Tuesday, May 20, 2008

နှစ်ပါတ်လည် နှုတ်ခွန်းဆက်

အိပ်မက်အိမ် ကို ဘလောဂ့်စာမျက်နှာမှာ စတင်အသက်သွင်းခဲ့ကြတာ ၁ နှစ်တိတိ ပြည့်မြောက်ခဲ့ပါပြီ။ မထင်မှတ်ဘဲ ကျနော် မိတ်ဆွေတယောက်နဲ့ အမှတ်မထင်ပြန်ဆုံရင်း စကားစပ်မိမှ မင်းတို့က အိပ်မက်အိမ်ရဲ့ ခေါင်းဆောင်တွေပေါ့တဲ့...။ ကျနော့်ခေါင်းထဲမှာ ရုတ်တရက် မိုက်ခနဲဖြစ်သွားမတတ် ခံစားလိုက်ရပြီး ခေါင်းနပမ်းကြီးသွားမိတယ်။ ကျနော်တို့က အိပ်မက်အိမ်ရဲ့ ခေါင်းဆောင်တွေလား။ ကျနော့်အမေးကို သူက ဟုတ်တယ်လေ မင်းတို့ကခေါင်းဆောင်နေရာယူထားကြတာဘဲလေတဲ့။ ကျနော်သိမ်ငယ်စွာခံစားလိုက်ရရင်း စကားလေးတစ်ခွန်းကို အမှတ်ရလိုက်မိတယ် "Leadership Is Action...Not Position!" တဲ့။ ကျနော်တို့ခေါင်းဆောင်ခဲ့တာမှ မဟုတ်ခဲ့ဘဲ။ ခေါင်းဆောင်နေရာယူခဲ့မိကြတာ။ ခေါင်းဆောင်နေရာယူပြီး ခေါင်းရှောင်နေခဲ့ကြမိတာ။ သူကဆက်ပြောတယ် ... မင်းတို့တွေမှ မဟုတ်ပါဘူကွာ စိတ်ဓါတ်မကျပါနဲ့တဲ့ ။ ကျနော့်စိတ်ထဲ တမျိုးဖြစ်သွားမိတယ်။ ဒါနဲ့ပြောပါဦးဆိုတော့ သူကဆက်ပြီး ဒါကလူတွေဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်တတ်တဲ့ ကိစ္စတခုပါတဲ့။ လူမပြောနဲ့ သတ္တ၀ါဖြစ်တဲ့ ပုတ်သင်ကောင်တောင်မှ သူ့စည်းစိမ်ခဲလည်ဆွဲနဲ့ ဘုရင်ကို ဦးခိုက်ဖို့မေ့နေခဲ့ဘူးတာဘဲလေ။ ဒါနဲ့ ကျနော်လည်း ဟုတ်ကဲ့ဆိုပြီး ခေါင်းညိတ်လိုက်မိတယ်။ ကိုယ့်ကိုကိုယ်လည်း မလုံမလဲနဲ့ပြန်စမ်းစစ်ကြည့်မိတယ်...ခေါင်းညိမ့်ရင်းနဲ့ ပုတ်သင်ကောင်လိုများ ဖြစ်နေမလားရယ်လို့ ... ဒီလိုနဲ့ သူနဲ့ကျနော် စကားတွေ တောင်စဉ်ရေမရ ဆက်ပြောဖြစ်ခဲ့ကြတယ်... ခေါင်းဆောင်ချင်လို့ ခေါင်းဆောင်နေတဲ့သူတွေ၊ နေရာယူချင်လို့ ခေါင်းဆောင်နေကျသူတွေ၊ လက်ညိုးထောင်ကြား ခေါင်းညိတ်နေကြသူတွေ၊ စသဖြင့် ကျနော်တို့ဆက်ပြောဖြစ်ခဲ့ကြတယ်။ ကျနော်တို့ လမ်းခွဲကာနီးမှာ သူက စကားတခွန်းပြောပြီး အရွှန်းဖေါက်သွားသေးတယ် ..."ကောင်လေး နေရာက အဓိကမဟုတ်ဘူးနော်" တဲ့ဗျာ...။

No comments: