲ့။ တင်လိုက်ပြီ..

ဒီနေ့ ကျွန်မတို့ ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲ လုပ်ပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ ရွေးကောက်ပွဲ မဲဆွယ်စဉ် ကာလ များကို ကျွန်မတို့ သတိရ သွားခဲ့ ကြပါတယ်။ ထိုင်းနိုင်ငံရဲ့ တိုင်းကြီး လေး တိုင်း ဖြစ်တဲ့ အလယ် ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ မြောက်ပိုင်းနဲ့ တောင်ပိုင်း လေးရပ်ထဲမှာ ကျွန် မ ဟာ အရှေ့မြောက် တိုင်းသူ ဖြစ်ပြီး နာမည်က န၀ရတ်ပါ.. နောင်ခိုင် ခရိုင်က မြို့သေး လေး တစ်မြို့မှာ ကျွန်မက စာတော်သော ကျောင်းသူ စာရင်း ၀င်ပါတယ်။ မဲဆွယ်စဉ် ကာလ မှာ ပါတီ အသီးသီးက နယ်မြေ တာဝန် ခံတွေ လာပြီး စည်းရုံး ဟောပြော ကြပါတယ်။ ခွန် အပီစစ် ဦးဆောင်တဲ့ ဒီမိုကရက် ပါတီ၊ ခွန်သက်ဆင် ဦးဆောင်တဲ့ ထိုင်းရတ်ထိုင်း ပါတီ တို့က အဓိက အကြိတ် အနယ် ပြိုင်ဆိုင် ဆင်နွှဲ ကြပါတယ်။ ခွန် အပီစစ် ဦးဆောင် တဲ့ ဒီမိုကရက် ပါတီဟာ မြို့နေ လူတန်းစား လူလည် လူချမ်းသာ ပညာတတ်များ ပေါများတဲ့ အလယ်ပိုင်း တိုင်းမှာ နေရာရ ကြိုက် နှစ်သက်တာ ခံရပြီး ခွန်သက်ဆင် ခေါင်းဆောင်တဲ့ ထိုင်းရတ်ထိုင်း ပါတီဟာ သူ့ ရဲ့ ဆွေမျိုးနဲ့ ၀န်ထမ်း အင်အား တောင့်တင်းရာ ပြီးတော့ တောနေ လူတန်းစား ဆင်းရဲ သား လူဦးရေ ပေါများတဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့ မြောက်ပိုင်း တို့မှာ နေရာရ ကြိုက် နှစ်သက်တာ ခံရ ပါတယ်။ ခွန်အပီစစ် ပြောတဲ့ မိန့်ခွန်းတွေဟာ ပညာရပ်ဆိုင်ရာ စကားလုံး အသုံးအနှုံး များတဲ့ အတွက် ကျွန်မ တို့လို တောသူ တောင်သား ပညာ မတတ်တဲ့ လူတန်းစား က နားမလည် တာလဲ တစ်ကြောင်း ပေါ့ရှင်။

ခွန်သက်ဆင်ရဲ့ မဲဆွယ် စကား များက ကျွန်မ တို့ ဆင်းရဲသား လူတန်းစား အတွက် အားရ စရာပါ။ ရွာ တိုင်းကို ဘတ်ငွေ တစ်သန်း အတိုးမဲ့ ထုတ် ချေးမယ်။ စိုက်ကြ ပျိုးကြ၊ နွားမွေးကြ၊ နွားကို တစ်အိမ် တစ်ကောင် အလကား ပေးမယ်။ နို့ သောက်၊ အိမ်နား ၀န်းကျင်က အစာတွေ ရှာကျွေး၊ အကောင်ကြီး လာရင် ပြင်ပ ပေါက်ဈေး အတိုင်း ပြန်ဝယ် မယ်တဲ့။ တောသား ကြိုက်တာ ပေါ့နော.. ကား ဒရိုင်ဘာ တွေကို အခွင့် အရေး ပေးတယ်။ ကိုယ် လခစား မောင်းတဲ့ ကားကို ကိုယ်ပိုင် စေချင်လို့။ အလုပ်သမား ဘ၀ ကနေ အလုပ်ရှင် ဘ၀ကို တက်လှမ်း စေချင်လို့ လစာငွေ ထဲကနေ တစ်လ ကားတန်ဖိုးရဲ့ ၁% စုခိုင်း မယ်။ အလုပ်ကြိုးစား။ ခုနှစ်နှစ် နေလို့ ကားတိုက်မှု ယာဉ်စည်းကမ်း ချိုးဖောက်မှု မဖြစ် ရင် ကားကို အပိုင် ပေးမယ်တဲ့။ ကျောင်းသူ ကျောင်းသား ရှိတဲ့ မိသားစုတွေ ခရိုင်တစ်ခု ကျောင်းသူ ကျောင်းသား ဆယ် ယောက် ဥရောပမှာ ပညာ တော်သင် လွှတ်ပေး မတဲ့။ နိုင်ငံခြား ဆိုတာ ဘာမှန်း မသိ ပေမယ့် ရုပ်ရှင် တွေထဲ သိပ် တိုးတက်တဲ့ ဥရောပကို၊ ထိုင်းကို လာလည်သမျှ ဥရောပသား မျက်နှာဖြူတွေ သိပ်ချမ်းသာ ပြီး သုံးနိုင် ဖြုန်းနိုင် နေတာကို မြင်တွေ့ အားကျ နေတဲ့ ကျွန်မတို့ တောသူ တောင်သားတွေ ခွန် သက်ဆင် ဦးဆောင်တဲ့ ထိုင်းရတ်ထိုင်း ပါတီကို အပြတ် အားပေးပြီး မဲထည့် ခဲ့ကြ ပါတယ်။ ထိုင်းမှာ လူဦးရေ အများ ဆုံး ဖြစ်တဲ့ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းမှာ မဲအများဆုံး ရခဲ့တဲ့ အတွက် တောင်ပိုင်း နဲ့ အလယ်ပိုင်းမှာ ခွန် အပီစစ် နိုင်ခဲ့ပေမယ့် မဲအရေအတွက် အနေနဲ့ ခွန်သက်ဆင် နိုင်ခဲ့ ပါတယ်။ ကျွန်မတို့လဲ ပျော်တာ ပေါ့နော.. သူက ကတိ တည်တယ်လေ။ ဒီလိုနဲ့ ကျွန်မတို့ သူငယ်ချင်းတွေ ပညာတော်သင် အဖြစ်နဲ့ ပြင်သစ် နိုင်ငံကို ရောက်ခဲ့ ပါတယ်။

ဒီမှာမှ ကျွန်မတို့ တအားကို ပင်ပင် ပန်းပန်း ရုန်းကန် ခဲ့ကြ ရပါ တော့တယ်။ စာတွေက သိပ် ခက်လို့ မလိုက်နိုင် ပါဘူး။ အရှေ့တိုင်းရဲ့ ပညာ ဆည်းပူးပုံ ဖြစ်တဲ့ ဆရာ ပြောသမျှ နာခံ ရတဲ့ ပညာရေး စနစ် ကနေ ဆရာကို ပြန် ဝေဖန် ဆန်းစစ် ရတဲ့ ပညာရေး စနစ်မှာ ကျွန်မတို့ရဲ့ စဉ်းစား တွေးခေါ်ပုံတွေ တအားကို ညံ့ဖျင်း သေးသိမ် နေခဲ့တယ်။ ကိုယ့်အား ကိုယ်ကိုး စဉ်းစား တွေးခေါ်မှုမှာ ဥရောပ သူတွေ ချက်ချင်း သဘောပေါက် တဲ့ အကြောင်းအရာ တစ်ခု ကို ကျွန်မတို့ ဆယ်ခေါက်လောက် စဉ်းစားမှ သဘော ပေါက်ပါတယ်။ ဆရာတွေ အတန်းဖော် တွေက မနှိမ် ပေမယ့် အလိုလို သိမ်ငယ် လာခဲ့ ကြ တယ်။ စာမလိုက် နိုင်လို့ စာမေးပွဲ တွေ တဖုန်းဖုန်း ကျတိုင်း အမိမြေမှာ ကျွန်မတို့ကို အထင်တကြီး အားကိုးတကြီး စာရေး လိုက်ကြ တဲ့ မိဘ ဆွေမျိုး သူငယ်ချင်း တွေရဲ့ စာတွေကို မဖတ်ရဲ လောက် အောင်ပါ။ ဖိအားတွေ သိပ်များ လာခဲ့ သလို တစ်ဖက်ကလဲ ဥရောပ ပညာ သင်ကြား နည်းရဲ့ အကျိုး သက်ရောက်မှု အဖြစ် ခွန်သက်ဆင် ရဲ့ လုပ်ရပ် တွေကို ပြန်လည် ဝေဖန် စဉ်းစား လာခဲ့ မိပါတယ်။

ရွာတိုင်းကို ဘတ် တစ်သန်း ထုတ်ချေးတာ သူ့ပိုက်ဆံနဲ့ ချေးတာမှ မဟုတ်ဘဲ။ နိုင်ငံတော် အခွန်ငွေထဲက ချေးတာပဲ။ ကုန်ထုတ် လုပ်မှု တိုးတက် လာရင် ဒီငွေက နိုင်ငံတော် အခွန်ငွေ ပြန်ရတာ ပဲလေ။ သူပိုင် ကုန်သွယ်ရေး ကုမ္ပဏီက နိုင်ငံခြားကို ဒီကုန်စည်တွေ ပိုရောင်းချ နိုင်လေ သူပို မြတ်စွန်း လေပေါ့။ တစ် အိမ်ထောင်ကို နွားပေါက် တစ်ကောင် စီပေး၊ နွားကြီး ကို အသင့်ပြန်ဝယ်၊ နွားခြံ ကုန်ကျ စရိတ်၊ နွားခြံကို စီမံ ကွပ်ကဲ စရိတ်၊ အကုန် သက်သာ စွာနဲ့ သဘာဝ အမဲသားကို ဈေးကွက်ထဲ ဈေးကြီးကြီးနဲ့ ပြန်ရောင်း နိုင်ပါတယ်။ တောသူ တောင်သား ရိုးသား ပါတယ်ရှင်။ သူ့ဆီက နွားပေါက်ကို အကောင်ကြီး လာတော့ သူ့ဆီပဲ ပြန်ရောင်း ပါတယ်။ ကျေးဇူး သိတတ်မှု ဆိုတဲ့ ယဉ်ကျေးမှုကို အမြတ်ထုတ် လိုက်နိုင် ပါတယ်။ ၇နှစ် အတွင်း ယာဉ်စည်းကမ်း မချိုးဖောက်လို့ ယာဉ်တိုက်မှု မဖြစ်တာနဲ့တင် သက်သာတဲ့ ကုန်ကျ စရိတ် က ကားတစ်စီးစာ မကပါဘူး။ ဒါ့အပြင် ၇နှစ် မောင်းပြီးသား ကားဟောင်း တစ်စီးကို ဒရိုင်ဘာရဲ့ လစာ တစ်ရာခိုင်နှုံး ၄နှစ်စာ လောက်နဲ့ ၀ယ်နိုင်ပါတယ်။ ဒါပေမယ့် စီးပွားရေး မတွက်ချက် တတ်တဲ့ ကား ဒရိုင် ဘာ ခမျာ ၇နှစ်စာနဲ့ ပေးဝယ် ရပါတယ်။

နိုင်ငံခြားမှာ ကျွန်မတို့ စာမလိုက် နိုင်လောက်မှန်း ခွန်သက်ဆင် သာ ကျွန်မတို့ အတွက် နည်းနည်း စဉ်း စား ပေးခဲ့ရင် ဒီစီမံ ကိန်းကို မလုပ် ဘူးလို့ ယူဆ မိလာ ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူဟာ ကိုယ် တိုင် အမေရိကန် နိုင်ငံမှာ Criminal Justice ခေါ် ရာဇ၀တ်မှု ဆိုင်ရာ တရားရေး ဘာသာရပ်နဲ့ ပါရဂူ ဘွဲ့ကို ယူခဲ့သူ ဖြစ်တာမို့ စိတ်ပညာကို ကောင်းကောင်း နားလည်မယ်လို့ ယူဆလို့ ရနေလို့ပါ။ သူမဲ ရဖို့ အတွက် ကျွန်မတို့ကို ပညာသင် ဆုပေးမယ် ဆိုရင် ကျောင်းသား မိဘ များက သူ့ကို မဲပေးမယ် ဆိုတာ လောက်ပဲ စဉ်းစားပြီး တောသူ တောင်သား ကျွန်မတို့ ယဉ်ကျေးမှု ကွာခြားမှု၊ အတွေး အခေါ် ကွာခြားမှု၊ ရာသီ ဥတု ကွာခြားမှု တို့ကြောင့် ရနိုင်မယ့် ဖိအား များကိုတော့ သူက မျက်ကွယ် ပြုထား ခဲ့ပါတယ်။ ပညာသင် ဆုကလဲ သူ့အိတ်ကပ် ထဲကနေ ပေးရတာ မဟုတ်ဘဲ တိုင်းပြည်ချင်း ယဉ်ကျေးမှု ဖလှယ်ရေး သဘော တူညီမှု တွေကနေ ရတာပါ။ သူက ဒါတွေ ထဲကနေ သူ့အတွက် အမြတ်ထုတ် ခဲ့တာပါ။ ဒါ တွေ ကြောင့် ခွန်သက်ဆင်ရဲ့ မဲဆွယ်မှု ကို ကန့်ကွက်တဲ့ ခွန် အပီစစ် ဦးဆောင် ပါတီ ကို အရင်က အထင်လွဲ မိသမျှ နောင်တ ရခဲ့ ရပါတယ်။ ဒီတော့မှ ခွန် အပီစစ် တို့ရဲ့ ဒီမိုကရက် ပါတီကို ဘာကြောင့် ပညာတတ် များက အားပေးပြီး ခွန်သက်ဆင်ကို ဘာကြောင့် ကန့်ကွက် နေလဲ ဆိုတာကို သဘောပေါက် ပါတယ်။ ဖိအား များကို မခံနိုင် လွန်း လာတဲ့ အခါမှာ အရှုံးနဲ့ အိမ် မပြန်ချင်တဲ့ ကျွန်မတို့ ထိုင်း ကျောင်းသူ ကျောင်းသား အယောက် ၅၀ ခန့်ဟာ အားလုံး တူတူ တိုင်ပင်ပြီး ကိုယ့်ကိုယ်ကို အဆုံး စီရင် ခဲ့ကြ ပါတယ်။

ခုတော့ ခွန်သက်ဆင်ရဲ့ မဲဝယ်မှု၊ လိမ်ဆင် မဲဆွယ်မှု၊ ပြည်နယ် ပြည်မ ခွဲခြား သွေးကွဲ စေသော တရား ဟောမှု၊ လွှတ်တော် ကိုယ်စားလှယ်ကို သိန်း ၃၀မှ ၆၀ ထိ လာဘ်ငွေ ပေးကာ ဘက်ပြောင်း စေမှု စတှဲ့ မတရား မှုဖြင့် အုပ်စိုးမှု ကို မနေသာတဲ့ ထိုင်း စစ်တပ်က အာဏာ သိမ်းပြီး ရွေးကောက်ပွဲကို အသစ် ပြန်လည် ကျင်းပ ပေးနေပါတယ်။ ခွန်သက်ဆင်ဟာ ပြည်ပြေး ဖြစ်နေ သော်လည်း သူ့ပါတီကို အဝေးက ကြိုးကိုင်ဆဲ။ သူ့ပါတီက လူများ ကလဲ သူ့ခြေရာ နင်းဆဲ။ ဘ၀ဟောင်းက မိဘ ဆွေမျိုး များနဲ့ ဘ၀ ခြားခဲ့ ပေမယ့်လဲ ကျွန်မတို့ဟာ ထိုင်းမြေ မှာမွေး၊ ထိုင်းမြေပေါ် ကြီးလို့ ထိုင်းရေကို သောက်ခဲ့တဲ့ အတွက် သေရင်တောင် ထိုင်းမှာပဲ တစ္ဆေ အဖြစ် ကိုယ့်တိုင်း ဌာနီ မှာပဲ နေချင် ကြတာပါ။ အဲလိုပဲ ကိုယ့် မိဘ ဆွေမျိုးတွေ နောက်တစ်ကြိမ် ထပ် အလိမ်ခံ၊ အသုံးချ ခံရမယ့် ဘေးကနေ လွတ်စေ ချင်ပါ သေးတယ်။ ဒါကြောင့် ကျွန်မတို့ တစ္ဆေ တွေလဲ တတ်အား သမျှ ဆုတောင်း နေကြ ပါတယ်။ တိုင်းပြည်ကို အချိုသတ် ပြီး မလိမ်တဲ့၊ တိုင်းသူ ပြည်သား အပေါ် တကယ် စစ်မှန်တဲ့ စေတနာ ထားတဲ့ ဒီမိုကရက် ပါတီ အနိုင်ရ ပါစေ။

(လောလောဆယ် မဲ ရေတွက် နေစဉ်မှာတော့ လက်ရှိ ရေတွက် ပြီးစီးမှု အရ ဒီမိုကရက် ပါတီက အနိုင်ရ နေပါတယ်။ တစ္ဆေမလေး ဆုတောင်း ပြည့်ပါစေ)

1 comment:

Anonymous said...

u r so poor.