Tuesday, June 24, 2008

ဆိုးပေ ... ခပ်တိုးတိုးလေး ပေါက်လိုက်သည် ။

အိမ်ရှေ့ရောက်တာနဲ့ ကနွေလှိုင်က လှမ်းဟောက်သည် ။
`ဟကောင် ... ဆိုးပေ ... မင်းဘယ်အလေလိုက်နေတုန်း ´
အိမ်ထဲရောက်တော့ မိုးစွေက တမျိုးဗေပြန်သည်။
` အေးလကွာ ... ကျုပ်တို့ဖြင့် သေပြီမှတ်တာ ။ ခုမှ ဘယ်ကဘယ်လို ဖုတ်ဝင်သလို ပေါက်လာတာလဲ ´
မောင်ဆိုးပေကတော့ ရုပ်သေနဲ့ ပြန်ဖြေသည်။
` ဟိုဘက်ရွာ သွားတာပါဗျ ။ ခင်ဗျားတို့ကလည်း ... ဟောက်မယ်ဆိုတာချည်းပဲ ´
ပြောကာဆိုကာနဲ့ ငုတ်တုတ်ထိုင်ပြီး ဆေးလိပ်သာ မဲဖွာနေတော့သည် ။
` ဘယ်ရွာသွားနေတာလဲ ... သေရွာလား ... ပြောစမ်းပါဦး ´
` ဟိုဘက်နားကရွာဟာလေ ... အချစ်ရွာဆိုတာပေါ့ ´
`ဟေ ´ ` ဘာကွ ´ ` အချစ်ရွာ ´
နှစ်ယောက်သား နားရွက်ထောင် လည်ပင်းဆန့်လို့ ခါးပါမတ်ပြီး မျက်လုံးပါပြူးသွားတော့သည် ။ (တံတွေးမြိုသံ မကြားလိုက်ပါ )
` အမ်မယ် မင်းက အဲ့ဒီ အချစ်ရွာသွားရအောင် အသက်ပြည့်သေးလို့လားကွ ။ ရာရာစစ ´
` အေးလေ ... လူကဖြင့် လက်တောက်လောက်နဲ့ မဟုတ်တဲ့နေရာတော့ ရောက်တယ် ´
ဆိုတော့ .... မောင်ဆိုးပေက ဆေးလိပ်ဖွာနေရာက ... ငေါက်ကနဲ ထတဲ့ပြီး ခေါင်းကိုယမ်း လက်ကိုခါ ကာ ...
` ကျွတ်စ် ... ခင်ဗျားတို့ အတော်ပိန်းတာပဲ ။ ဒီခေတ်ဒီအခါကြီးမှာ အသက်အရွယ်ကို စကားထဲထည့်ပြောနေရသေးလား ။ ကြည့်စမ်း ။ အနှိပ်ခန်း ၊ KTV ၊ နိုက်ကလပ် ... အဖက်ဖက်မှာ ကြည့်လိုက် ... ကျုပ်တို့ သူငယ်လေးတွေချည်း ။ နယ်စပ်ရှေ့တန်း စစ်စခန်းတွေ ကြည့်ဦးမလား ... ကျုပ်တို့အရွယ် ဥမမည် စာမမြောက်တွေချည်း ။ နောက်များဆို ဆယ်ကျော်သက် ဘယ်မှာ ... စာသင်ခန်းမှာ သွားမရှာနဲ့ ... xxx တန်းမှာ ရှာလို့ ပြောရတော့မှာဗျ ။ ဟွန်း ... အသက်က အရေးမပါတော့ပါဘူး ။ ၇၀ ကျော်လည်း အရေးပြားနဲ့ ယူနီဖောင်း တွဲချုပ်ထားလို့ရနေတဲ့ ခေတ်ကြီးပါ ။ မပိန်းစမ်းပါနဲ့ဗျ ။ အချစ်ရွာ ပျက်သွားလို့ ညစ်လာတာနော် ... မဲကျသွားမယ် ။ ´
` ဟုတ်ပါပြီ ဆိုးပေရာ ... မင်းပြောတာတော့ လွန်လွန်းပါတယ် ... ထားပါ ... ငါတို့ ပြောမိ အပြစ်ရှိပါတယ် ။ အဲ့ဒီအချစ်ရွာကလည်း ပျက်သွားမှပဲကွ ။ ´
မိုးစွေက စကားဖြည့်သည် ။ ` ဟုတ်တယ် ကနွေလှိုင် ... ကျုပ်တော့ စက်တင်ဘာနောက်ပိုင်း ကပ်လျက်မှာမှ ပေါ်လာတဲ့ အဲ့ဒီရွာကို သိပ်မသင်္ကာဘူး ။ ´
` အေး .. ခုလို ပျက်သွားတာ ကောင်းပါတယ် ။ တကယ်တော့ ဒါကလည်း ဆေးရုံတို့ သင်္ချိုင်းတို့လို မစည်ကားအပ်တဲ့ အရပ်မျိုးပဲကွ ။ ´
သူတို့ ပြောတာကို ညစ်ထွေထွေ မောင်ဆိုးပေက ၀င်ထေပြန်သည် ။
` ကြပ်ပြေးမှာတော့ စည်းကားလို့ပဲဗျ ။ သူတို့အမျိုးတွေတောင် လှမ်းခေါ်လိုက်သေးတယ်လေ ။ ´
သူက ထေတော့ ကနွေလှိုင်က ပြန်ဗေသည် ။ ` ဟကောင် .. ဆိုးပေ ... တော်တော့ ။ အချုပ်ခန်းတို့ ထောင်တို့ဆိုတာလည်း ဒီခေတ်အခါ ငါတို့ နိုင်ငံမှာ အသက်အရွယ် ကျားမ လူမျိုးဘာသာ ဘုန်းကြီး ရဟန်း မရွေးဘူးကွ ... အာမခံမရ ၊ ပုဒ်မသာ မေးလို့ မရတာ ။´
ဒီတော့မှ မိုးစွေက ၀င်ဖြည်တော့သည် ။
` ကဲ .. ကနွေလှိုင် .. ခင်ဗျား ပြောကာမှ ထောင်ဗူးဝရောက်နေပြီ ။ တော်ကြတော့ ။ ဟေ့လူ ... ဆိုးပေ ။ ကျုပ်တို့ လပွတ္တာအစွန်ဘက်ရွာတွေက ဒုက္ခသည်တွေကို သွားလှူမလို့ ။ ခင်ဗျားလည်း လိုက်ခဲ့ ။ ´
` ဒုက္ခသည်တွေ သွားလှူမယ်ဆိုရင်တော့ လိုက်ချင်သားဗျ ။ ဒါပေမဲ့ ကြိုပြောထားရဦးမယ် ။ တစ်ယောက်နဲ့ တစ်ယောက် စွပ်စွပ်စွဲစွဲလုပ်တာတို့ ပြစ်တင်ကဲ့ရဲ့တာတို့တော့ လုပ်နဲ့ဗျ ။ ကျုပ်က သူများလို မဟုတ်ဘူးရယ် .. ´
`အဲ့ဒါသာကြည့်တော့ မိုးစွေ ... ဒီကောင့်ကို ခေါ်ရမှာ ခပ်လန့်လန့်ကွာ ။ ´
`ရပါတယ် ကနွေလှိုင်ရာ ... ကျုပ်ကြည့်ထိန်းပါ့မယ် ´ ` ကဲ ....ကဲ ... လာ သွားကြစို့ ´
-----------------------------------------------------------------------------------------------
` ကဲ .... ရောက်ပြီ ´
`ဟာ ... ခင်ဗျားတို့ဟာ ဘယ့်နှယ်လဲဗျ ။ ခုန အပေါ်တကြောင်းမှာ လာသွားကြစို့ ဆိုပြီး ... နောက်တကြောင်းခြားမှာ ကဲ .. ရောက်ပြီ ဆိုတော့ ... မဟုတ်သေးပါဘူး ... ။ ဒီလောက်မြန်ရအောင် ... ကိုယ့်ကိုယ်ကို တရုတ်ဝန်ကြီးချုပ်များ မှတ်နေကြလားဗျ ။ ´
` ဟကောင် .. ဆိုးပေ .. နင် .. မရှည်နဲ့ ။ ငါတို့က မင်းရေးသမျှ လိုက်နေရတာ ။ သူများလို ကားတတန် ၊ လှေတတန် ၊ ကုန်ကြောင်းတတန်မသွားနိုင်ဘူး ။ မြန်မြန်ရောက်ရင် ပြီးရောပေါ့ ။ ´
` မဟုတ်ဘူးလေ ... ကျုပ်ပြောတာက ခင်ဗျားတို့ ... မိမိရဲ့ ပုဂ္ဂလိက ဆန္ဒတွေကို ချိုးနှိမ်ပြီး တခြားသူတွေရဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ အားတိုက်အင်တိုက် ဆောင်ရွက်ပြီးတဲ့အထိ စောင့်သင့်တာပေါ့ ... ´
`အမ် .. ဒီစကားလုံးတွေ ကျုပ်ကြားဖူးသလိုပဲ ... ´ ` အေး .. ငါလည်း တနေရာရာမှာ ဖတ်ဖူးသလိုပဲ မိုးစွေရ ´

` ကြားဖူးဖတ်ဖူးတာတွေ ထားစမ်းပါဗျာ ... တကယ်ဆို မဲကလေးတော့ ပေးပြီးမှ သွားသင့်တာပေါ့ ... ´
`တော်စမ်းပါ ဆိုးပေရာ ... ကဲ ... ကဲ ... ရွာဘုန်းကြီးကျောင်း ရောက်ပြီ ... လူစာရင်းယူ ... ဝေမဲ့ ပစ္စည်းတွေ ပြင်တော့ ´

ပြောပြီး ... ကနွေလှိုင်နဲ့ မိုးစွေ နှစ်ယောက်သား တိုင်ပင်ရသည် ။ ဒီကောင် ဆိုးပေ ... မဖြစ်ချေဘူး .. တို့အလှူပျက်မဲ့အပေါက်ပဲ ။
ဆိုတော့ကာ ... လူကြီးတွေနားမကပ်ရအောင် သကြားလုံး နဲ့ မုန့်ထုပ်ပေးပြီး ကလေးတွေ ဝေခိုင်းလိုက်မယ် ... ။ ကလေးတွေကြားဆိုပြီး သူချည်းလွှတ်ထားလို့လည်း မဖြစ်ဘူး မိုးစွေ ။ မင်း အရိပ်အခြေ ကြည့်ပြီး ထိန်းဦးကွာ ။
ကနွေလှိုင်က ဇယားချတာနဲ့ မောင်ဆိုးပေ ... ကလေး တွေ အလယ်ရောက်တော့သည် ။

` ကလေးတို့ရေ ... လာကြ ´
` အားမငယ်ကြနဲ့ကွယ် ... ကမ္ဘာကြီးပြားသွားပြီတဲ့ကွ ... Thomas L. Friedman ကပြောတယ် ´
`ဒီလူကတော့ စပြီ ... Thomas L. Friedman နေနေသာသာ ကျော်ဝင်းဆိုရင်တောင် ကမ်းနဖူးရွာက သဗ္ဗာန်သမားလားလို့ မေးမှ အခက် .. ဒုက္ခပဲ ´
မိုးစွေကတော့ ပုခုံးကို ကျုံ့ နှာခေါင်းရှုံ့ကာ ခေါင်းကို ကုတ်၍ ညည်းလေတော့သည် ။
ဘေးနားက ကလေးလေးက နှပ်ရှုံ့ရင်းမေးသည် ။
`ကဘာကြီး ကြားတွားအောင် ဘယ်ဒူတက်နင်းရို့ယဲဂျ ။ ဖေကြီး ကျန်ယာမှ တိုင်ကျောမယ် ´
သွက်လက်ချက်ချာတဲ့ ထိုကလေးကို ဆိုးပေ သဘောကျသွားသည် ။ ` သား ... ဖေဖေကြီးက ဘယ်သွားလို့လဲကွ ´
` ဟိုး...မှာ ။ မေကြီးကို တွားခေါ်တာ ... ကျန်မယာတေးဘူး ´
သကြားလုံးဆုပ်ထားတဲ့ လက်ကလေးနဲ့ ညွှန်ပြရာကို ကြည့်တော့ အဝေးခပ်လှမ်းလှမ်းမှ ရေပြင်ညစ်ထေးထေးသာတွေ့ရသည် ။
ဆိုးပေက ... သက်ပြင်းဖွဖွချကာ ...
`ဒီလိုကွ .. ကလေးတို့ရ ... ခုဆို မင်းတို့လေးတွေ အကြောင်း ... ဘလော့ဂ်တွေ ပေါ်မှာ ..... ´
`ဟေ့လူ .. ကလေးတွေက ဘလော့ဂ်ဆိုတာ စားစရာလား မေးနေဦးမယ် ... ခင်ဗျားကလဲလေ ´ မနေသာတော့တဲ့ မိုးစွေက အသာကပ်ကာ ပြောရသည် ။
`အော် ... အေး .. ဟုတ်သားကွ ´ ` ဒီလိုလေ ကလေးတို့ရ ... ခု အင်တာနက်ပေါ်မှာဆိုရင် ... ´
`အာ .. လုပ်ပြန်ပြီ ... အင်တာနက်က ကစားစရာလားလို့ မေးနေဦးမယ်ဗျ ... ´ ခါးတို့ကာ ပြောရပြန်သည် ။
`အင်း .. ဟုတ်တာပဲနော် ... ´ ` ဒီလိုကွ ကလေးတို့ရ ... မင်းတို့လေးတွေအတွက် ကွန်ပြူတာတွေနဲ့ .... ´
`ဟာ ... ဒီလူ ခက်တော့တာပဲ ... သူတို့က ကွန်ပြူတာလည်း ဘယ်နှယ့်လုပ်သိဦးမှာလဲဗျ .. ဘယ်နားက ရွာလည်းလို့ မေးနေဦးမယ် ... မင်းတို့အကြောင်း တီဗီထဲမှာ ပါတယ်လို့သာ ပြောလိုက်တော့ဗျာ ... သိပ်လေမ၇ှည်နဲ့ ´
မိုးစွေက လက်တို့ပြီး ပြောပြန်တော့ ဆိုးပေ စိတ်လေသွားပုံရသည် ။
` အေး .. ဒါလည်း ဟုတ်တာပဲ ... ဒါပေမဲ့ သူတို့က တီဗီတောင် သိပါ့မလားကွ ... တလောကလာသွားတဲ့ တီဗီမင်းသားကြီးတွေထဲက ၀န်ကြီးချုပ်ဆိုတာတောင် လူမသိမှာစိုးလို့ ဒါ ... နိုင်ငံတော်ဝန်ကြီးချုပ် ... ၀န်ကြီးချုပ်ရယ်လို့ ရင်ဘတ်ကြီး တဗုန်းဗုန်းပုတ်ပြပြီး မိတ်ဆက်ပေးရလောက်နီးနီး ကြော်ငြာ သွားရသေးတာပဲနော် ´
` အဲ့ဒါပြောတာပေါ့ .. ခင်ဗျားလည်းသိသားနဲ့ကို ´
`တကယ်ဆို အဲဒီဝန်ကြီးချုပ်ရဲ့ နဖူးပြောင်ကြီးမှာ လူမြင်သာအောင် ၀န်ကြီးချုပ်ပါခင်ဗျာ လို့ ထုံးနဲ့ ရေးထားဖို့ကောင်းတာကွ ´
`တော်ပါတော့ဗျာ ... ခင်ဗျားကလည်း .. ကဲ ကဲ .. ကလေးတွေ မုန့်ဝေစရာရှိတာ ဝေလိုက် ... သူတို့လည်း စားချင်ပြီပေါ့ ´
`အေးပါ မိုးစွေရ .. မင်းကလည်း ... မုန့်ဝေတာက ခဏပါ ... ငါက ပြီးစလွယ် ဝေပေးလိုက်တာမျိုး မလုပ်ချင်ဘူး ... တကယ်ဆို သူတို့က ဖားသားအော့ဖ်သည် မန်း လေးတွေကွ ... ဂရုစိုက်ရတယ် ´
`ဟုတ်ပါပြီ ... လုပ်ပါ မြန်မြန် ´
ဘေးမှာ ၀ိုင်းနေတဲ့ ကလေးတွေကတော့ သူတို့နှစ်ယောက်ကို ပါးစပ်အဟောင်းသားနဲ့ပဲ ငေးနေကြသည်။
`နေဦး ... ငါ သူတို့လေးတွေ စိတ်အားမငယ်ရအောင် ကဗျာရွတ်ပြလိုက်ဦးမယ်ကွ ´
`ကဲ ... သဘောဗျာ သဘော ... ကဗျာမကလို့ သီချင်းဆိုပြီး ကပြချင်လည်း ကပြတော့ ... ကျုပ်တော့ ပြောရတာ မောပြီ ... ရွတ်မယ်ဆိုလည်း မြန်မြန်ရွတ်တော့´
မိုးစွေကတော့ စိတ်ပျက်လက်ပျက်နဲ့ လက်လျှော့ကာ ထိုင်ချလိုက်တော့သည် ။
` အဟမ်း အဟမ်း ... ကလေးတို့ရေ ... စိတ်ဓာတ်မကျကြနဲ့ကွ ... ဆရာတာရာမင်းဝေ ရဲ့ ကဗျာစာသားတစ်ပိုဒ်ကို ဦးဆိုးပေ ရွတ်ပြမယ် ´
` ဒီလိုကွ ... သူက ပြောတယ် ... ဘ၀မှာ လေပြေ ကိုချည်း မျှော်လင့်စရာမလို ။ မုန်တိုင်းမှာလဲ အောက်ဆီဂျင်ပါ .... အာ .. အု .. ၀ု .. ဖရု ... ´
`ဟာ .. ဟေ့ ..ဆိုးပေ .. ´ မိုးစွေ ငေါက်ကနဲထကာ ဆိုးပေပါးစပ်ကို အတင်းအုပ်ပိတ်သည် ။
စုဝိုင်းရပ်နေတဲ့ ကလေးတွေ ဘေးကို ရှဲသွားလေသည်။ တချို့ ငိုမဲ့မဲ့ ဖြစ်သွားသည်။ မိဘဆွေမျိုး လက်ကျန်ရှိသူတွေက အော်ငိုကာ ထွက်ပြေးကြတော့သည် ။
`ကနွေလှိုင် .. ကနွေလှိုင် .. လာစမ်းပါဦးဗျာ .. ´
` မ၀ိုးစွေ .. အာ .. အုဖ် .. ဘာဖစ် ... ´ ဆိုးပေက ရုန်းကန်ပြီး အော်နေသေးသည် ။
ကနွေလှိုင်လည်း တဖက်မှာ ပစ္စည်းတွေ ဝေနေရာက အပြေးအလွှားရောက်လာသည် ။
`ဟေ့ကောင်တွေ ဘာဖြစ်ကြတာလဲကွ ..မင်းတို့ကလည်း .. အလုပ်များပါတယ်ဆိုမှ ´
`ဒီမှာလေဗျာ .. ဆိုးပေတစ်ကောင်လုပ်ပုံက ကျုပ်တို့ ပြေးပေါက်မှားတော့မယ် ... ´
မိုးစွေက အကြောင်းစုံပြောပြသည် ။ ကနွေလှိုင်လည်း အရပ်ပါတိုဝင်သွားမလောက် စိတ်တိုသွားတော့သည် ။
`မင်းကွာ .. ဒီနေရာ ဒီစကားပြောစရာလား ... ကလေးတွေကို ... ´
`ကျုပ်က စေတနာနဲ့ သူတို့ အားတက်အောင် .. မုန်တိုင်းမှာလည်း အောက်ဆီ ... အီ အီ .. ´
`တော်စမ်းကွာ ..မင်း ကားပေါ်သွားနေတော့ ... သွားအိပ်တော့ .. ကြာရင် ရွာသားတွေ လိုက်ရိုက်လို့ ခက်မယ် ´
အဲ့သလို ငေါက်လိုက်ခါမှ မောင်ဆိုးပေ မျက်နှာသေလေးနဲ့ ကားရှိရာ ထွက်သွားလေတော့သည် ။

ရွာသားတွေကို ပစ္စည်းတွေ ဝေခြမ်းပြီးလို့ ပြန်ခါနီးတောင် ဆိုးပေက ကားပေါ်မှနေ၍ ကလေးတွေ ရှိရာဘက် လှမ်းအော်ခဲ့ချေသေးသည် ။
`ကလေးတို့ရေ ... အားမငယ်ကြနဲ့ကွ ... အဖေအမေမရှိတော့ရင် မင်းတို့ကို နိုင်ငံတော်က မွေးစားမယ်တဲ့ ။ ဘာမှမပူကြနဲ့ ။ တပ်မတော်သာအမိ တပ်မတော်သာ အဖပေါ့ကွာ ။
နောက်နောင်ဆို မင်းတို့ ဧရာဝတီတိုင်းကြီးမှာ အစိမ်းရောင်လွှမ်းတော့မှာပါကွ ။ စပါးခင်းစိမ်းစိမ်းတွေတော့ မဟုတ်ဘူး ။ ယူနီဖောင်း အစိမ်းတွေဟေ့ ... ´
ကနွေလှိုင်နဲ့ မိုးစွေလည်း အနှီမောင်ဆိုးပေကို ဘာမှ မတားလိုတော့ ။ အော်ချင်ရာအော်စေတော့ဆိုပြီး လွှတ်ထားလိုက်ကြကာ .. ကားဆရာကိုပဲ ပြောလိုက်တော့သည် ။
` ဆွဲ ... ဆရာရေ့ ... အင်းစိန်ကို ´
။ ------------------------- ။ ------------------------------------ ။

`ကနွေလှိုင် ... ဆိုးပေတစ်ကောင်ကြည့်ရတာ အရင်လို မဟုတ်ဘူးဗျနော် ။ နည်းနည်း ဂေါက်နေသလိုပဲ ´
`အော် ..အေးကွ ။ မိုးစွေရ ။ မင်းမသိသေးတာ ပြောပြရဦးမယ် ။ သူ့အဖြစ်က ဒီလို ။ မင်းသိတဲ့အတိုင်း သူက အရင်တုန်းက လူမိုက်ကိုးကွ ။
ကျန်ခဲ့တဲ့ စက်တင်ဘာတုန်းကပေါ့ ။ သူ့အမေက သူ့သားလူမိုက်ကို အကုသိုလ် သိပ်များနေလို့ ခဏတဖြုတ်ဆိုပြီး ဘုန်းကြီး ၀တ်ခိုင်းလိုက်တယ် ။
တညတော့ သူဒုလ္လဘ၀တ်နေတဲ့ ကျောင်းကို ၀င်စီးခံရရောဟေ့ ။ အဲ့ဒီမှာ သူ့ခေါင်းနဲ့ သေနပ်ဒင် ... သနပ်ဒင်နဲ့ သူ့ခေါင်း ... ဟူး .... အဲ့ဒီနောက်ပိုင်းကတည်းက
သူ ခုလို ဖြစ်သွားတော့တာပါပဲကွာ ´
`အေးဗျာ .. ဖြစ်မှဖြစ်ရလေ .. သူက ဒုလ္လဘ ပါလို့ မပြောဘူးလားဗျ ။ ´
`ပြောတော့ပြောတာပဲတဲ့ကွ ။ ဒါပေမဲ့ ဟိုကောင်တွေက လိုအပ်ရင် ဘယ်အရှင်ဘုရားမှ အရှင်မထားဘူး ဆိုတာမျိုးကိုကွ ´
` အင်း .. ဟုတ်တာပဲ ။ ခုရော ဆိုးပေအခြေအနေက ဘာထူးသေးလဲ ´
`ဘာထူးလဲ ဆိုတော့ ခု ဒီကောင်က လူရုံးရုံး ရုံးရုံးနဲ့ ရုတ်ရုတ်သဲသဲဖြစ်နေရင် သိပ်ပါချင်တာကွ ။ ဟိုတရက်ကလည်း ဟိုဘက်လ္ဘက်ရည်ဆိုင်မှာ ရပ်ကွက်သားတွေ ကျွတ်စီစီ ဖြစ်နေတာကို
ဝင်ပြီး ဆရာလုပ်ခဲ့လိုက်သေးတယ်လေ ´
`ဗျာ ... ဒီကောင်က ၀င်ပါလိုက်သေးလား ... ဘာဝင်ပြောတာတဲ့တုန်းဗျ ´
`အေး ... သူက ကြားထဲဝင်ပြီး .....

သားတို့ သမီးတို့ ... အီးမပေါက်ကြနဲ့နော် ... ကြောင်ပါးကြီး ကိုက်လိမ့်မယ် ...

လို့ ပြောခဲ့သတဲ့ကွာ ။

သားသားမီးမီး ဦးဦးဒေါ်ဒေါ်ကိုကိုမမများခင်ဗျာ ... အီအီးကျယ်ကျယ်ပေါက်မဲ့အစား ... ကြောင်ပါးကြီးကိုပဲ ၀ိုင်းတီးကြစို့လားဗျာ ။

ဒုက္ခသည်အချင်းချင်းလည်း တတ်စွမ်းသမျှ ကူညီဖေးမကြပါစို့ ။


2 comments:

နွေလှိုင်ဿုန်း said...

ပြာတီးပြာတာ ဖက်ရှူ့သွားပါကြောင်း ...။စာမျက်နှာပေါ်လက်ရောက်လာသည့် မောင်ဆိုးပေ အား ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း..။

htoo said...

goood site naw

visit per tel


linn