Wednesday, June 20, 2007

ကလေးတစ်ယောက် ရဲ့  ဗီဇ


မထင်မှတ်ပဲ စကားစပ်လို့  သတိရသွားတာပါ ။ ဗီဇ ဆိုတဲ့ စကားကို လူတွေပြောဆိုနေ ကြပါတယ် ။ တစ်ချို့ လည်း အလေး အနက်ရှိကြပါတယ် ။ သို့ ပေမယ့်  ဒီနေ့ ခေတ် မြန်မာနိုင်ငံ မှာ ဒီ ဗီဇဆိုတဲ့  မွေးရာပါစွမ်းအင် ကို မြန်မာ နိုင်ငံသား မိဘအများစုက ထိတ်လန့် စရာ ဘေးထွက်ပစ္စည်း တစ်ခုလို မြင်နေကြပါတယ် ။

ကျုပ်တို့ လူငယ်ဘ၀မှာ အများစုဟာ မိဘတွေရဲ့  စိုးရိမ်စွာ တားမြစ်မှုတွေ အကြားမှာ ကြောက်လန့် မှု ဆိုတာ မသိစိတ်မှာ စွဲကပ်ခဲ့ ရပါတယ် ။ မိဘတွေရဲ့  မေတ္တာ တရားကို နားလည်နိုင်ခဲ့  ပေမယ့်  ဒီလူငယ်တစ်ယောက် ရဲ့ ဗီဇကို အစားထိုး နေရာယူသွားတဲ့ ကြောက်စိတ်ဟာ အတော်လေးကို ပြန်လည်ဖျောက်ဖျက်ဖို့  ခက်ခဲခဲ့  ပါတယ် ။

ဒါကလည်း ကျွန်တော့်  ကို ကျွန်တော် ပြန်လည်သုံးသပ် ကြည့်ခြင်းပါ ။ ငယ်စဉ်က ပြောကြားခဲ့  ကြတဲ့  " မှောင်နေတာပဲ မသွားနဲ့ ၊ သရဲကြီး ရှိတယ် " ဆိုတာမျိုး ၊ မိုးရွာလို့  မိုးခြိမ်းရင် "ဒေဝေါ ကိုက်လိမ့် မယ် " ဆိုတာမျိုး ၊ " အန္တရာယ် မရှိလောက်တဲ့  အမြင့်  နေရာလောက်ကို သွာရုံနဲ့  ကြောက်လန့် တတ်အောင် ခြိမ်းခြောက်တာမျိုး " စတာတွေဟာ ကလေးတစ်ယောက် ရဲ့  ယုံကြည်မှုတွေကို အတော်လေး ဆုံးရှုံးစေပါတယ် ။

ဆယ်ကျော်သက် ဆိုတဲ့  ဘ၀ ကာလ အပိုင်းအခြား မှာ မှောင်ထဲသွားရမှာ အလွန်ကြောက်တတ်တဲ့  ကျွန်တော် သူငယ်ချင်းတွေ ၀ိုင်းလှောင်လို့  ရှက်ပေမယ့် ၊ သရဲ မရှိဘူး ဆိုတာကို လက်တွေ့  သိခဲ့ ပေမယ့် ၊ ထိတ်လန့် တတ်တဲ့  အဖြစ် ကိုပြင်ဖို့  (၃) နှစ်လောက် ကြိုးစားခဲ့  ရပါတယ် ။ သူငယ်ချင်း တစ်ယောက် ဆိုရင် ဆောက်လုပ်ရေး အင်ဂျင်နီယာ ( G.T.I ) အောင်ဖို့ ထက် အမြင့် တက်ရဲအောင် တော်တော်ကြိုးစား ခဲ့ ရတယ်။ ( ၅ - ပေ ကျော်ကျော်လောက် မြင့် ရင် ဒူးတုန်နေတဲ့ သူ အခုတော့  ၅ - ထပ်တိုက်လောက် ကနေပြီး ငုံ့ ကြည့်နေရပါပြီ ။) ကျွန်တော့်  သူငယ်ချင်းမလေး တစ်ယောက် ဆိုရင် လျှပ်လက်တိုင်း ကြောက်တတ်လို့  ဒီအချိန်အထိ မိုးရွာရင် တစ်ယောက်ထဲ မနေရဲရှာဘူး ။ (အခု သူ့  အသက်က ၂၈ - နှစ်ရှိနေပါပြီ .)

ဒါတွေဟာ တစ်ကယ့်  လက်တွေ့  ဖြစ်ပျက်နေခဲ့ တာတွေပါ ။ လူငယ် (ကလေး) တွေဆိုတာ တစ်ချိန်မှာ တိုင်းပြည်ရဲ့  အနာဂတ် ပန်းခင်းတွေပါ ။ ဒီ လူငယ်လေးတွေကို ယုံကြည်မှု ခိုင်မာတဲ့  အနာဂတ် ရတနာတွေ ဖြစ်ဖို့  လူငယ်တစ်ယောက် ရဲ့  ဗီဇ ကို အရောင်တောက်အောင် ကျွန်တော်တို့  အလှည့်ကြရင် မြေတောင်မြှောက် ပေးဖို့ သတိချပ်စို့ လားဗျာ ။

" အနာဂတ်ရဲ့ လမ်း ၊ ပန်းခင်းလမ်းဖြစ်ဖို့ 
ပန်းပျိုးလက်က အခရာ
"

No comments: