Saturday, July 21, 2007

ဆရာမမေငြိမ်း ရေးသားခဲ့သော ကိုယ်ကျင့်တရား အပေါ် ကျွန်တော့်ရဲ့ အမြင်

ဆရာမ မေငြိမ်း ရဲ့ ကိုယ်ကျင့်တရား ဆိုတဲ့ ခေါင်းစဉ်အောက်က လူချွန် ၊ လူကောင်း ဆိုတဲ့ ကွဲပြားခြားနားမှု လေးက အတော်ကို စဉ်းစားဖို့ ကောင်းလွန်းတဲ့ အချက်တစ်ချက် အဖြစ် ကျွန်တော်မြင်မိပါတယ် ။ လူတိုင်း ၊ လူတိုင်းဟာ လူရည်ချွန်ဖြစ်ဖို့ အတော်လေး ပြင်းပြင်းထန်ထန် ကြိုးစားမှု ၊ ဥာဏ်ပညာရှိမှုနဲ့ ( ဗုဒ္ဓ ဘာသာဝင်တိုင်း လက်ခံယုံကြည်ကြတဲ့ ) အတိတ်ပါရမီ (၀ါ) အတိတ်ကံ ဆိုတာလည်း သင့်တင့်လျှောက်ပါတ်တဲ့ အတိုင်းအတာကိုယ်စီ ရှိကြရဦးမယ် ။ ဒါပေမယ့် ကျွန်တော်တို့ တတွေဟာ ကိုယ်ကျင့်တရားဆိုတဲ့ ခေါင်းစဉ်တစ်ခုတည်းနဲ့ ( အကြွင်းမဲ့ နီးပါး ) ဖြစ်နိုင်တဲ့ လူကောင်း ဖြစ်ဖို့ မေ့လျှော့နေကြတာလား ?

သတိမမူ နေမိကြတာလား ?
သိရက်နဲ့ ဥပက္ခာ ပြုနေကြတာလား ?
ကိုယ်တိုင်မေး ပုစ္ဆာတစ်ပုဒ် အနေနဲ့ မိမိကိုယ် ကို ပြန်မေးကြည့်ရအောင်လား ဗျာ ။


ကျွန်တော် အမြင်အရ ဆိုရင် ... ကျွန်တော်တို့ ဗုဒ္ဓ ဘာသာဝင်တိုင်းမှာ ငါးပါးသီလ ကို ခါးဝတ်ပုဆိုးလို မြဲဖို့ လူကြီးသူမ (အရပ်ပြော သဘောအတိုင်း ရေးသားခြင်း ဖြစ်ပါသည် ။ အသုံးအနှုန်းမှားက သင်ကြားပေးစေ လိုပါသည် ။) တွေက ပြောဆိုဆုံးမလေ့ ရှိပါတယ် ။
ကျွန်တော် တစ်ကယ်ရော မြဲခဲ့ရဲ့လား ?
အရိုးသားဆုံး နဲ့ အပွင့်လင်းဆုံး ပြောပါရစေ ....

၁။ ပါဏာတိပါတာ- သူ့အသက်ကို သတ်ခြင်းမှ ၊ ဝေရမဏိ သိက္ခာပဒံ- ရှောင်ကြဉ်ကြောင်းဟု ဆိုအပ်သော သိက္ခာပုဒ်ကို ၊ သမာဒိယာမိ- ကောင်းစွာဆောက်တည်ပါ၏ ။

အာမဘန္တေ - ပြည့်စုံအောင် ကျင့်ပါမည်ဘုရား လို့ အဆုံသတ်ပင် မရောက်သေးခင် နားထဲတိုးဝင်လာတဲ့" ခြင်" သံကြောင့် "သေတော့မှာဘဲ" ဟု စိတ်မှ တခါတရံ ကြိမ်းဆိုလိုက်မိတတ်သည် ။ ငါးပါးသီလပင် အဆုံးမသတ်သေး ကျွန်တော်ရဲ့ ပါဏာတိပါတာ သိက္ခာပုဒ် မှာ မနောကံဖြင့် ချိုးဖောက်ခြင်း ခံလိုက်ရပေပြီ ။

ကျွန်တော် ....ဒီအချက်ကို
မေ့လျှော့နေမိတာလား ?
သတိမမူ နေမိတာလား ?
သိရက်နဲ့ ဥပက္ခာ ပြုနေမိတာလား ?

တိတိကျကျ ဖြေကြားဖို့ လွန်စွာမှ ခဲယဉ်းစွာ ကြိုးစားနေရဆဲ ဖြစ်ကြောင်း ၀န်ခံပါတယ် ။

၂ ။ အဒိန္နာဒါနာ- အရှင် (ပိုင်ရှင်) သည် ကိုယ် ၊ နှုတ်ဖြင့် မပေးအပ်သော သူတစ်ပါး ပစ္စည်းဥစ္စာကို ခိုးယူခြင်းမှ ၊ ဝေရမဏိ သိက္ခာပဒံ- ရှောင်ကြဉ်ကြောင်းဟု ဆိုအပ်သော သိက္ခာပုဒ်ကို ၊သမာဒိယာမိ- ကောင်းစွာဆောက်တည်ပါ၏ ။

ဒီအချက်ကတော့ ဘုရားကန်တော့ခန်း ပြီးသည့်တိုင်အောင် မြဲပါသေးတယ် ။ ဒါပေမယ့် မိတ်ဆွေ သူငယ်ချင်း အချင်းချင်းရဲ့ ပစ္စည့် ဥစ္စာ တစုံတရာကို နောက်ပြောင်လို၍ ဖြစ်စေ ၊ လိုအပ်သော အချိန်၌ ပိုင်ရှင်အားခွင့် မတောင်းဘဲ ဖြစ်စေ ၊ ကျွန်တော် ယူဆောင်မိရင် ကျွန်တော် ဒီ အဒိန္နာဒါနာ သိက္ခာပုဒ် ကို ဆောက်တည်နိုင်ခြင်း မည်မှာလား ?

ကျွန်တော် ....ဒီအချက်ကို
မေ့လျှော့နေမိတာလား ?
သတိမမူ နေမိတာလား ?
သိရက်နဲ့ ဥပက္ခာ ပြုနေမိတာလား ?

တိတိကျကျ ဖြေကြားဖို့ လွန်စွာမှ ခဲယဉ်းစွာ ကြိုးစားနေရဆဲ ဖြစ်ကြောင်း ၀န်ခံပါတယ် ။

၃ ။ ကာမေသု မိစ္ဆာစာရာ- သူတစ်ပါး၏ မယားစသည်ကို ကျုးလွန်ခြင်းမှ ၊ ဝေရမဏိ သိက္ခာပဒံ- ရှောင်ကြဉ်ကြောင်းဟု ဆိုအပ်သော သိက္ခာပုဒ်ကို ၊သမာဒိယာမိ- ကောင်းစွာဆောက်တည်ပါ၏ ။

ဒီအချက်ကိုတော့ ကျွန်တော့်ဘ၀ရဲ့ အစိတ်အပိုင်း အတော်များများမှာ (လုံးဝနီးပါး) ရှောင်ကြဉ်ခဲ့ပါတယ် ။ သို့သော်လည်း တစ်ခါတရံ နှုတ်မှ နောက်ပြောင်ပြောဆိုမှုများကြောင့် ကာမေသု မိစ္ဆာစာရာ ပုဒ် ကြိုးပျက်ခဲ့လိမ့်ပါမယ် ။

ကျွန်တော် ....ဒီအချက်ကို
မေ့လျှော့နေမိတာလား ?
သတိမမူ နေမိတာလား ?
သိရက်နဲ့ ဥပက္ခာ ပြုနေမိတာလား ?

တိတိကျကျ ဖြေကြားနိုင်ပေမယ့် (အကြွင်းမဲ့) စောင်းထိန်းရန် ကြိုးစားနေရဆဲ ဖြစ်ကြောင်း ၀န်ခံပါတယ် ။

၎ ။ မုသာဝါဒါ- မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းမှ ၊ ဝေရမဏိ သိက္ခာပဒံ- ရှောင်ကြဉ်ကြောင်းဟု ဆိုအပ်သော သိက္ခာပုဒ်ကို ၊သမာဒိယာမိ- ကောင်းစွာဆောက်တည်ပါ၏ ။

ဒီအချက်ကို ကျွန်တော် အကြွင်းမဲ့ ချိုးဖေါက်ကြောင်း ၀န်ခံပါသည် ။ ဘာကြောင့်လဲ ဆိုရင် ... " ထမင်းစားပြီးပြီလား ? " ဆိုတဲ့ မေးခွန်းမျိုးတောင် တစ်ခါတရံ မစားရသေးပေမယ့် " စားပြီးပြီ" ဟု နှုတ်မှ မရည်ရွယ်ပါဘဲ ထွက်ဆိုမှု (၀ါ) ပြောဆိုမှုများ ၊ ရုံး ယူနီဖောင်းနဲ့ ကားဂိတ်အသွား " ဘယ်သွားမှာလဲ? " လို့ မေးလာတဲ့မေးခွန်များဆိုက စိတ်ထဲမှာ လွန်စွာမှ ကျွဲမှီးတိုသော်ငြား ရုံးယူနီဖောင်း မတွေ့ဘူးလား ဟု ပြောချင်သည့်တိုင်အောင် " ကျွန်တော်ရုံးသွားမလို့ပါ " ဟု ဖြေကြားရခြင်းများ စတာတွေကြောင့် မုသာဝါဒါ ပုဒ် ကြိုးပျက်ရပါသည် ။

ကျွန်တော် ....ဒီအချက်ကို
မေ့လျှော့နေမိတာလား ?
သတိမမူ နေမိတာလား ?
သိရက်နဲ့ ဥပက္ခာ ပြုနေမိတာလား ?

သိရက်နဲ့ ဥပက္ခာပြုနေရပေမယ့် လူမှုရေးဆိုသည့် ဝေါဟာရအား လူမနိုင် ၊ ကံကိုပုံ၍ အပြစ်မဖွဲ့ လိုတော့ပါ ။

၅ ။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ- သေရည်အရက် ကို သောက်စားခြင်းမှ ၊ ဝေရမဏိ သိက္ခာပဒံ- ရှောင်ကြဉ်ကြောင်းဟု ဆိုအပ်သော သိက္ခာပုဒ်ကို ၊သမာဒိယာမိ- ကောင်းစွာဆောက်တည်ပါ၏ ။

ဒီအချက်ကို ရံဖန်ရံခါ ချိုဖေါက်ကြောင်း ၀န်ခံပါသည် ။ နိုင်ငံတကာ ယဉ်ကျေးမှု ဆိုတဲ့ အကြောင်းပြချက်ကောင်းမှာ စီးမျောလိုခြင်း ၊ အပေါင်းအသင်းများနှင့် ပျော်ပါးလိုခြင်းကြောင့် သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာပုဒ်ကို ရံဖန်ရံခါ ချိုးဖောက် နေဆဲပါ။

ကျွန်တော် ....ဒီအချက်ကို
မေ့လျှော့နေမိတာလား ?
သတိမမူ နေမိတာလား ?
သိရက်နဲ့ ဥပက္ခာ ပြုနေမိတာလား ?

မေ့လျှောခြင်း မဟုတ်သည့်တိုင်အောင် အတတ်နိုင်ဆုံး စောင်းထိန်းနိုင်ရန် ကြိုးစားရပါဦးမည် ။

အာမ ဘန္တေ- " ပြည်စုံအောင် ကျင့်ပါမည်ဘုရား" ဟူသော နောက်ဆုံးပိတ် ရွတ်ဆိုတိုင်း နှုတ်မှ လွန်စွာတိုးညှင်းစွာ ရွတ်ဆိုနေရဆဲ ဖြစ်ကြောင်း ၀န်ခံပါသည် ။

အထက်ပါ အကြောင်းအရာ အားလုံးသည် ဆရာမ မေငြိမ်း ရေးသားခဲ့သော ကိုယ်ကျင့်တရား ဆိုသည့် ခေါင်စဉ်အောက်မှ လူကောင်းတစ်ယောက် ဖြစ်ရန် အဓိကလိုအပ်ချက် ( ငါးပါးသီလ ) ကို ( ကျွန်တော့်အမြင်ဖြင့် ) မိမိကိုယ်ကိုယ် ဝေဖန်ခဲ့ခြင်းများသာ ဖြစ်ပါသည် ။ ကျွန်တော့် ၏ အသိဥာဏ် နည်းပါးမှုကြောင့် သွန်သင်ဆုံးစရာများရှိပါက ၊ ကောင်းစေလိုသော သဘောနှင့် ဖြစ်သောကြောင့် သက်ညှာစရာ မလိုအပ်ဘဲ ၀ိုင်းဝန်း၍ စိတ်ရှိလက်ရှိ သွန်သင် ဆုံးမ ပေးကြပါလို့ အားလုံးကို မေတ္တာရပ်ခံပါတယ် ။

လူစွမ်းတွေ မကောင်းတောင် ၊ လူကောင်းတွေ စွမ်းနိုင်ကြပါစေ ........

4 comments:

s0wha1 said...

ကိုမိုးစွေရေ...နည်းနည်းလောက်တော့ ၀င်ပြောပါရစေနော်...ဘယ်လိုမှတော့ သဘောမထားပါနဲ့...အန်တီဆိုလိုချင်တဲ့ ကိုယ်ကျင့်တရားနဲ့ အကိုရေးထားတဲ့ပို့စ် ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မလုံခြုံတာနဲ့ မတူဘူးလာလို့ပါ...

ခင်မင်းဇော် said...

မိုးစွေရေ
အကြွင်းမဲ့ လူကောင်းဖြစ်ဖို့ မလွယ်ပေမဲ့ တတ်နိုငသမျှ ထိန်းသိမ်းရမယ်ကွဲ့
အဲဒီမှာ လူအမျိုးမျိုးကွဲပြားသွားစေတာပဲ
များများထိန်းနိုင်သူနဲ့ နည်းနည်းထိန်းနိုင်သူ
လုံးဝမထိန်းနိုင်သူ
ကွာခြားသွားတော့တာပဲ ဒါ့ကြောင့် စိတ်ဓါတ်အဆင့်အတန်း ဆိုတဲ့စကားရပ်
ဂုဏ်သိက္ခာဆိုတဲ့ စကားရပ်တွေ ပေါ်လာတာပေါ့ကွယ်။
ကိုယ်ဖောက်ဖျက်ကျူးလွန်မှုရဲ့ ရလဒ်ကလည်း အများကြီး စဉ်းစားစရာ အချက်တွေရတာပေါ့။
လူသတ်သူနဲ့ ပုရွတ်ဆိတ်သတ်သူ ကွာသလိုပေါ့ကွယ်
အကျိုးအပြစ် အလေးအပေါ့ ကွာခြားသွားတာပေါ့
လူတိုင်း ငါးပါးသီလလုံခြုံရင် စနစ်ဆိုတာ ဥပဒေဆိုတာတွေ ပေါ်လာမယ်မထင်ဘူး။

မိုးစွေ said...

s0wha1 ခင်ဗျာ ....
ကျွန်တော်ရေးတာက လူပြိန်းသဘော သဘာဝပါ ။ ဦးဆောင်ခေါင်းရွက်ပြုသူတွေ အပေါ် မပါသေးပါဘူး ။ ကျွန်တော်ရေးတုန်းက ရေးပြီး နှာစေးနေချင်လို့ပါ ။ တော်ကြာ ဘောင်ဘင်ခတ်တဲ့ စိတ်နဲ့ ငါးစာချတယ်လို့ အပြောခံ ထိနေမှာ စိုးလို့ပါ ။ အင်းလေ ... ခုတော့မှ မထူးတော့ပါဘူး ။ ကျွန်တော်အမြင် ပြောရပါဦးတော့မယ် ။ အခုလို လိုအပ်နေတာကို ထောက်ပြတဲ့အတွက် ကျွန်တော့် အဖို့ တန်ဖိုးရှိတဲ့ လက်ဆောင်တစ်ခု ရသလိုပါဘဲ ။ ကျွန်တော် ကြိုးစားကြည့်ပါ့မယ် ။ မှားရင်လည်းပြောပါဦး ခင်ဗျာ ။ စေတနာထားပြီး အခုလို အရေးတယူ လာရောက်ဖတ်ရှု ဝေဖန်ပေးတာကို ကျေးဇူးတင်ပါတယ် ။

မိုးစွေ said...

ကျေးဇူးပါပဲ မခင်မင်းဇော် ခင်ဗျာ ။
ကျွန်တော် အတတ်နိုင်ဆုံး ထိန်းသိမ်းပါ့မယ် ။ အခုလို လိုအပ်ချက်နဲ့ ကျွန်တော်မစဉ်းစားမိတဲ့ အချက်တချို့ ထောက်ပြခဲ့တဲ့အတွက် ကျွန်တော် တန်ဖိုးထား မှတ်ယူထားပါမယ် ခင်ဗျာ ။ နောက်လည်း အမြင်မတော်တာရှိရင် ဆုံးမသွန်သင်ပေးပါဦး ။