Friday, June 22, 2007

ကျွန်တော်၏ အတိတ် ကာလများ ဆီသို့ 

စာမရေးတော့ ပါဘူးလို့  စဉ်းစားထားကာမှ သူငယ်ချင်း စာရေးဆရာ မိုးစွေနဲ့  စကား ပြောမိကြတယ်။ မင်းလည်းစာပြန်ရေးကွာ ဘယ်အကြောင်းအရာပဲ ဖြစ်ဖြစ်ပေါ့ ၊ မင်းပြန်ရေးမယ်ဆိုရင် ငါ တာဝန်ယူပြီး တင်ပေးမယ်တဲ့။ အဒီတော့  ဖတ်တဲ့ သူတွေ အတွေ့ အကြုံ ဗဟုသုတလေး တစ်ခုခု ရပါစေ ဆိုတဲ့ အသိနဲ့  ကျွန်တော်၏ အတိတ်ကာလများဆီသို့  ပထမဦးဆုံး မိတ်ဆက်ပေးလိုက်ပါရစေ ။

၁၉၉၉-၂၀၀၀ မှာ လက်ရှိမြန်မာနိုင်ငံကို အုပ်ချုပ်မင်းလုပ်နေတဲ့  စစ်အစိုးရက စစ်မှုထမ်းဟောင်း သားသ္မီး များကို အကြွေးစနစ်နဲ့  မလေးရှားနိုင်ငံမှာ အလုပ်လုပ်နိုင်ဖို့  စေလွှတ်မယ်ဆိုတဲ့  အကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့တယ် ။ မလုပ်ပေးလို့ လည်း မဖြစ်တော့ ဘူးလေ . . . ။ စစ်ဆေးရုံမှာ ရှိတဲ့  ခြေပြတ် ၊ လက်ပြတ် ၊ မျက်လုံးကန်း စတဲ့ သူတွေ အများကြီးကို ဒီအတိုင်း ဖြစ်သလို ပြစ်ထားပြီး ၊ အလင်းဝင်လာတဲ့ 


တောတွင်း လက်နက်ကိုင် တပ်ဖွဲ့ တွေကို အိမ်တွေ ၊ လုပ်ပိုင်ခွင့်  စီးပွားရေးတွေပေး ဆိုတော့  ဆေးရုံအတွင်းမှာ ဆူပူမှုတွေ ဖြစ်လာခဲ့ တယ်။ အဲဒီမှာ စစ်မှုထမ်းဟောင်းတွေကရော အငြိမ်နေတော့ မှာလား ။ ဒီမှာပဲ အမြင် ၊ အကြား အာရုံ စသည်ဖြင့်  အဓိက ကိုယ်အင်္ဂါများ ထိခိုက်ခဲ့ ရင် ဘယ်လောက် ၊ ခြေ ၊ လက် ကိုယ်အင်္ဂါများ ထိခိုက်ရင် ဘယ်လောက် စသည်ဖြင့် နစ်နာကြေးငွေထုတ်ပေး ခဲ့ တယ် ။ စစ်မှုထမ်းဟောင်း တွေကိုလည်း ပင်စင်လစာ အနည်းငယ် တိုးမြှင့်  ပေးခဲ့ တယ် ။ တစ်သွေး ၊ တစ်သံ ၊ တစ်မိန့်  အောက်မှာ တိုင်းပြည်အတွက် အသက်နဲ့  ရင်းပြီး စစ်မှုထမ်းလာခဲ့ ကြတဲ့  ရဲဘော်ဟောင်းကြီးတွေ အတွက် ဖြေသိမ့် စရာ လေးတွေတော့  ဖြစ်လာရတာပေါ့ လေ။

ကဲ . . . အခုလို အစိုးရက စစ်မှုထမ်းဟောင်း သားသ္မီးတွေကို မလေးရှား နိုင်ငံမှာ အလုပ်လုပ်နိုင်ကြဖို့  အကျိုးဆောင်ပြီး ပို့ ဆောင်ပေးမယ်ဆိုမှတော့  ရလာတဲ့  အခွင့် အရေးကောင်းတစ်ခုကို ဘယ်သူက လက်လွှတ်ခံ မှာလဲ ။ ကိုယ့် သားသ္မီးတွေ နိုင်ငံခြားမှာ အလုပ်ရပြီဆိုရင် မိသားစုတွေ နေသာနိုင်ပြီ ၊ အူစို နိုင်ပြီပေါ့  စတဲ့ အတွေးတွေနဲ့  မရှိဝမ်းစာ၊ ရှိတန်ဆာ ရှိစုမဲ့ စု ထုပ်ပိုးသိမ်းဆည်းထားသမျှ ထုပ်ရောင်းလို့  ပြင်ဆင်ကြပြီပေါ့  ။ တစ်ချို့ ဆို အိမ်တွေ ၊ ခြံတွေတောင် ပေါင်ခဲ့ ကြရတယ်လေ ။

ဒီလိုနဲ့ ပဲ လိုအပ်ရာရာ စာရွက်စာတမ်းတွေယူ လူစုရပ်က အင်းစိန် ၊ အောင်ဆန်း (စက်မှုလက်မှု ကျောင်း) ကို ရောက်ခဲ့ ရပြီပေါ့  ။ ကိုယ့် ရှေ့ မှာ မြင်ရတာ နည်းတဲ့ လူအုပ်ကြီးမဟုတ်ဘူးဗျာ ။ အနယ်နယ် အရပ်ရပ်က မြန်မာပြည်သား လူမျိုးပေါင်းစုံ ၊ စစ်မှုထမ်ဟောင်း သားသ္မီးတွေပေါ့ ဗျာ ။ တန်းစီဖေါင်ဖြည့် ထုံးစံအတိုင်း လူများတော့ ခန်းမအပြင်ကို လျှံထွက်လာလို့  တစ်ချို့  နေလှန်းခံလိုက်ရသေးတယ် ။

( အမိနိုင်ငံတော် အတွက်လား ၊ အမိတပ်မတော် အတွက်လား ၊ ဘယ်သူဘယ်ဝါ အတွက်ရယ်လို့  တိတိကျကျ မသိပေမယ့်  နိုင်ငံခြားဝင်ငွေ ရှာပေးမယ့်  သူရဲကောင်းလေးတွေ ပေါ့ ဗျာ။ )

အိမ်ထောင်ကျပြီးသား သူတွေကတော့  ၆(က) မှတ်ပုံတင်အဆင်သင့်  ဖြစ်ပေမယ့် ၊ ကျွန်တော်အပါအ၀င် စကော့  စကအရွယ် ၊လူပျိုလူလွတ် အများစု ၃(က) ကိုင်ဆောင်သူများကတော့ ၆(က) မှတ်ပုံတင်ပြောင်းဖို့  လာရာလမ်းအတိုင်း ပြန်ခဲ့ ကြရတယ် ။ နယ်ကသူတွေ အတွက်တော့  ထွက်ဟေ့ ဆို အခက်အခဲ စတွေ့ ရတာပါပဲ ။

အိမ်ပြန်ရောက်မှ မြို့ နယ် လ.၀.က ရုံးကို အမြန်ပြေးကြရတာပေါ့  ။ ဟိုရောက်တော့ လည်း သူလို၊ ကိုယ်လို သူတွေကအများသားရယ် ။ ကိုယ့် အပိုင်းကို တာဝန်ယူရတဲ့  အရာရှိထံသွား ၊ ဆရာရယ်ကူညီပါအုံးပေါ့  ။ (သူတို့  ကတော့  ဘာကူညီရမလဲ . . . မမေးဘူးဗျ ။ ) ကူညီပါမယ်တဲ့  ငွေ (၂၀၀၀) လောက်ကုန်မယ်တဲ့  ။ (လက်ခံ ပြေစာမဲ့  ပြောတာနော် ) ကိုယ်ကလည်း လိုနေမှတော့  တောင်းတောင်းပန်ပန် နဲ့  ငွေကို ကြိုပေးပြီး မြန်မြန်လေး လုပ်ပေးပါ ဆရာရယ်ပေါ့  ။ ပြီးတော့  ရုံးကအပြန် အ၀င်ဝအရောက် ကြော်ငြာသင်ပုန်းကို ယောင်လို့ တောင်လှည့်မကြည့်ဝံ့ ခဲ့  ဘူး ။ "လာဒ်ပေး ၊ လာဒ်ယူ ဒို့ ရန်သူတဲ့  " မတတ်နိုင်ခဲ့ ဘူးဗျာ ။ မိုးခါးရေ ပဲပေါ့ ။ ကိုယ်မှ မသောက်ရင် နောက်ရောက်သွားမှာကို . . . အခွင့်အရေးဆိုတာကလည်း ၊ တိမ်တောင်သဖွယ် ဟန်ရေးကြွယ် မင်းရေး စိုးရေး မဟုတ်လားဗျာ ။

(၂) ရက်သာကြာသွားတယ် မှတ်ပုံတင်မပြောနဲ့  ဖောင်တောင်မဖြည့်ရသေးဘူး ။ ဘာကြောင့် များလဲ မေးကြည့် တော့  မြို့ နယ်လူကြီးမရှိလို့  ခရိုင်လူကြီးဆီ တင်ပေးမယ်တဲ့  ။ ဒါနဲ့ ပဲ မနက်ဖြန်ဆိုတဲ့  မျှော်လင့် ချက်တွေနဲ့  အောင်မြင်စွာ ဆုတ်ခွာခဲ့ ရတာပေါ့  ။ နောက်ထပ် တစ်ရက် ထပ်ကြာသွားတယ် . . . ခရိုင်လူကြီးလည်း မရှိပြန်ဘူးတဲ့  ခင်ဗျာ . . . ။ ( လ.၀.က ၀န်ထမ်းများလည်း အလုပ်များကြသားပဲ ၊ ) ဟိုလူ ဒီလူနဲ့  နေသာကုန် အပြင်က ဆိုင်မှာထိုင်ရင် လက်ဘက်ရည်တိုက် ဒီလိုနဲ့  တစ်နေကုန်ပြန်ရော ။

စစ်တပ်က ပင်စင်နဲ့ ထွက်လာတဲ့ ဆရာကြီးတွေအဖို့  စိတ်မရှည်နိုင်ကြတော့ ဘူး ။ တစ်ချို့ ကစပြီ . . . မြို့ နယ် ၊ ခရိုင် . . . ကဲ မရရင်တိုင်းကွာ . . .။ တိုင်း လ.၀.က လူကြီးနဲ့  တိုက်ရိုက်တွေ့ မယ်ပေါ့  ။ မြို့ နယ်က အရာရှိငယ်တွေ သူလုပ် ၊ ကိုယ်လုပ် ရယ်နဲ့  ဘော်လီဘော ပုတ်နေကြပြီ ။ တစ်ချို့ ဆို သူယူတာ ၊ ငါယူတာနဲ့  တစ်ယောက်ကို တစ်ယောက် လက်လွှဲနေကြပြီ ။ နောက်ဆုံး တီးတိုးတိုင်ပင်ကြပြီး သူတို့ ငယ်နိုင် တပ်ကြပ်ကြီးတစ်ယောက်ကို ဖောင်တွေ အတင်းထိုးပေး ၊ သွားလေရာ့  တိုင်းရုံးကို လွတ်လိုက်ပြန်တယ် ။

တိုင်းရုံးရောက်တော့  ဟိုလူ့ စကားပြောလိုက် ၊ ဒီလူ့ စကားပြောလိုက် ယောင်ချာချာလုပ်နေလေရဲ့  ။ အလုပ်ရှုပ်တယ် ပြောရအောင်လည်း လက်ထဲကဖောင်တွေ ဖွင့် တောင်မကြည့်သေးဘူးဗျ ။ နောက်ဆုံးမှ သဘောပေါက်ကြတယ် ။ ငွေ (၂၀၀၀) ထပ်ပေးရမယ်တဲ့  ။ အင်း . . . ဒီဘူတာပဲ ပြန်ဆိုက်တာပဲဗျာ ။ " ပြောပြန် ရင်လည်း အောင်မင်းလွန်ရာကျမယ်" လို့  ပြောချင်ပေမယ့်  . . . ။ အဲဒီ အောင်မင်း ကိုတိုင်က မပြောတော့  ကျွန်တော်တို့ လည်း မပြောရဲတော့ ဘူးဗျာ ။ ကဲ . . . ပေါက်တဲ့ နဖူးမထူးတော့ ပါဘူး ၊ ပေလိုက်ဦး ဟဲ့  ဆိုပြီး ပိုက်ဆံ (၂၀၀၀) ဆီ ဖောင်ကြားထဲ ညှပ်ပေးလိုက်ကြရတယ် ။

အလွယ်တကူ မဖြစ်လာနိုင်တော့ ဘူး ဆိုတာသိတဲ့  ဗိုလ်ကြီး (ငြိမ်း) တစ်ဦးက " ဆရာကြီး ကိုအ၀ှာရေ ခင်ဗျားပဲ ၀င်တွေ့ လိုက်ပါဗျာ ။ ဒီပြင်ဆို နောက်နေ့ တွေထပ်လာနေရဦးမယ် ။ ရဲဘော်ရဲဘက် အချင်းချင်း ဒီလောက်တော့  ကူညီမယ်ထင်ရတာပေါ့ ။" . . . " အင်း . . . မတူတော့ ဘူးလေ . . . ။ အခုခေတ်က သူတို့ ခေတ် ဖြစ်နေပြီဗျာ . . . ။ ဘာပဲပြောပြော လူ့ အောက်ကျို့ လို့  မသေပါဘူးဗျာ ။ ကျုပ် ၀င်တွေ့ လိုက်ပါ့ မယ် ။ " ကိုယ့်  ၀မ်းနာ ကိုသာသိမို့  ဆရာကြီးကိုသာ ကျေးဇူးတင် အကြည့်နဲ့  ကြည့်ရင်း အသီးသီး သက်ပြင်းကိုယ်စီ ခိုးရှိုက်ခဲ့  ရတယ် ။

သိပ်မကြာလိုက် တိုင်းမှူးရဲ့  ရုံးခန်းထဲမှ စာရေးတစ်ဦး ထွက်လာပြီး ၊ " လူကိုယ်တိုင် ဖောင်ယူပြီး ၊ တစ်ယောက်ချင်း ၀င်ခဲ့ ပါ " ဆိုမှ အားလုံး တော်သေးတာပေါ့ လို့  သံပြိုင်ရေရွတ် ခဲ့ ရတယ် ။ ဒီပြင်ဆို ဘယ်လောက် စောင့် ရဦးမည် မသိ . . . ။

အပြန်လမ်းတစ်လျှောက် ကျွန်တော့် စိတ်က တိုင်းမှူးကြီး စီမှာပဲ တ၀ဲလည်လည် ကျန်နေရစ်တော့ တယ် . . . ထိုင်ခုံပေါ်မှာ မိန့် မိန့် ကြီးထိုင်ပြီး လက်မှတ်ထိုးနေမယ့်  လ.၀.က တိုင်းမှူးကြီး ရဲ့  လက်ကလေးတွေစီ ကိုပါ . . .။


No comments: