Sunday, May 27, 2007

ငါတို့ရဲ့ အမေ...


အမေ...
ငါတို့အတွက် ငဲ့ကွက်ပြီး
သူ့ဘ၀ကို ဖဲ့ဆပ်နေတဲ့ ...အမေ
ငါတို့ရဲ့ မနက်ဖြန်တွေ လင်းစေဖို့
သူ့ဘ၀လက်ကျန်တွေ ရင်းနေတဲ့...အမေ
ငါတို့ ဘ၀တွေ အေးစေဖို့
သူ့ဘ၀ကို စတေးနေတဲ့...အမေ
တစ်ချိန်မှာ အားလုံး စံကြဖို့
အခါးဆုံး ခံနေရတဲ့ ...အမေ
ငါတို့ အိပ်မက်တွေ ရွှေရောင်တောက်ဖို့
သူ့ဘ၀ကြေပါစေ
သေတောင် မကြောက်တဲ့ ...အမေ

အာဏာလက်ကိုင်ရှိပေမဲ့
ကြောက်ချီးပါနေတဲ့ သူတို့
အမေ့ကို မလွှတ်ရဲကြရှာဘူး...
အာဏာမြဲဖို့ အတွက်
အရှက်နည်းကြသလို(ရှိကိုမရှိတာပါ)
အမေ့ကို ရင်ဆိုင်ဖို့လည်း သတ္တိနည်းကြရှာတယ်...
လက်နက်တွေကိုင်စွဲပြီး အမေ့ကို မပြိုင်ရဲတဲ့
သေခါနီးနီး ယောက်ျားရင့်မကြီးတွေရဲ့
လုပ်နေပုံများ
ဟားတိုက်လို့ ရယ်လိုက်ရမလား
ဟစ်လို့သာ ငိုလိုက်ရမလား ပဲ...

အမေကတော့
သူ့လမ်းစဉ် သူ့မေတ္တာနဲ့
အပြုံးမပျက် ချီတက်
ငြိမ်းချမ်းရေးခရီးကို ဆက်နေဆဲ...ဆက်နေမြဲ
ဒီလိုနဲ့
အမေ့လက်ကိုတွဲဖို့
သူတို့ရဲ့ လှည့်ကွက်မှာ
ကွဲပျက်နေတဲ့ ပြည်သူတွေ
အမေ့ဘက် မရပ်နိုင်တာကို စိတ်မနာရက်တဲ့ ...အမေ

အမေ....
အမေ့မှာ
အမုန်းဆိုတာ ရှိမှရှိပါရဲ့လား?
တရားဓမ္မကို ယုံ၊ အမေ့ဘ၀ကို ပုံပြီး
ထပ်ပြီး ဆက်ပြီး ရှေ့ကိုတက်နေတဲ့...အမေ
ခန္ဓာတည်နေသမျှ
ဘယ်တော့မှ မရှုံးစေရဆိုတဲ့
အမေ့ရဲ့မဆုတ်မနစ်စိတ်ဓာတ်ကို
လေးမြတ်ဦးခိုက်ရင်း
အားလုံးအတွက်
အမေနဲ့ အတူ
ကျနော်တို့ ဘ၀တွေကို ပေးလှူဖို့
အလေးအနက် ကတိပြုပါတယ် အမေ...။

အကျယ်ချုပ်သက်တမ်း ၁ နှစ် ထပ်တိုးခံရတဲ့ အမေ့ရဲ့ ကျေးဇှူးတွေကို ဒီကဗျာနဲ့ပဲ ပေးဆပ်နိုင်ခွင့်ရသေးလို့ ၀မ်းနည်းမိပါတယ်...
အားလုံး...သွားလေရာ လာလေရာ၊ လွတ်လပ်အေးချမ်းနိုင်ကြပါစေဗျာ...

2 comments:

Nway Hlaing Thoone said...
This comment has been removed by the author.
Nway Hlaing Thoone said...

အဲဒီလိုလုပ်ပါဗျာ
ခံစားချက်မှာ ကလောင်သွားပါရက်နဲ့
ဝှက်ထားတယ်ဗျာ