Thursday, May 22, 2008

လေဘေးအတွေးများ



လမ်းမတလျှောက်က ဒုက္ခသည် ပြည်သူတွေကို ကြည့်ပြီး ... ၀မ်းနည်းမိတယ် ... ၀မ်းနည်းတာက ဒုက္ခသည်တွေကို ကြည့်ပြီးတော့တမျိုး ... ပြီးတော့ ...........

ခင်ဗျားတို့ဗျာ ... လုပ်ရက်တယ် ...

ဒီလို အလုအယက်ဖြစ်နေကြရတယ်ဆိုတာမျိုး လိုချင်တာလား ... ဒီလောက်ဆိုးဝါးနေပါတယ်လို့ ပြချင်တာ လား ... ဘာကြောင့်လဲ ဗျာ ... ဘာကြောင့်လဲ ...
ကားပေါ်ကနေ အငြိမ့်သားနဲ့ ရှင်ပြုအလှူပိုက်ဆံကြဲသလို ... ခိုစာကျွေးသလို ပစ်ကျဲနေမှတော့ လုယက်ကြရပြီပေါ့ဗျာ ... တွန်းတိုက်လဲပြို အနာတရဖြစ်ကြ ... ထိခိုက်ကြရ ... အခန့်မသင့်ရင် ကားကြိတ်ခံရမယ်ဗျာ ... ကားလေးကို ရပ်ပြီး အသာတကြည် နဲ့ စုရုံး တန်းစီဖို့ပြောပြီး ဝေပေးလို့ရပါတယ် ... ဒါဆိုရင် သူတို့ ဘယ်သူမှ အနာတရ မဖြစ်ပဲ အညီအမျှ ရကြမှာပါ ... ကားရပ်လိုက်တာနဲ့ ၀ိုင်းအုံပြီး အမဲဖျက်သလို ထိုးကြိတ်လုယက်ကြမဲ့ သူတွေ မဟုတ်ပါဘူး .. သူတို့ အရိုင်းအစိုင်းတွေမဟုတ်ပါဘူး ... သူတို့ ဒုက္ခသည်တွေပါ ... တော်ရုံငတ်တာလောက်နဲ့ သူများဆီက အလွယ်တကူ လက်ဖြန့်ဖို့ ၀န်လေးတတ်ကြတဲ့ မြန်မာ ဒုက္ခသည်တွေပါ ... ဘယ်လိုမှ မဟန်နိုင်တော့တဲ့ ဆိုးရွားလွန်းတဲ့ အခြေအနေမို့သာ ဒီလိုဖြစ်ကြရတာပါ ... ဒါကို ရုန်းရင်းဆန်ခတ် အလုအယက်ဖြစ်နေကြပုံမျိုး ဖန်တီးတာတော့ မကောင်းဘူးဗျာ ... ဒီလို ဖန်တီးမှုမျိုးနဲ့ အစိုးရမကောင်းကြောင်း အထူး သက်သေပြနေရမလိုပါဘူး ... မကောင်းမှန်းသိတာ ကြာညောင်းလှပါပြီ ... အဓိက စဉ်းစားဖို့က ဒုက္ခသည်တွေအတွက်ပါဗျာ ...

သူတို့ တကယ်အတိဒုက္ခရောက်နေကြတယ် ဆိုတာ အားလုံးအသိပါ ... မမြင်ရင်တောင် သိကြပြီးသားပါ ... ဒီလောက်လိုသလားဗျာ ... ဒီလို ဖန်တီးဖို့ လိုသလား ...
ဒီအစိုးရ အသုံးမကျတာ အသိမို့ ...အားလုံး ကိုယ့်အစီအစဉ်နဲ့ ကိုယ် မဖြစ်ဖြစ်အောင် တတ်နိုင်သမျှ လှူနေကြတာပဲ ... တစ်ယောက်ကို တစ်နှပ်စာပဲ ရရ ... ရသလောက် ကူနေကြပါတယ် ... ပြည်တွင်းက ဘလော်ဂါတွေ ၊ ပြည်ပရောက်မြန်မာတွေ ၊ သီးခြား ဖွဲ့စည်းလိုက်တဲ့ စေတနာဝန်ထမ်း အဖွဲ့လေးတွေ ...အားလုံး အားလုံး ကိုယ်စီကိုယ်ငှ တတ်နိုင်သမျှ သွားရောက်ကူညီပေးနေတာလည်း မြင်နေကြားနေရတာပဲ ... ကျန်ခဲ့တဲ့ ရက်ပိုင်းကပဲ ဒုက္ခသည်တွေကို ကိုယ်တိုင်သွားလှူခဲ့တဲ့ ဘလော်ဂါတစ်ယောက်က ရေးတာကို ဖတ်ရပါသေးတယ် ... ဒီလို ကားပေါ်က ပစ်ကြဲတာမျိုးကို သူမကြိုက်ဘူးဆိုတဲ့ အကြောင်း မလုပ်သင့်ကြောင်းပေါ့ ... ဘယ်သူမှ လည်း သဘောမကျပါဘူး ... ဒါမျိုး လုပ်စရာမှ မလိုတာ ... တခါ အဲ့ဒီဘလော်ဂါကပဲ တွေးမိတာ ပြန်ရေးထားတယ် ... သက်ဆိုင်ရာ တာဝန်ရှိသူတွေလက်ထဲ ထည့်လှူလိုက်တာ ပိုကောင်းပါတယ်ပေါ့ ... ဒါမှ စနစ်တကျနဲ့ နိုင်နိုင်နင်းနင်း ရှိမယ်ပေါ့ ... မဟုတ်ရင် ငတ်ပြတ်နေကြသူတွေမို့ ၀ရုန်းသုန်းကား ဖြစ်နိုင်တယ်ပေါ့ ... ဒီလိုဖြစ်မယ်ဆိုလည်း ဒုက္ခသည်တွေရဲ့ အပြစ်မဟုတ်ပါဘူးလို့ သူက ဆိုပါတယ် ... သူ့အမြင်ကို ရိုးရိုးသားသားပြောတာပါ ... ခုတော့ သူလည်း သွားလာကူညီရင်းနဲ့ အဲ့ဒီ သက်ဆိုင်ရာ တာဝန်ရှိသူတွေအကြောင်း သိသွားလောက်ပါပြီ ... တာဝန်ရှိသူဆိုတာက ဆိုင်ရာ နယ်မြေခံ အာဏာပိုင်အဖွဲ့အစည်း ဘာညာဆိုတော့ တခုခုဆို သူတို့က အထက်ကို အဆင့်ဆင့် အစီရင်ခံနေရသေးတယ်ဆိုတာကိုး ... ဒီတော့ အဲ့ဒီလို အဆင့်ဆင့် အစီရင်ခံနေစဉ်အတွင်းမှာပဲ ... ဒုက္ခသည်တွေက သာခွေယိုင်ဖြစ်နေပြီ ... အထက်က ခွင့်ပြုမိန့်လည်း ရရော ... ဒုက္ခသည်တွေလည်း မြော့မြော့ပဲ ကျန်တော့တယ် ဆိုတာမျိုး ဖြစ်မှာ ... တချို့နယ် တချို့ဒေသက တာဝန်ရှိသူတွေကတော့ တကယ်ကောင်းရှာကြပါတယ် ... ဒါလည်း ပြည်သူ့အသံပါပဲ ... မြန်မာပြည်သူဆိုတာမျိုးက ဘယ်သူဘယ်ဝါရယ် မခွဲခြားပါဘူး .. ကောင်းရင် ကောင်းတယ် ... မကောင်းရင် မကောင်းဘူးပဲပြောတတ်ကြတာပဲ ...

ခုနောက်ပိုင်း သတိထားမိတာတော့ အလှူရှင်အဖွဲ့တွေက ဘုန်းကြီးကျောင်းပဲ တန်းသွားလိုက်တယ် ... တကယ်လည်း အဲ့ဒီလို မြို့နယ်ကျေးရွာတွေမှာဆို ရပ်သူရွာသားအပေါ်သြဇာရှိတာက ဘုန်းကြီးတွေပါပဲ ... ပြီးတော့ ဒုက္ခသည် အများစုကလည်း ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာပဲ နားခိုနေရတာကိုး ... ဒုက္ခသည်တွေကို အကူအညီ ထိထိရောက်ရောက်ပေးနေတဲ့ အဖွဲ့ထဲက ဘလော်ဂါကြီး တစ်ယောက်ဆီမှာဆို ဘုန်းကြီးတွေကမှ သူတို့ထက် စီမံခန့်ခွဲတတ်သေးတယ် လို့ရေးထားတာ ဖတ်ရသေးတယ် ...း )

အင်း ..ဟိုရေး ဒီရေး နဲ့ စာကလည်း ရှည်ရှည်ဝေးဝေးနဲ့ လေးအီသွားပြီမို့ နောက်မှ တွေးမိရာ ထပ်ရေးဦးမယ် ...
ဒီကိစ္စတွေက ခဏတဖြုတ်မဟုတ်ဘူး .. ရေရှည်စီမံကိန်းနဲ့ကို ကူညီထောက်ပံ့သွားရမှာပဲ ... လောလောဆယ်တော့ ဆေးမြီးတိုနဲ့ ကုနေကြရမှာပေါ့ ... တချို့က ဒီအလှူကိစ္စတွေမှာ နိုင်ငံရေး မပါစေချင်ဘူး ... ပါရပါလိမ့်မယ် ... ပါကိုပါရပါလိမ့်မယ် ... စေတနာစစ်မှန်တဲ့ နိုင်ငံရေးမျိုးက ပါကိုပါရပါလိမ့်မယ် ... ရာသီဥတုကြောင့် သဘာဝဘေး မုန်တိုင်းဝင်တာ နိုင်ငံရေးကြောင့်မဟုတ်ပေမဲ့ ကြိုတင်ကာကွယ်ပြင်ဆင်ခွင့်မရလို့ အသက်အိုးအိမ်များစွာ ပျက်ဆီးဆုံးရှုံးနစ်နာခဲ့ရတာ နိုင်ငံရေးကြောင့်ပါ ... နိုင်ငံတကာက ကူညီကယ်ဆယ်ရေးတွေ နှောင့်နှေးစေခဲ့လို့ မသေသင့်တဲ့ အသက်တွေ ထပ်သေရတာ နိုင်ငံရေးကြောင့်ပါ ... ပြောမယ်ဆိုအများကြီးပါပဲ ... တကယ်တော့ ခုလို ဒုက္ခသည်တွေကို တတ်အားသမျှ တပိုင်တနိုင် ကူညီထောက်ပံ့ပေးနေတာကိုက နိုင်ငံရေး လုပ်နေခြင်းပဲ လို့ ဆိုချင်ပါတယ် ... ကိုယ့်နိုင်ငံသားတွေ ကောင်းဖို့၊ ကိုယ့်လူမျိုး ကောင်းဖို့ ဒုက္ခအ၀၀က လွတ်မြောက်ဖို့ လုပ်နေတာမှန်သမျှဟာ နိုင်ငံသားတို့ရဲ့ အရေး ၊ နိုင်ငံရဲ့အရေးမို့ နိုင်ငံရေးပါပဲဗျာ ...

ဒုက္ခသည်များအတွက် လူအား ငွေအား အကြံဥာဏ်အား ... စသည့်ဘက်ပေါင်းစုံမှ ကူညီပံ့ပိုးနေကြသော ပြည်တွင်းပြည်ပ မြန်မာများအား လေးစားဂုဏ်ယူလျှက် ....

လေဘေးအတွေးတွေက မကုန်သေး ... ဆက်တော့ရေးဖြစ်ပါဦးမယ် ။

1 comment:

Anonymous said...

လေဘေး အတွေးကို လာငေးတာပါဗျာ။ကျနော်လည်း အဲလိုပစ်ချတာ၊ စည်းကမ်းမရှိလုပ်တာတွေကို မကြိုက်ဘူးဗျာ။ သူတောင်းစားမှ မဟုတ်ပဲဗျ။ အဲလို မလုပ်သင့်ဘူး။ စနစ်တစ်ကျလေး လုပ်ကြရင်တော့ ကျနော်တို့ သူတို့ ဂုဏ်ရှိန် ကို ထိမ်းသိမ်းရာလည်းရောက်တာပေါ့။ ဒါပေမယ့် သတင်းစာထဲကအော်သလိုတော့ ငါတို့ပဲလုပ်မယ် စနစ်ကျအောင်ဆိုတာတော့ ကြေက်သဗျာ။ ကိုယ်တိုင်ပဲ စနစ်ကျအောင် လုပ်ပါရစေဗျာလို့ပဲ ယဉ်ကျေးချင်ပါတယ်။