Sunday, June 8, 2008

ခြစားနေသော အုပ်ချပ်များအကြောင်း

အခြေဆိုတာ တကယ်ဆိုရကြေးဆို အင်မတန်မှ အရေးကြီးပါရောလားဗျာ။ ငမိုးစွေရယ် စကားကြီးစကားကျယ်နဲ့ တမျိုးကြွားလို့ ဘယ်လိုဘယ်ပုံများ လေလုံးထွားဦးမယ်လို့ မတွေးလိုက်ပါနဲ့ဗျာ။ ရိုးရိုးတွေးလို့ ယို့ယို့လေးရေးကြည့်မိတာပါ။ တခါက ကျနော့်ဂျီးဒေါ်ကြီး ဒေါ်ငွေတစ်ယောက် သူ့ရဲ့ ရှိစုမဲ့စု တဲအိမ်ငယ်လေး စောင်းပြီးလဲကျတုန်းကပေါ့။ "အောင်မလေး သွားလေသူကြီးရဲ့ ရှင်ဆောက်ထားတဲ့ တဲအိုလေး အခြေမခိုင်ယိုင်လဲလို့ မှီခိုရာမဲ့ရပြန်ပေါ့" အစချီပြီး သူ ငိုချင်းချတာကို ပိုမှပို ငိုမှငိုလွန်းရဲ့လို့ ကျနော်စိတ်ထဲ ရေရွတ်ခဲ့မိပါရဲ့။ တကယ်ပါဗျာ အခြေမခိုင်တာဘဲ အချိန်မှီ ပြင်လိုက်ပေါ့။ ယိုင်လဲစရာလားလို့ ဟုတ်ပါ့နော် ငမိုးစွေ တော်တယ်မဟုတ်လားဗျ။

ဟောအခု နာဂစ်မွှေလို့ အိမ်တွေပျက်၊ တဲတွေပြို သစ်ပင်ပါမကျန်လဲလို့ လယ်ပြင်မှာ ရေ၀င်နေလို့ ပျိုးကျဲဖို့မပြောနဲ့ ထမင်းကြမ်းခဲတောင်မှ အခက်အခဲကြားက စားနေရပြီတဲ့။ "အခြေမခိုင်တာဘဲ အချိန်မှီပြင်လိုက်ပေါ့" လို့ စိတ်ဆော့ပြီးပြောမလို့ တွေးမိရုံရှိသေး " ဂေါက် ! " ခနဲအသံနဲ့ နောက်စိတချမ်း ပူဆင်းသွားလေရဲ့။ ဟောဗျာ ဘယ်အရပ်ကရောက်လာလဲ မသိရတဲ့ ငနဲသား ခုံဖိနပ်တဖက်က အခန့်သားနေရာယူလို့။ မေတ္တာတော် ထားကြရက်လေတယ်ပေါ့။ ဆန္ဒတော် မစောကြပါနဲ့ဦးဗျာ။ အဲဒါဇာတ်သိမ်းပါဗျာ ကျနော်မျိုး အပြောမတတ်လေတော့ အချက်ချက် အခါခါမှားတာပါ။ နောက်မှ ဒေါသထားဖို့စိတ်ခဏ လျှော့ထားကြပါဦး။

ဒီတခါကျတော့ ဒီလိုရှိတယ်ဗျ ...


အဟမ်း ... အင်း ... ။ ဟေ့ကောင် မိုးစွေ ...! ပြောမယ့်ဟာပြောဘာအခုမှ လိပ်ဥပျောက်သလို လုပ်နေတာလဲ ... အဟဲ ... စိတ်မရှိပါနဲ့ အရပ်ကတို့ရယ် ... သူတို့တွေ ပြောကြတဲ့ ဆရာကြီးလေသံဆိုတာ ချောင်းဟန့်သံ လိုလို ဘာလိုလိုနဲ့ အပိုတွေပါတယ်ဆိုလား? ကျနော်လည်း စမ်းကြည့်မိတာပါ။
"ဘာဆရာလဲဟေ့... ! သေချာဖြေ မရေရာလို့ကတော့ အသေချာမင်းရမှာ ဟောဒီမှာ " တုတ် " ကြည့်ထား နှစ်ငါးမူးကွ... !" ဘုရား ... ဘုရား... နာပြီ အသံကအရင် ရောက်နှင့်လာသူ... သူက မောင်ဆိုးပေ။

အခြေအနေက မဟန် မျက်နှာကျောတင်းတင်းနဲ့ ဒင်းမျက်နှာကြည့်ရတာကိုက အထိတ်တလန့်ရှိရတယ်။ မျက်နှာချိုသွေးထားမှ တန်ရုံကျတော့မယ်ထင်ပါ့။ မိုက်ပါ့ ငမိုးစွေ ကဲ မျက်ရည်သာထိုးခံရမယ့်ကိန်း စကားမမှားအောင် ကြံရချေပြီ။
မိုးစွေ။ ။"ဟာ ... ဆရာ .... ဘယ်ကနေလှည့်လာတာတုန်းဗျ။"
ဆိုးပေ။ ။"မျက်နှာချိုသွေးမယ် မကြံနဲ့မင်းဆီတည့်တည့်လာတာ။ ကဲဘာတဲ့ အခြေမခိုင်တာဘဲ အချိန်မှီပြင်လိုက် ဟုတ်စ ...။ "
ကံကြမ္မာက ရှောင်ထွက်ခွင့်မပေးတော့ ကိုယ့်စကားနဲ့ကိုယ် ရှင်းရပြီပေါ့...
မိုးစွေ။ ။"ဒီလိုပါ ကိုဆိုးပေရယ် ... နာဂစ်မုန်တိုင်းဝင်သွားလို့ အခက်အခဲဖြစ်နေတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေ ..."
ဆိုးပေ။ ။" တော်စမ်း ! မင်းစကားအခုရပ် ...! ဘာတဲ့ ဒုက္ခသည် ဟုတ်လား..."
မိုးစွေ။ ။"ဟုတ်ပါတယ်ခင်ဗျာ လေဘေးဒုက္ခသည်တွေလေ... "
ဆိုးပေ။ ။" တော်စမ်း မိုးစွေ ... ကိုယ့်အားကိုယ်ကိုး လုပ်ကိုင်စားသောက်နေခဲ့ကြတာ။ မထင်မှတ်ဘဲ သဘာဝအန္တရာယ်ကြုံတွေ့လို့ အတိဒုက္ခ အကျပ်အတည်းထဲ ရောက်နေတာကွ.."
မိုးစွေ။ ။" ဟုတ်... ဟုတ်ကဲ့ "
ဆိုးပေ။ ။" ကိုယ်ကျိုးအတွက် တခုတည်းကိုကြည့်ပြီး ဒုက္ခသည်အမည်ခံဖို့ တန်းစီစောင့်နေတဲ့သူတွေမဟုတ်ဘူး။ ကဲပြောစမ်း ... ဘယ်ကအခြေမခိုင်တာလဲ .. ဘယ်ကသွားပြင်မလဲ .."
မိုးစွေ။ ။"ဒါကဒီလိုရှိပါတယ် ကိုယ့်ဆရာရယ် ... ဒါနဲ့စကားမစပ် ဆရာ့ပုံစံက တိုက်ပုံနဲ့ဘာနဲ့ ဘယ်ကပြန်လာတာလဲဗျ။"
ဆိုးပေ။ ။" လ၀က ရုံးကဟေ့ မှတ်ပုံတင်သွားလဲတာ ဟောဒီမှာကြည့် ...မှတ်ပုံတင်အသစ်စက်စက်"
မိုးစွေ။ ။" ဟာ ဆရာ့မှတ်ပုံတင်လဲတာ မြန်လှချေလား။ ကျနော့်မှတ်ပုံတင်ဆို လချီနေပြီမရသေးဘူး။ မဟုတ်မှလွဲရော ရုံးမှာဆွေမျိုးရှိပြီထင်တယ်။"
ဆိုးပေ။ ။" မဟုတ်ဘူးဟေ့ လွဲတယ်... ငါ့မိန်းမ ညီမ၀မ်းကွဲရဲ့ သူငယ်ချင်း သူ့အစ်ကိုရည်းစားဟောင်းတောင် မရှိဘူး။ အလှူငွေထည့်ပြီး အမြန်လုပ်လာတာ"
အခွင့်သင့်ပါပေါ့ ပြန်ပြောရကြံနေတုန်း ....
"အင်း ... အမှားတွေ၊ အမှားတွေ " လို့ တရားကျသလိုလေသံနှင့် ရောက်လာသော လူပျိုကြီး တရားသမားတပိုင်း ကိုနွေလှိုင်ရောက်ချလာလေရဲ့ ... ။မဆိုးလှ တော်ပါသေးရဲ့ သူရောက်လာတာမှ ကျနော်မျိုးငမိုးစွေလည်း အသက်ရူနည်းနည်းချောင်သွားတော့တယ်။
နွေ။ ။" ဘယ်ရမလဲ မောင်ဆိုးပေရယ် .. မင်းကြည့်တော့ တိုက်ပုံအင်္ကျီ နဲ့ လည်ကတုံး ပုဆိုးက စိပ်ခွန်အစိမ်းနဲ့ တိုင်းပြည်ကို သစ္စာဖေါက်နေတာပေါ့။ မင်းတို့ပြောတာ့ အလှူငွေ ကဲဘယ်မှာလဲ ဖြတ်ပိုင်းပြစမ်း၊ မရှိဘူးမဟုတ်လား။ အဲဒါကြောင့် ရှေးလူကြီးတွေပြောကြတာ ဖြတ်ပိုင်းပြန်မလာတဲ့။ ဘယ်လာမလဲ မင်းက အလှူဆိုပြီး လူကြားကောင်းအောင်ပြော လက်သိပ်ထိုးအလှူဆိုတာ လာဘ်ပေးမှုကွ။ "
ဆိုးပေ။ ။" ဟို... ကျနော်လည်း အရေးတကြီး လိုနေတာမို့ မဖြစ်စလောက်လေးပေးလိုက်တာ ပြဿနာ မရှိလောက်ပါဘူးဗျာ... "
နွေ။ ။"ရှိတယ်ကွ... ရှိတယ် ... မဖြစ်စလောက်လေး လုပ်ပိုင်ခွင့်ရှိတဲ့သူကစ လုပ်စားတယ်။ အကောင်သေးကလည်း အကောင်သေးလောက်စားတယ်။ အကောင်ကြီးကလည်း အကောင်ကြီးလောက်စားတယ်။ ကဲမင်းတို့ကလည်း နည်းနည်းလိုချင်လို့ နည်းနည်းပေးတယ်။ ဟော ... များများလိုချင်တဲ့သူကလည်း များများပေးတယ်။ ကဲမင်းတို့လုပ်တာတွေက အပြစ်ကင်းတယ်ပေါ့လေ..."

" ဟိုကောင်မလည်ရှုပ် မိုးစွေကလည်း စကားကိုရှင်းရှင်းမပြောဘူး။ အခုဆို ရသလောက်ပေး ရသလောက်ဖြောင် ဖြစ်နေတာ ... ဘယ်သူတွေလဲ .... မင်းတို့မင်းတို့တွေ အဲဒီအခြေ အသေးစိတ်ကို တွေးဖို့ပြင်ဖို့ ပြင်ဖို့ပြောတာ...။ ၁၀ ပေးလို့မှ ၁ ကျပ်တန်နွမ်းနွမ်း ရကြတဲ့ဘ၀ ... အခုတော့မင်းတို့တွေက ငါ့မထိရင်ပြီးရော။ ငါနဲ့ လွတ်ရင်ပြီးရောဆိုပြီး အရာရာကို မဆိုင်သလိုနေနေကြဟုတ်လား။ မင်းတို့ကိုယ် မင်းတို့ တိုင်းပြည်သစ္စာဖောက်နေကြတာ တယ်ကောင်းတယ် ထင်ကြတယ်ပေါ့ အမှိုက်ကစ ပြဿာဒ်မီးလောင်တဲ့... အခုမင်းတို့ကြောင့် ပြဿာဒ်ပါ အမှိုက်နီးနီးဖြစ်နေပြီ။ ကောင်းသေးရဲ့လား... "

အခုတောင် ကိုရီးယားဇာတ်လမ်းတွေက ခပ်ရှော်ရှော်အတွေးအခေါ်တွေနဲ့ ဦးနဲ့သမီး ဇာတ်လမ်းတွေကလွဲရင် မင်းတို့လူငယ်တွေမှာ ဘာတွေတိုးတက်လဲ? နောက်ဆုံးတော့ မင်းတို့တိုင်းပြည်က လူငယ်တွေအားလုံးက မှိုတက်နေတဲ့ အတွေးအခေါ်တွေရိုက်သွင်းခံရပြီး တိုင်းပြည်ကလုံးပါးပါဖို့ဘဲရှိတော့တယ်...
"တောက် ... ငါမပြောလိုက်ချင်ပါဘူးကွာ... ဒင်းတို့လဲမြန်မြန်သေမှအေးမယ် ... မင်းတို့လဲ သတိထား နွားမဖြစ်ချင်ကြနဲ့...။ ငါသွားမယ် ဒါဘဲ... "

ဟောဗျာပြောပြောဆိုဆိုနဲ့ အခုကျတော့လည်းသူမဟုတ်သလို ကိုနွေတစ်ယောက်လှည့်ထွက်သွားလေရဲ့။ နောက်ဆုံးတော့ ကျနော်နဲ့ မောင်ဆိုးပေနှစ်ယောက်သာ ကိုယ်ခေါင်းကို အသာစမ်းရင်း ခန္ဓာကိုယ်ထဲ ခြကောင်တွေဝင်ရောက်နေသလိုလို မအီမသာခံစားရရင်း ကျန်နေရစ်ခဲ့ပါတော့တယ်။

1 comment:

Anonymous said...

ခြစားတာတွေကတော့ကွယ် ။
တကယ်တော့ အချင်းချင်း ချပြီး စားနေကြရသလိုပါပဲ ။