Wednesday, March 12, 2008

`စိန်ခေါ်ခြင်း´

စုပေါင်းညီညာအောင်ကြောင်းဖြာတဲ့ ဘယ်သူတွေပြောခဲ့တာပါလိမ့်
နေ့ တိုင်းကြားနေရတာက မညီညွတ်ခြင်းတွေ
အချိန်တိုင်းစီးဆင်းနေတာက မိုးစက်တွေ
အနာဂတ်လက်တွဲဖော်တွေရဲ့လမ်းဟာ အဆုံးသတ်ရတော့မှာလား
တကယ်ဆိုအစကတည်းက မလျှောက်ကြနဲ့ ပေါ့
ခုတော့ အားလုံးရေစုန်မျော ။ ။

စောင့်စားမျှော်လင့်ခြင်းတွေနဲ့  ငါ့လက်တွေတောင်သနားမိတယ်
ရှောင်ထွက်ပြေးရင် အရှုံး
ကြောက်တတ်ရင် အရှုံး
မလုပ်ရဲတာ အရှုံး
နောက်ဆုံး အရှုံးကိုရင်ဆိုင်တာလည်း
မိုးစက်တွေဘဲ ။ ။


အညိုရင့်ရင့်နေမင်းထက် သွေးရောင်ကိုလည်းမမှု
အနာဂတ်ကိုလည်း မမျှော်တတ်တဲ့နင်တို့
ခရောင်းလမ်းဆိုတာမှာ အဖော်ဆိုတာမလိုအပ်ပါဘူး
ဒါပေမယ့် ဘယ်သူမှလည်း မဖန်တီးချင်ကြဘူး
မိုးစက်တွေ ဖောက်ထွင်းမယ့်လမ်း
ဘယ်ကျောက်သားခံနိုင်ပါ့ ။ ။

တစ်နှစ်လားနှစ်နှစ်လား မရေရာခြင်းတွေထက်
ရေရာတာက စုပေါင်းခြင်းပါ
ထပ်ခါပြောရတာ အာညောင်းချင်ပေမယ့်
သံသရာလှည့်ကွက် ပြည်သားတိုင်းရုန်းထွက်နိုင်ဖို့ 
မိခင်မေတ္တာ လူသားတိုင်းအကျိုးရှိစေဖို့
သည်တစ်ခါမှ ကြွေးမချေချင်ရင်
ကြွေးနစ်သူတွေရဲ့စာရင်းမှာ
ကျတော်တို့မြန်မာဆိုတာ ရှေ့ဆုံးကဖြစ်ရတော့မှာပါပေါ့လား ။ ။

No comments: