မမဂျစ်ရဲ့ ဂျစ်တူးနဲ့မောင်လေး ပိုစ့်ကို ဖတ်ရင်းနဲ့ ကျွန်မ ဒီစာရေးဖို့ စိတ်ကူးရခဲ့တာပါ .. အသက် ၂၀ အရွယ် အငယ်ဆုံးသမီးရဲ့ စိတ်ခံစားမှု၊ ရုန်းကန်ခဲ့မှုတွေကို ပြန်သတိရမိတာလဲ ပါတာပေါ့လေ ..
အဲဒီတုန်းက ကျွန်မအသက် ၂၀နှစ်၊ ၁၀တန်းအောင်ပြီးစ ရောင်ချာချာဖြစ်နေချိန် တိုဖလ်အမှတ် ၅၆၀နဲ့ အမေရိကန်က ကျောင်းမှာ ကျောင်းတတ်ဖို့လုပ်နေခဲ့တဲ့အချိန်၊ ဖေဖေ့ကျန်းမားရေးက တရှောင်ရှောင်စဖြစ်ချိန်ပေါ့ .. ကျွန်မကို သိပ်ချစ်တဲ့ အသက်၆၀ကျော်အရွယ် ဖေဖေက ဆီးကျိတ်ဝေဒနာကို စတင်ခံစားခဲ့ရတယ် .. သားသမီးတွေကို ဒုက္ခ မပေးချင်တဲ့ဖေဖေက ဘယ်သူ့ကိုမှ ဖွင့်မပြောဘဲနဲ့ တိတ်တိတ်ကလေး ဗမာဆေးတွေနဲ့ စနစ်တကျမဟုတ်ဘဲ ကျိတ်သောက်နေခဲ့တယ်လေ .. သားသမီးတွေ သိတဲ့အချိန်မှာ အနည်းငယ်နှောင်းစ ပြုတဲ့ အခြေအနေမှာရောက်နေပြီ။ ကျွန်မသိပ်ချစ်တဲ့၊ ကျွန်မကိုသိပ်ချစ်တဲ့ဖေဖေက ကျွန်မကိုတောင် ဖွင့်မပြောခဲ့တာ သိပ်ဝမ်းနည်းရတာပေါ့ .. ဖေဖေကိုလည်းပြောမိတယ် .. ဖေဖေရယ် .. သမီးကို ဘာလို့ မပြောသလဲ လို့ပေါ့ ..
အမတွေအကိုတွေ ကတောင် ကျွန်မကို မနာလိုဖြစ်လောက်အောင် ကျွန်မအပေါ်အချစ်ကြီးတဲ့ ဖေဖေလေ .. ဖေဖေ ဆီးကျိတ်ကို ခွဲလိုက်တယ် .. ဗဟိုစည်ဆေးရုံမှာပေါ့ .. ငွေကိုရေလိုသုံးခဲ့ရတဲ့ အချိန်ကာလတွေပါဘဲ .. အဓိက ကတော့ ကျွန်မပါဘဲ .. ကျွန်မကို သိပ်ချစ်တဲ့ ဖေဖေက အနားမှာ ရှိစေချင်ခဲ့တယ်လေ .. ကျွန်မက ထွက်ခွာဖို့ တပတ်အလိုပေါ့ .. ကျွန်မဘယ်လိုအင်အားမျိုးနဲ့ ကျွန်မသိပ်ချစ်တဲ့၊ ကျွန်မကိုသိပ်ချစ်တဲ့ ဖေဖေ့ကို ဆေးရုံမှာ ထားခဲ့ရမလဲ .. ကျွန်မထွက်ဖို့ အစီအစဉ်ကို ဖျက်ခဲ့ပါတယ် .. အမျိုးတွေ၊ အသိတွေရဲ့ ထိုးနှက်ချက်ကိုလဲ အလူးအလဲ ခံရသေးတာလေ .. ကျွန်မကလည်း ကိုယ်မှန်တယ်ထင်ရင် ဘာကိုမှ ဂရုမစိုက် လုပ်တတ်တဲ့ ခေါင်းမာတဲ့သူဆိုတော့လည်း .. ကျွန်မဆုံးဖြတ်ချက်ကို ကျွန်မမပြင်ခဲ့ပါဘူး ..
အဲလိုနဲ့ ဖေဖေ နည်းနည်းထူထူထောင်ထောင် ဖြစ်လာတယ် .. ကျွန်မလည်း တက္ကသိုလ်တတ်ဖို့ စာကျလာတယ် .. တကယ်တန်း ကျွန်မ စိတ်ဝင်စားတာက ဒဿနိကဗေဒ၊ တတ်ရမယ့်ကျောင်းက ရန်ကုန်အရှေ့ပိုင်တက္ကသိုလ်(တာဝ) ဆိုတဲ့ သန်လျှင်မှာ .. ဒါပေမယ့် ကျွန်မ ဖေဖေက ကျွန်မကို မပင်ပန်းစေချင်တဲ့ စေတနာနဲ့ ရန်ကုန်ထဲမှာရှိတဲ့ နိုင်ငံခြားဘာသာတက္ကသိုလ်ကိုရွေးချယ်စေခဲ့တယ်လေ .. ကျွန်မ ဖေဖေ့စကားကို နားထောင်ခဲ့ပါတယ် .. ကျွန်မ ဂျာမန်အဓိကနဲ့ ပထမနှစ်ကိုစတင် တတ်ရောက်ခဲ့ပါတယ် .. သက္ကရာဇ် ၂၀၀၁ မှာပေါ့ ..။
ဖေဖေ့ ကျန်းမာရေးကတော့ လူကြီးပိုင်းရောက်လာလို့ တရှောင်ရှောင်ဖြစ်တယ်လို့ ထင်မှတ်ထားခဲ့တဲ့ကျွန်မ .. တွက်ကိန်းမှားနေခဲ့တာ မသိလိုက်ခဲ့ဘူးလေ .. ဒုတိယနှစ် နှစ်လည်ရောက်တဲ့အချိန်မှာ ဖေဖေ့ကျန်းမာရေး ပြန်ဆိုးလာပါတယ် .. ခြေထောက်က ဖောလိုက် ဆီးချုပ်လိုက်၊ ဖြစ်နေခဲ့တယ် .. ၂၀၀၂ ရဲ့ သြဂုတ်လ မှာ ဖေဖေ ဆေးရုံပြန်တတ်ရတယ် .. ထုံးစံအတိုင်း အိမ်နဲ့နီးတဲ့ ဗဟိုစည်ကိုဘဲပြေးရပြန်ပါတယ် .. ကျွန်မကျောင်းကလည်း တတ်တချက် မတတ်တချက်ပေါ့။ ဌာနမှူး ကတော်ဖြစ်တဲ့ ဆရာမကိုလည်း အသိပေးထားခဲ့ရတာပေါ့ .. ဘာကြောင့် အတန်းတွေ ပျက်ရသလဲ ဆိုတာကိုပါ ..
ဒီလိုနဲ့ ဖေဖေကျန်းမာရေးက အိမ်နဲ့ဆေးရုံ အိမ်ဦးနဲ့ကျမ်းပြင် တတ်လိုက်ဆင်းလိုက်နဲ့ .. ကျွန်မလည်း နောက်ဆုံးနှစ်ကျောင်းသူဖြစ်လာတယ် .. ကျွန်မကို ကံကြမ္မာက ကျီစယ်ဆဲပါ .. ဒီတခေါက် ဖေဖေဆေးရုံတတ်ရတာ.. ကျွန်မတို့ မောင်နှမ၆ယောက်လုံးအတွက် အနာဂတ်ပျောက်သွားသလို ခံစားလိုက်ရတယ် .. ဖေဖေ့ ကျောက်ကပ် အလုပ်မလုပ်တော့ဘူးတဲ့ .. ကျောက်ကပ်ဆေးရမယ်တဲ့ .. တခါတည်းနဲ့ ပြီးမယ့်ကိစ္စ မဟုတ်ဘူးတဲ့ .. နောက်ဆုံးထွက်သက်အထိ ... အကြိမ်ပေါင်းများစွာ ဆေးရမယ်တဲ့ ..
ကျောက်ကပ်လဲဖို့ အစီအစဉ်ကို ထည့်စဉ်းစားလို့ မရတဲ့ဖေဖေ့အသက်အရွယ်မှာ အားကိုးရာက ကျောက်ကပ်သန့်စင်ခြင်းဆိုတဲ့ ကျောက်ကပ်ဆေးနည်းဘဲ ရှိတော့တာလေ .. ကိုကြီးကတော့ ငါတို့ ရအောင်လုပ်မယ်ပေါ့ .. အနှင်းကျောင်းပျက်ရက်တွေလည်း များလာပါပြီ .. ဌာနမှူးကတော်ကတော့ သိပ်မကြည်ချင်တော့ဘူးလေ .. ဆရာမကို သေချာနားလည်အောင် ပြောပြထားခဲ့တာပါဘဲ .. ကျွန်မကျောင်းစာထက် ကျွန်မဖေဖေက ပိုအရေးကြီးပါတယ် .. ကျွန်မမှာကလည်း စိတ္တဇ ကရှိနေပြန်သေး .. ကျွန်မ မေမေက ကျွန်မ ၁၀တန်းကျောင်းသူဘ၀မှာ ဆုံးပါးခဲ့တာလေ.. အမေ့ကို အရမ်းမချစ်ပေမယ့် .. အမေ့ကို မပြုစုခဲ့ရဘူးဆိုတဲ့ အသိကြီးက ၀င်နေခဲ့တာ .. ကျွန်မ ဖေဖေ့ကို အစွမ်းကုန်ပြုစုခဲ့ပါတယ် ..
ဒီလိုနဲ့ ဖေဖေကျောက်ကပ် စဆေးပါတယ် .. စစချင်းတော့ ကုန်ကျတဲ့ငွေက မေမေစုဆောင်းထားခဲ့တာတွေထဲကနေ ထုတ်ထုတ်သုံးနေခဲ့တာ .. တတိတိနဲ့ ပါးလျားလာပီလေ .. ကျောင်းဆရာမတွေဖြစ်တဲ့ အမ၃ ယောက်၊ ဗေဒင်ဆရာ အကိုတစ်ယောက်၊ မိဘလက်ငုတ်ဖြစ်တဲ့ အုံးလုပ်ငန်းကို လုပ်နေတဲ့ အကိုတစ်ယောက် နဲ့ ကျောင်းသူ ကျွန်မ .. ဒီမိသားစု ၀င်ငွေနဲ့ တပတ်ကို ကျောက်ကပ် ၂ကြိမ်ဆေးရတဲ့ ဖေဖေရဲ့ ဆေးဖိုးကို ဘယ်လို ကာမိနိုင်မလဲ .. ကျွန်မ စဉ်းစားရပါပြီ.. ကျွန်မ ဘာလုပ်သင့်သလဲ .. ကျွန်မအလုပ်လုပ်ဖို့ ဆုံးဖြတ်ပါတယ် ..
ကျွန်မ အလုပ်က သမာအာဇီဝတော့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ် . ဒါပေမယ့် လက်တလုံးခြား လုပ်ခဲ့တာပါ .. ကျွန်မ ယုဇနပလာဇာမှာ ရှိတဲ့ အသိတစ်ယောက်နဲ့ ဆက်ပြီးတော့ အင်္ဂလိပ်ကား၊ ကားတွန်းကားတွေ ကူးပါတော့တယ်.. ရိုင်းရိုင်းပြောရရင်တော့ ခိုးကူးပါဘဲ .. အဲဒီအလုပ်ကို လုပ်ဖို့ တအိမ်လုံးနဲ့ အတိုက်အခံလုပ်ခဲ့ရပါတယ် .. အဲဒီအလုပ်က ငွေချက်ချင်းပေါ်ပါတယ် .. ကျွန်မက ကွန်ပျူတာနဲ့ လုပ်အား စိုက်ရုံပါ။ ပလာဇာက အမကတော့ လိုအပ်တဲ့ ကုန်ကြမ်းတွေစိုက်ပေါ့ .. ကျွန်မက ကုန်ချောထုတ်ပြီးတဲ့ အခါ ပလာဇာကို သွားပို့ရတာပေါ့ .. ချပ်ရေ ၁၀၀၀ ကို ငွေ ၂သောင်းခွဲရပါတယ် .. တနေ့ကို အနည်းဆုံး ချပ်ရေ ၂၀၀၀ ပြီးအောင် လုပ်ပါတယ် ..
အဲဒီကရတဲ့ ငွေ ငါးသောင်းဟာ အဖေ့ဆေးဖိုး ကာမိရုံ ရှိပါတယ် .. ကျောက်ကပ်တစ်ခါဆေးရင် ငွေ၃၀၀၀၀ကုန်ပါတယ် .. (အဲဒီခေတ်က တန်ဖိုးပါ) ကျောက်ကပ်ဆေးဖို့ ဆေးရုံသွားရတဲ့ ခရီးစရိတ်၊ တခြားဘာဘာညာညာ စရိတ်တွေ၊ အိမ်စရိတ်တွေနဲ့ .. အကိုတွေ အမတွေလည်း တတ်နိုင်တဲ့ဘက်ကနေ လုပ်နေကြရတာပါဘဲ .. အဲဒီခေတ်ရဲ့ ကုန်ဈေးနှုန်းနဲ့ အတော်စိတ်ဆင်းရဲခဲ့ရတဲ့ အခြေအနေပါဘဲ .. ကျွန်မတို့နေတဲ့ လမ်းမှာ ကျွန်မတို့မိသားစုက စံပြမိသားစုလေးပါဘဲ .. မောင်နှမတွေ ချစ်ချစ်ခင်ခင်နေတာ .. မိဘကို ပြုစုယုယတာ .. ရိုသေကိုင်းရှိုင်းတာတွေကို ချီးကျူးနေကြတာပါ .. တခါတလေ ကျွန်မက အဲဒီချီးကျူးတဲ့လူတွေကို မုန်းမိပါတယ် .. ချီးကျူးခံရမှုအောက်က မွန်းကျပ်မှုကို သူတို့နားမလည်လို့သာ ချီးကျူးကြတာ .. ချီးကျူးခံ ကျွန်မတို့မှာ ဘယ်လောက်ရုန်းကန်ရလဲဆိုတာ မသိကြလို့သာပေါ့ ..
အဲလိုအချိန်မှာ မိသားစုအတွက် နည်းနည်း အသက်ရှုချောင်စရာ ထွက်ပေါက်လေးတစ်ခုရလာတယ် .. တတိယအမက ရန်ကုန်နည်းပညာတက္ကသိုလ်က လ/ထ ကထိက .. ဒေါက်တာဘွဲ့အတွက် ဂျပန်မှာ ကျောင်းတတ်ရမယ်တဲ့ full scholar နဲ့ လက်ထဲကိုလည်း လေယာဉ်လက်မှတ်တွေပါရောက်နေခဲ့ပြီ။ ပတ်စပို့က လက်ထဲမရောက်သေးဘူး .. အဲဒီအတွက်နည်းမျိုးစုံနဲ့လုပ်ခဲ့တာပါပဲ .. အဓိကကတော့ .. ၀န်ကြီး ဦးသောင်းပေါ့ သူကလက်မှတ်မထိုးပေးတဲ့အပြင် မမနာမည်ကိုပါ black list ထဲထည့်ထားတဲ့အတွက် ဘယ်လိုမှ ထွက်လို့မရခဲ့ပါဘူး .. သွားဖို့ အစီအစဉ်လည်း ပျက်ခဲ့ရပါတယ် .. ကျွန်မကတော့ နောက်ဆုံးနှစ်ရဲ့ ဒုတိယနှစ်ဝက် စာမေးပွဲကို ၃ခါမြောက်ဖြေတဲ့အချိန်ပေါ့ .. ကျောင်းသားတစ်ယောက် ကိုယ်ဖြေတဲ့ စာမေးပွဲပေါ် အောင်နိုင်မအောင်နိုင်ကို စာမေးပွဲခန်းအထွက်တင် ဆုံးဖြတ်နိုင်ပါတယ် .. ကျွန်မကတော့ ကိုယ့်ကိုကိုယ်သေချာခြင်းတွေနဲ့ စာမေးပွဲခန်းက ထွက်ခဲ့တာချည်းပါဘဲ .. အောင်စာရင်းမှာ ကျွန်မနာမည် မပါလာတာကို နားမလည်နိုင်အောင်ဖြစ်ခဲ့ရတယ် ... supply ဆိုတဲ့ နောက်ဆက်တွဲစာမေးပွဲကို ဖြေတိုင်းလည်း တူတူဖြေခဲ့တဲ့သူတွေသာ အောင်သွားပါတယ် .. ကျွန်မနာမည် အောင်စာရင်းမှာ ပါမလာတဲ့အခါ .. ကျွန်မကြေကွဲရပါတယ် .. ဘာလုပ်ရမှန်းလည်း မသိခဲ့ပါဘူး .. မိသားစုကိုအပူမပေးချင်တဲ့ကျွန်မ သူငယ်ချင်းတွေကို တိုင်ပင်လိုက်ရပါတော့တယ် ..
ကျွန်မကို နားလည်တဲ့ သူငယ်ချင်းတွေက အကြံပေးပါတယ် .. နင် ဌာနမှူးမိန်းမကို သွားကန်တော့လိုက်ပါလားတဲ့ .. ကျွန်မလေ .. အနေမှန်တဲ့ ကျောင်းဆရာမ အမတွေ၊ တက္ကသိုလ်ဆရာမ အမရဲ့ ညီမတစ်ယောက်၊ အဖေ့သမီးတစ်ယောက်အနေနဲ့ ဘယ်လိုမှ လက်မခံနိုင်တဲ့ အကြံပေးချက်တစ်ခုကိုကြားလိုက်ရတဲ့အခိုက် .. ကျွန်မနားမှာစကားတစ်ခွန်းကိုပြန်ကြားယောင်မိသွားတယ် .. ကျွန်မတို့ ပထမနှစ်စတတ်တဲ့ အချိန်မှာ (ကျွန်မတို့ အတန်းကို 99 batch လို့ခေါ်ပါတယ်) ဌာနမှူးကတော်ပြောခဲ့တဲ့ မင်းတို့တွေ ဘယ်သူကမှဦးဆောင်ပြီး ဆရာကတော့ပွဲအတွက် ဘာညာဆိုပြီး ပိုက်ဆံမကောက်ရဘူး၊ ဘယ်သူမှလဲ လာမကန်တော့ရဘူးလို့ အတန်းထဲမှာ ပြောခဲ့တာကို သတိရသွားတဲ့ အခိုက် ကျွန်မက သူငယ်ချင်းကို မေးခဲ့ပါတယ် .. ဖြစ်ပါ့မလားလို့ပြန်မေးခဲ့ပါတယ် .. သူငယ်ချင်းက ကျွန်မကိုလုပ်ကြည့်စမ်းပါဟာတဲ့ ..။
အဲဒါနဲ့ဘဲ .. ကျွန်မ ဆရာမကို ကန်တော့ခဲ့ပါတယ် .. အဲဒီအချိန်ကာလကို ကျွန်မဘယ်တော့မှ မေ့မှာမဟုတ်တော့ပါဘူး .. ကန်တော့ပစ္စည်းနဲ့ သွားခဲ့တဲ့ကျွန်မကို ဆရာမက ဒီလိုတုံ့ပြန်ပါတယ် .. ကျွန်မအကြောင်း၊ ကျွန်မအဖေအကြောင်း၊ သေချာသိနေခဲ့တဲ့ဆရာမက ကျွန်မကိုပြောခဲ့ပါတယ် .. မင်းဒီလောက်ပစ္စည်းနဲ့တော့ လာမကန်တော့ပါနဲ့တဲ့ လာမယ့်လာ Revlon တဆက်နဲ့လာခဲ့ပါတဲ့ .. ကျွန်မစိတ်တွေ ဆူဝေခဲ့ပါတယ် .. တလအိမ်အသုံးစရိတ် (အဖေ့ဆေးဖိုးတွေပါအပါအ၀င်) ၈သိန်း၊ ၉သိန်း၊ တခါတလေ အဖေ့ကို ဆေးရုံတင်လိုက်ရတဲ့အခါ သိန်း၂၅ လောက်ကုန်နေချိန်မှာ ကျွန်မအမှား တခုမပါဘဲနဲ့ ၂သိန်းနီးပါးတန်တဲ့ Revlon တဆက်ကို ရက်ရက်ရောရော ပေးလိုက်ရမလား .. ကျွန်မရဲ့ သွေးဆူနေတဲ့ ကျွန်မ တထိုင်တည်းဘဲ ဆုံးဖြတ်ချက်ကျပါတယ် .. မပေးနိုင်ပါဘူး .. ဆရာမကို တခါတည်းပြောခဲ့ပါတယ် . သမီးအဲလောက်တော့ မတတ်နိုင်ပါဘူးလို့၊ တတ်နိုင်ခဲ့မယ်ဆိုရင်တောင် အဖေ့ကိုဘဲ ဆေးကုလိုက်မယ် လို့ပြောပြီး ကန်တော့ပစ္စည်းတွေကို ပြန်ယူခဲ့ပါတယ် ..။
အဲဒီနောက်ပိုင်း .. အဖေ့ကျန်းမားရေးကလည်း အတော့်ကိုဆိုးဝါးလာပါတယ် .. ဆေးရုံတက်ရတဲ့ အကြိမ်တွေ၊ ကျောက်ကပ်ဆေးရတဲ့အကြိမ်တွေ ပိုစပ်လာသလိုဘဲ.. ကျွန်မကျောင်းပျက်ရက်တွေ စိတ်သထက် စိတ်လာပါတယ် .. အဲဒီအချိန်မှာ ဆရာမပြောတဲ့စကားတခွန်းက ကျွန်မစိတ်ကို ပိုမာကျောသွားစေပါတယ် .. ဆရာမက ပြောပါတယ် . ကျွန်မကို သူဒီကျောင်းမှာ ရှိနေသမျှ ကာလပတ်လုံး ကျွန်မနောက်ဆုံးနှစ် မအောင်စေရပါဘူးတဲ့ ၊ ဘွဲ့မရစေရပါဘူးတဲ့။ သူငယ်ချင်းတွေက တောင်းပန်ဖို့ ၀ိုင်းနားချခဲ့ပါတယ် .. ကျွန်မအမှားတစ်ခုမှ မပါတဲ့အတွက် ကျွန်မ မတောင်းပန်နိုင်ပါဘူးလို့ တစ်ခွန်းဘဲ ပြောခဲ့ပါတယ် ..။
၂၀၀၄ မေ ၁၃ မှာ ကျွန်မချစ်တဲ့၊ ကျွန်မကိုသိပ်ချစ်တဲ့ဖေဖေ ကျွန်မတို့ကို စိတ်ချလက်ချ ထားသွားခဲ့ပါတယ် .. ကျွန်မအသက် ၂၄နှစ်ပြည့်ဖို့ ၁၇ရက် အလိုမှာပေါ့. အဲဒီနောက်ပိုင်းမှာ .. ကျွန်မ အဝေးသင်ဘက်ပြောင်းခဲ့ပါတယ် .. ဖေဖေ့ကိုလည်း စိတ်ထဲက တောင်းပန်ခဲ့ပါတယ် .. ဘွဲ့ရပညာတတ်ကြီးဖြစ်စေချင်တဲ့ ဖေဖေ့စိတ်ကို နားလည်တဲ့ကျွန်မ ဘွဲ့ရအောင်ကြိုးစားဖို့အတွက် အဝေးသင်ပြောင်းရပါတယ် ဆိုတဲ့အကြောင်းကို စိတ်ကနေ ဖေဖေ့ကို တောင်းပန်ခဲ့ပါတယ် ..။
ခုတော့ ကျွန်မဘွဲ့ရခဲ့ပါပြီ .. ဒဿနိကဗေဒနဲ့ ဘွဲ့ရခဲ့ပါပြီ။ ဖေဖေဖြစ်စေချင်တဲ့ ဘွဲ့ရပညာတတ်ဖြစ်ခဲ့ပါပြီ။ ဒါပေမယ့် ကျွန်မ ကွန်ဗိုကေးရှင်းကို အငိုမျက်နှာနဲ့ တက်ခဲ့ရပါတယ် .. အကြောင်းကတော့ ကျွန်မဘေးမှာ ရပ်ပြီး ဂုဏ်ယူအပြုံးတွေနဲ့ ကျွန်မနဲ့အတူ ဓာတ်ပုံတွေရိုက်မယ့် ဖေဖေရော မေမေပါ မရှိတော့လို့ပါဘဲ။ ။
Wednesday, August 1, 2007
Subscribe to:
Post Comments (Atom)
6 comments:
ဖြစ်တတ်ပါတယ် ...
အဲလို လူတွေလည်းရှိတာပါပဲ ...
ပြုသူအသစ် ဖြစ်သူ အဟောင်းပေါ့ ....
သံသရာကြွေးရှိခဲ့ရင် ကျေပီမှတ်လိုက်ပေါ့ ...
ဆရာ မပီသသူတွေ ရှိကောင်းရှိနေလိမ့်မယ် ...
သူ့ဘာသာသူ တာဝန်အရဘဲဖြစ်ဖြစ် ငွေကြေးအရ ဘဲဖြစ်ဖြစ် ....
ဒါပေမယ့် ဆရာဟာ ဆရာပါဘဲ ...
ကိုယ့် စိတ်နှလုံး အေးချမ်းချင်တယ်ဆိုရင်တော့ မေ့လိုက်ပါ..
အားလုံး သူ့သဘောသူဆောင်ပြီး သွားနေကြတာပဲ ..
အင်း မမေ့နိုင်ဘူးလား ...
အဲဒါဆိုရင်တော့ အရင်ဆုံး ပူလောင်နေရမှာက ကိုယ်တိုင်ပဲ ဖြစ်လိမ့်မယ် ...
လူ့ဘ၀လေးက အင်မတန်တိုတိုလေးပါ သေရင် ကိုယ့်နောက်ပါမယ့် အလုပ်တွေလုပ်ဖို့ အချိန်သိပ်မရှိဘူး သူငယ်ချင်းရေ့
(ဗုဒ္ဓ ဘာသာတစ်ယောက် အမြင်နဲ့ ပြောတာပါ...)
အရေးအသားလေး မဆိုးပါ။ ကောင်းပါသည်။ ဆက်ကြိုးစားပါ။ စာများများ ဖတ်ပါ။ ပြီးတော့ … မလွယ်တာတွေ့တဲ့အခါ ပိုခက်တဲ့ တခြားဘ၀တွေကို ငဲ့ကြည့်ပါ။ ပြီးတော့ … ဘယ်သူ တရားပျက်ပျက် ကိုယ်မပျက်ပါစေနဲ့။ ပြီးတော့ … ။ ပြီးတော့ … ။
ပြီးတော့ ဦးဇောတိက (မဟာမြိုင်တောရ) များများဖတ်ပါ။
ဒီစာဖတ်ပြီး စိတ်မကောင်းပါ။ မိမိတတ်နိုင်သလောက် ဖခင်ကို ပြုစုပေးလိုက်နိုင်တာကို သာဓုခေါ်ပါတယ်။ ရှေ့ဆက်လျောက်မယ့်လမ်းမှာ အစစ အရာရာ အဆင်ပြေပါစေလို့ ဆုတောင်းရင်း ...
ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ ကိစ္စတွေပါ ။ အဆိုထဲက အကောင်းကို ရအောင်ရှာရမှာပေါ့ ။ ကိုယ့် ကို ကိုယ် အေးမြစေချင်ရင် ပူပင်စေတဲ့ အတွေးတွေ ထုတ်ပစ်ရလိမ့်မယ် ။ အားလုံးကို အေးမြစေချင် ရင်တော့ ပူလောင်မှု ဒဏ်ကို ခံနိုင်ရည် ရှိရမယ် ။ အ္ခာာတ ဆိုတာ မရှိရင် ငြိမ်းချမ်းခြင်း အရသာကို ခံစားရလိမ့်မယ် ။
ငြိမ်းချမ်းပါစေ ...။
ညီမလေးရေ...
ဖတ်ပီး..စိတ်တကယ်မကောင်းဘူး..ဒါပေမဲ့လည်းဂုဏ်ယူပါတယ်။
ကိုသက်ဦးပြောသလိုပဲ..ဘယ်သူတရားပျက်ပျက်..ကိုယ်မပျက်ဖို့ပါပဲ။
ကိုယ့်လမ်းကြောင်းကို..မှတ်ကျောက်တင်ခံနိုင်တာပေါ့..။
Post a Comment