Friday, February 22, 2008

ရသစံု ရမ္ဘို ဇာတ်လမ်း

ယခု ကမ္ဘာပတ်နေတဲ့ ရမ်ဘိုကို ကျွန်တော်တို့ မှုန်ဝါးဝါးနဲ့ဘဲ အမှောင်တိုင်းပြည်ရဲ့ အမဲကမ္ဘာထဲမှာ ခြောက်ခြောက်ခြားခြား ကြည့်ခွင့်ရခဲ့ပါတယ်။ စစခြင်းဆိုသလိုပါဘဲ ၂၀၀၇ ရွှေဝါရောင် အပိုင်းအစတွေ၊ ၈၈ ရဲ့ ကျောင်းသားပြည်သူတွေရဲ့ သွေးစက်တွေကို ကြည့်လိုက်ရပါတော့တယ်။ ဖြစ်စဉ် နှစ်ခုလုံးမှာ မျက်ဝါးထင်ထင် ကိုယ်တိုင်တွေ့ခဲ့ရသူအဖို့ ဘာပြောကောင်းမလဲ .. မကျက်သေးတဲ့ အနာ ထပ်ပြီး အနင်းခံလိုက်ရသလိုပါဘဲ။ ရင်ထဲ တဆစ်ဆစ်နဲ့ မနေ့တစ်နေ့ကအတိုင်း ရသတစ်မျိုးပေါ့၊ စာတမ်းလေးထိုး ဇာတ်လမ်းလေးအစမျိုးတာနဲ့ မြန်မာစစ်တပ်ဘဲဆိုပါစို့(ဇာတ်ကားထဲမှာ မြန်မာစစ်ဝတ်စစ်စား စစ်ကား စစ်လက်နက်ကိုင်တွေ) အဲ့ဒီ မြန်မာတပ်ကလယ်ကွင်းတစ်ခုထဲမှာ ရွာသူရွာသားတစ်စုကို ("အပြတ်ရှင်းပစ်လိုက်") လို့ မြန်မာလိုပြောပြီး သတ်ခိုင်းလိုက်တာ မျက်စိထဲမှာ ....

ဟိုး .. ..

ကိုဆိုဗိုမှာ ဆာဘ်တွေက အယ်လ်ဘေးနီးယား လူငယ်တစ်စုကို သတ်လိုက်တဲ့ မှတ်တမ်းခွေလို၊ ဟိုး ကရင်ပြည်နယ်ကရင်နယ်သား ဒေသခံတွေကို တပ်က ရှင်းပစ်လိုက်သလို ခံစားလိုက်ရပါတယ်။


အဲ့ဒီအထိကတော့ စိတ်ထဲ ဘာရယ်ညာရယ်မဟုတ်သေးပါဘူး။ ဆက်ကြည့်ရင်း သိတဲ့အတိုင်း ရမ်ဘို ၁,၂,၃ အတိုင်း ဖဲ့တော့တာပါဘဲ။ အရင်ကားတွေတုန်းကတော့ လူငယ်ပီပီ ကြည့်ကောင်းတာပေါ့။ ကိုယ့်နိုင်ငံမှ မဟုတ်ဘဲလေ။ ခုဟာက ကိုယ့်မြန်မာနိုင်ငံတော်ကြီးက ဇာတ်လမ်းမှာ အဓိက အသက်သွေးကြောကြီးလေ။ ဆိုပါတော့ ကြည့်နေရင်းဘဲ ကိုယ့်စိတ်ထဲက ဖြစ်ချင်တဲ့ အတိုင်းရမ်ဘိုကြီးက ဖဲ့ပြနေတော့ ရွှေဘကားကြည့်နေရသလို လက်ခုပ်ဘဲ တီးရမလိုလို၊ ဗြုန်းဆို ဖြင်းကနဲဖြစ်သွားပြန်ရော၊ မကျေနပ်စိတ်၊ ဒေါသစိတ်၊စိတ်မကောင်းစိတ်ပေါ့။အတွင်းစိတ်မှာ မကြိုက်ပြန်ဘူး။ အဲ့ဒါ မျိုးချစ်စိတ်၊ ပြောရရင် တိုင်းပြည်ချစ်စိတ်ပေါ့။ တကယ်က ကိုယ့်တိုင်းပြည် ဒီလို အရိုက်ခံရတာ မကြိုက်ပါဘူး။ ဒါပေမယ့် ၂၀၀၇ ရွှေဝါရောင် ကိစ္စဟာ ကမ္ဘာမှာပြန့်နှံ့သလိုပါဘဲ။ ၂၀၀၈ ရမ်ဘိုလဲ ပြန့်နှံ့နေခဲ့ပြီလေ။ စေ့စေ့တွေးကြည့်တော့ မူလဇစ်မြစ်က စစ်အာဏာရှင်စနစ်ကြောင့် ဆိုတာပါဘဲ။

ပင်လုံအခြေပြုခဲ့တဲ့ ဗိုလ်ချုပ်တို့ သဘောတူညီချက်၊ အားလုံးရဲ့ ဆန္ဒကို အကောင်အထည်ဖေါ်ဖို့ အစဉ်အဆက် ပျက်ကွက်ခဲ့တာ ဒီစစ်အစိုးရဘဲ မဟုတ်လား၊ သေးမွှားတဲ့ အကြောင်းဘဲဖြစ်ဖြစ်၊ ကြီးမားတဲ့ ကိစ္စမှာဘဲဖြစ်ဖြစ် လက်နက်မဲ့ ကျောင်းသားပြည်သူ ရဟန်းရှင်လူ အပေါင်းကို အကြမ်းဖက်နှိပ်ကွပ်ခဲ့တာလဲ ဒီစစ်အစိုးရဘဲလေ။ စစ်အစိုးရရဲ့ အာဏာအတွက် အကြမ်းဖက်မှု့က ရုပ်ရှင်ထဲကအတိုင်း ဒါ့ထက်တောင် ပိုသေးဘဲ မဟုတ်လား။တကယ်တော့ဗျာ .. ကျွန်တော်တို့ မြန်မာပြည်ကြီးရဲ့ ပုံရိပ်ပျက်ခဲ့တာ ဟိုးသီပေါဘုရင်လက်ထက်ကထဲက ခုချိန်ထိပါဘဲ။ ဒီအာဏာအတွက်ဘဲ သီပေါဖြစ်လာဖို့ သွေးရင်းသားရင် ၄၀ ကျော်သေပေးခဲ့ရ၊ ဒီအာဏာအတွက်ဘဲ ဗိုလ်ချုပ်တို့ အသက်ပေးခဲ့ရ၊ အဲ့ဒိ အသက်တွေကို ဘယ်ပြည်ပ မျက်နှာဖြူကမှ လာသတ်တာ မဟုတ်ဘူးလေ။ ဒီအာဏာအတွက်ဘဲ ဒီစစ်အုပ်စုကလဲ ကတိအမျိုးမျိုးဖျက် ပြည်သူပြည်သားလဲသတ်၊ အချင်းချင်းလဲသမ၊ လုပ်ဖေါ်ကိုင်ဖက်ချင်းလဲချ၊ မိသားစုအဖွဲ့ဝင်၊ တပည့်သားချင်းတွေပါ အမြစ်ဖြတ်နဲ့ နောက်ဆုံး ဒီရမ်ဘိုကားကြီး အရိုက်ခံရတော့တာပါဘဲ။

ဒီဖြစ်စဉ်ကြီးရပ်သွားမဲ့အချိန် ကျွန်တော်တိုပတောင် ရှိပါအုံးမလား တွေးမိပါရဲ့ ခင်ဗျာ ... နောက်ဆုံးဘာစဉ်းစားမိလဲဆိုတော့ ငါတို့ စစ်တပ်သာလျှင် ဒီတိုင်းပြည်ကို အဓိက အုပ်ချုပ်နိုင်မယ်ဆိုတဲ့ အယူအဆရှိနေသ၍ ဒီမြေပေါ်မှာ ဘယ်တော့ ငြိမ်းချမ်းတိုးတတ်တဲ့ တိုင်းပြည် ဒါမှမဟုတ် ပြည်ထောင်စု ဖြစ်လာမှာ မဟုတ်ဘူး ဆိုတာပါဘဲ။ တစ်နေ့နေ့ တစ်ချိန်ချိန် ကင်ညာလို၊ ရ၀မ်ဒါလို၊ သီရိလင်္ကာလို၊ ပါလက်စတိုင်းလို ပိုမိုကျယ်ပြန့်တဲ့ အနိဠာရုံကြီးတွေ ဖြစ်လာမှာပါဘဲ။ အဆင်မသင့်လျင် ဘယ်ပြည် ဘယ်တိုင်းက ဘယ်ဒေသက ကိုဆိုဗို အသစ်ဖြစ်လာမလဲ ဆိုတာ မပြောနိုင်ပါဘူး။ အဖြစ်မခံနိုင်ဘူးလို့ ပုံသေပြောလို့မရပါဘူး။ ဖြစ်လာခဲ့ရင်တော့ ဒီစစ်အာဏာရှင်စနစ်က ပေါက်ဖွားလာတဲ့ရလာဒ်လို့ဘဲ ပြော၇မှာပေါ့။ စကတည်းက ညီတူညီမျှ စိတ်ဓာတ်မှမရှိဘဲ စစ်တပ်ကချည်းဘဲ လူတွေ မဟုတ်ဘူးလေ။ ကျန်ဒေသသားတွေလဲ လူတွေဘဲမဟုတ်လား၊ ခေါင်းတွေပါတယ်လေ။ အဲ့ဒီတော့ မြန်မာ့မြေမှာဒုတိယမြောက် ချေချင်ညာဖြစ်လာဖို့ နီးနေပြီပေါ့ ...

ပြီးတော့ အနာဂတ်မှာ မြန်မာ့မြေမှာ စစ်ပွဲတွေဖြစ်လာရင် လွန်ခဲ့တဲ့နှစ်တွေလို မဟုတ်နိုင်တော့ပါဘူး။ ဆန်းပြားတဲ့ လက်နတ်တွေ ငါ့တို့စစ်တပ် မှာဘဲရှိတယ်။ ဒေသသားတွေမှာ မရှိဘူးလို့ ထင်ထားလို့ မရနိုင်ပါဘူး။ တစ်ချိန်ချိန်မှာ ဒေသသားတွေမှာလဲ ဟိုး .. ပါလက်စတိုင်းသားတွေလို ၊သီရိလင်္ကာတမီးလ်တွေလို ပညာအရည်အချင်းက အစ လက်နက်အဆုံးအစ တိုးတတ်လာခဲ့ရင်? ဆိုတာကိုထည့်စဉ်းစားရမှာပါ။ဒီတော့ ရမ်ဘိုကိုကြည့်ရင်း အတွေးပွားမိတာကတော့ ဒီစစ်တပ်က ဒီအချိုးနဲ့ ဇွတ်ရှေ့သွားမယ်ဆိုရင် ရှေ့အနာဂတ်မှာ ရုပ်ရှင်ထဲက ပြည်ပက ရမ်ဘိုတွေတင်မဟုတ် ဒေသသားတွေထဲမှာပါ ရမ်ဘိုတွေ အများကြီဒထွက်လာနိုင်တယ်လို့ ထင်မိပါရဲ့ခင်ဗျား .. ထပ်တူမဟုတ်တောင် ဆွေမျိုးနီးစပ် ပုံစံပေါ့ .. တစခုသတိပြုလို့ ရတာက မြန်မာပြည်သားတွေဟာ မြောက်ကိုရီးယာသားတွေလို မဟုတ်ဘူးဆိုတာပါပဲ။ ။

No comments: