Tuesday, May 20, 2008

အိပ်မက်သက်း ၁ နှစ်

ကမန်းကတမ်း ကသုတ်ကယက်နဲ့ ဖုတ်ဖတ်ခါပြီး ထလာရတာ ... တစ်နှစ်ပြည့်ပြီဆိုသကိုး ... ရှေးဖြစ်ဟောင်း အောက်မေ့မိပါရဲ့ ... ပြန်တွေးရင် မနေ့တစ်နေ့ကလိုပဲ လို့ ပြောရိုးပြောစဉ်ပြောရရင် သဘက်ခါဆို နောက်တစ်နှစ်ပြည့်ရောလားကွ လို့ ဘုတောစရာ ... ထားပါလေ ...
သိုးနေအောင် အိပ်တတ်တဲ့ ဆိုးပေ အိပ်မက်အိမ်မှာတော့ အိပ်မက်တွေ မက်ခဲ့တာ နည်းပါးခဲ့ပါတယ် ... ဆိုးပေလိုပဲ ကျန်တဲ့ ညီနောင် ၂ ယောက်ကလည်း ခြောက်တီးခြောက်ချက် ... ဆိုးပေထက်စာရင် သူတို့က သာပါသေးရဲ့ ... ကူညီရေးသားပေးတဲ့ အစ်ကိုအစ်မတွေနဲ့ပဲ ဒီလောက်ထိ အသက်ဆက်ခဲ့တယ်ဆိုလည်း မမှားဘူး ... အားနာပါရဲ့ ... ကျေးဇူးလည်း တင်မိတယ် ... လူငယ်လေးတွေမို့ သည်းခံပေးပါ ... နားလည်ပေးပါ ... အလိုလိုက်ပေးကြပါ ... လမ်းကြုံတဲ့အခါ မုန့်ဖိုးပေးကြပါ ...

ဒီအိပ်မက်အိမ်ရဲ့ သက်တမ်း တစ်နှစ်အတွင်းမှာပဲ ဆိုးပေတို့ နိုင်ငံမှာ ၊ ဘလော့ဂ်လောကမှာ ဖြစ်ပျက်ပြောင်းလဲသွားတာတွေက ....... များလှပါတယ် ... ကြေကွဲဝမ်းနည်းစရာ ၊ ခံပြင်းနာကျည်းစရာ ၊ သံဝေဂ ရစရာ ၊ သင်ခန်းစာယူစရာ ၊ ဆင်ခြင်စရာ ၊ ရှေ့အတွက် ပြင်ဆင် စရာတွေ အများကြီး တွေ့ရပါတယ် ... ပျော်ရွှင်အားတက်စရာရယ်လို့ မရှိခဲ့သေးဘူးလို့တောင် ပြောရပါမယ် ... ခုဆို အထပ်ထပ်ညစ်နေတဲ့ ဆိုးပေတို့ တိုင်းပြည်ဟာ နာဂစ်ကြောင့် အနာသစ်တွေ ထပ်ရခဲ့ပြန်ပြီ ... တတ်စွမ်းသမျှ ကူညီရုံ ၊ ဆုတောင်းရုံနဲ့ အိပ်မက်တွေ ဆွံ့အ ကြရပြန်ပါပြီ ...

ခုနလေးပဲ ... ကနွေလှိုင်နဲ့ ကမိုးစွေ က တစ်နှစ်ပြည့်စာတွေ ရေးသွားကြတယ် ...
ကနွေလှိုင်ကတော့ လူပျိုကြီးလိုလို ကလေးအဖေလိုလိုနဲ့ ( ဘာကြီးမှန်းတော့ ဆိုးပေလည်း မသိ ) တစ်နှစ်သားလေး အိပ်မက်အိမ်တဲ့ ... နောက်တစ်ခါဆို ၂ နှစ်သမီးလေး များဖြစ်မလား မသိဘူး ...း )

ကမိုးစွေကတော့ ၂ ပတ်လည် နူတ်ခွန်းဆက် တဲ့ ။ သူက ၂ ပတ်ပဲလည်တာ ... ဆိုးပေက ဂျာဂျာကိုလည်လို့ ... သတင်းတွေ ၊ ကြေငြာချက်တွေ ၊ ပုတ်ခတ်ဝေဖန်သံတွေ ၊ ငြင်းခုန်ဆဲဆိုသံတွေ .........တွေ ..တွေ...တွေ..တွေ ကြားထဲမှာ မူးနောက်လို့ ရူးမလောက်ကို ဂျာဂျာလည်နေခဲ့တာ ... အင်း ..ရှေ့ပြောနောက်ကြည့်မှ ... တော်ကြာ နှစ်ပတ်လည်မှာ ၂ " ပတ်လည် ပျဉ်းကတိုးသားနဲ့ တွေ့လို့ တကယ်မူး တကယ်ရူးပြီး ဆွေရောမျိုးရော မေ့သွားမှဖြင့် ... စစ်အစိုးရ ပြုတ်ကျသွားမှန်းတောင် မသိလိုက်ရဖြစ်နေချေဦးမယ် ...

တစ်နှစ်ဆိုတာ ဘာမှ မကြာလိုက်ပါဘူး ... ဒီမကြာတဲ့ အချိန်အတွင်း လုပ်ခဲ့ကြတဲ့ ကောင်းမှု မကောင်းမှု အကျိုးဆက်တွေကတော့ သံသရာ အဆက်ဆက် ပါနေဦးမှာ သေချာပါတယ် ...

မနေ့က ဆိုသည်မှာ မနက်ဖြန်၏ တနေ့က ဖြစ်ပြီး မနက်ဖြန်ဆိုသည်မှာ တနေ့က၏ သဘက်ခါ ဖြစ်လေသည် ။ ထို့သို့သော ... ဤသို့သော .....
ချစ်သော မြန်မာပြည်ကြီး ... ပစ္စုပ္ပန် ပျောက်ဆုံးခြင်းမှ အမြန်ဆုံး ကင်းဝေးပါစေ ...
စာကြွင်း ။ ။ ပြန်ဖတ်ကြည့်လိုက်တော့ သုံးယောက်သားရေးထားလိုက်ကြတာ ... တစ်ယောက်မှ ထောင့်မကျိုး ... အချိုးမပြေ ... ဆဲချင်စရာပင် ကောင်းချေတော့သည် ... နောက်နောင် ဒီထက် ဆဲချင်စရာကောင်းစေရမည်ဟူ၍လည်း ယနေ့ပင် တိုင်ပင်ဆုံးဖြတ်မိကြလေသည် ...

**** မျှော် ****

No comments: