Wednesday, August 8, 2007

အနီးဆုံး သမိုင်းနှင့် ပတ်သက်၍ လုပ်သင့်သည့်အရာများ

တခါတလေ ကျနော်ပြန်စဉ်းစားကြည့်မိသည်။ ကျနော်တို့ ငယ်စဉ်က စ၍ ယခုအချိန်တိုင်အောင် သင်ခဲ့ရသည့် သမိုင်းဘာသာဗေဒ အကြောင်းကို…။ ဆရာမြသန်းတင့် ဘာသာပြန် စာအုပ်ထဲတွင် သမိုင်းဟူသည်မှာ ရေးသူ၏ ရပ်တည်နေသည့် ဘက်နှင့်ဆိုင်သည်ဆိုသည့် အဓိပ္ပါယ် ပါသော စာကြောင်း ဖတ်မိခဲ့ဘူးသည်။ ဤသို့ဆိုလျှင် သမိုင်းက အညှာအတာမရှိ ဘက်လိုက်ခဲ့ပြီလား ဒါကလည်း ပြန်စဉ်းစားစရာ။ ရူဒ်ယက်ကစ်ပလင်းဆိုသည့် ကဗျာဆရာမှ မြန်မာနိုင်ငံသမိုင်းမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ပါသည်ဆိုသည်ကို ကျနော်တို့ ရိုးရှင်းစွာငြင်းပယ်ခဲ့ကြသည်။ မြန်မာတို့၏ ပဒေသရာဇ်စ် စနစ်သည် သူပြောသလောက် မဆိုးပါ။

ကျနော်ရိုးသားစွာ သမိုင်းကို လေ့လာခဲ့သည်။ ရိုးသားစွာ စဉ်းစားခဲ့သည်။ ရိုးသားစွာပင် အမှန်ကို မြင်အောင်ကြည့်၊ အမှားကိုသိ၊ ချန်စရာများကို ချန်ထား၊ သယ်စရာများကို သယ်သွားခဲ့သည်။ ဒါက ကျနော်တို့နှင့် အလှမ်းမမှီသော၊ ကျနော်တို့ဖတ်စာအုပ်များအတွင်း သင်ကြားခဲ့ရသော သမိုင်းများကို ရည်ညွှန်းပါသည်။ တခါတလေကျလျှင်ကျနော်တွေးမိသည်က ယခုလက်ရှိ အသက်ထင်ရှား ရှိနေသေး သော၊ သင်ရိုးညွှန်းတမ်းစာအုပ်များ၏ သမိုင်းစာအုပ်များတွင် ပါဝင်ခဲ့သည့် ပုဂ္ဂိုလ် ကြီးများ အထင်အရှားရှိနေသေးသည့်အကြောင်း

ရံဖန်ရံခါ စဉ်းစားမိသည်မှာ ကျနော်တို့ မျိုးဆက်အနေဖြင့် ထို သမိုင်းဝင်ပုဂ္ဂိုလ်များကို ကိုယ့်ခေတ်ပြိုင်အဖြစ်သွားများ ယှဉ်၍ တွေးကြလေသလား… ဆိုသည်ကို၊ အမေလူထုဒေါ်အမာဆိုလျှင် ယခု အသက် ၉၁ ကျော်ခဲ့ပြီ။မရှေးမတင်က ဆုံးပါးသွားသည့် (ဦးဘ၀င်း - အာဇာနည် ကိုးဦးတွင်အပါအ၀င်) ၏ ဇနီး အသက် ၁၀၁ နှစ်ကျော်(သူဆိုလျှင် နာရေးကြေညာပင် ထည့်ခွင့်မရ)။

သူတို့ကို x မျိုးဆက်အဖြစ်၊ ကျနော်တို့ကတော့ y မျိုးဆက်အဖြစ်၊ တချို့သူများကတော့ ကိုယ့်ကိုယ်ကို z မျိုးဆက်အဖြစ် Times မဂ္ဂဇင်းမှ သတ်မှတ်ထားသော စံများနှင့် သတ်မှတ်နိုင်ကြပါသည်။ သို့သော် ကျနော်တို့ သမိုင်းကို ပြောသည့်အခါ ကျနော်တို့ သမိုင်းဖတ်စာများတွင် သင်ခဲ့ရသော ထိုပုဂ္ဂိုလ်များကို ချန်လှပ်ထား၍ ကားမရ။ ဥပမာ - ကိုယ်မသိသော ဒေါ်ဦးဇွန်း ၏ လူမှုလုပ်ငန်းနှင့် ပတ်သက်သည့် လုပ်ဆောင်ချက်များကို သိရန် စာအုပ်များတွင်သာ ရှာရသည်မဟုတ်။ ဒေါက်တာသန်းထွန်းသည်လည်း ထိုသို့ရှာခဲ့သည်မဟုတ်၊ သမိုင်းဆိုသည်မှာ အချက်အလက်မှန် ဖို့လိုသည်၊ အထောက်အထားပြည့်ဖို့လိုသည်။ တောရမ်းမယ်ဖွဲ့  ပြောလို့၇သည့် အရာမဟုတ်။ သို့သော်….

အမေလူထုဒေါ်အမာဆိုလျှင် ပြည်သူချစ်သော အနုပညာသည်များ ဟူ၍ သမိုင်းတန်ဖိုး ကြီးမားလှသော စာအုပ်ကို ရေးခဲ့သည်။ အချို့သော အခိုင်အမာအချက်အလက်များကို သိလိုလျှင် အမေလူထု ဒေါ်အမာနှင့် ထိရှခဲ့သည့် အဖြစ်အပျက်များကို မေးမြန်းနိုင်သည်။ ယခုကား ဤသို့မဟုတ်… ကိုယ်သိသော သမိုင်းဖတ်စာအုပ်ထဲမှ မိမိလိုသော အချက်အလက်များကို ဆွဲထုတ်ပြီး ဤသည်ကား သမိုင်းပေတည်း… ဟုဆိုကာ အသံကုန်အော်နေကြသည်။ မြန်မာပြည်၏ သမိုင်းသည် ကမ္ဘာ့သမိုင်းနှင့်ဆက်စပ်သည်။ ထို့အတူ ကမ္ဘာ့သမိုင်းသည်လည်း ကျနော်တို့နှင့်ဆက်စပ်နေသည်။

မိမိကိုယ်ကို ၂၁ ရာစုထဲမှ z Generation ဟု ထင်ထားသူများအနေဖြင့်လည်း မိမိမြန်မာပြည်၏ သမိုင်းကြောင်းကိုသိဖို့ရာအတွက် ရှင်သန်နေသေးသူများကို မိမိသိလိုသည့် အချက်အလက်များအထောက်အထားများ သူတို့မလွန်ခင် မေးမြန်းထားဖို့လိုပါသည်။ ဒါမှသာ ခေတ်ပြိုင် ပုံရိပ် အစအနများကို မှန်မှန်ကန်ကန် အသုံးချနိုင်လိမ့်မည်ဟု ထင်ပါသည်။

သို့သော် တခုတော့လိုသည်။ သူတို့သည် ကျနော်တို့ ခင်ဗျားတို့နှင့် ခေတ်ပြိုင်တွေမဟုတ်ပါ။ ကျနော်တို့ သမိုင်းဖတ်စာများသင်ခဲ့ရသော အချိန်များတွင် ပါဝင်ခဲ့သူများဖြစ်သည်။ ကိုယ့်ကိုယ်ကို သူတို့နှင့် ခေတ်ပြိုင် ဟုစဉ်းစားမိပြီး မစော်ကားမိဘို့ကိုတော့ အဓိကထားသင့် သည်။ သမိုင်းသိလိုသူများအနေဖြင့် ရို့ကြိုး လေးစားမှုတော့ အနိမ့်ဆုံးလိုအပ်ပါသည်။
ဆောရီးဗျာ ။ စာအုပ်ခေါင်းစဉ်များတင်လိုက်မိတယ်။ အခုတော့ ပြန်ပြင် ပြီးသွားပါပြီ။ ထောက်ပြပေးတဲ့ အမမေငြိမ်းကို ကျေးဇူးပါ။

1 comment:

အိုးဝေအောင် said...

ကိုဖိုးဇေ အမှတ်တရ ဘလော့စာမျက်နှာလေးတခု
ထပ်ဖွင့်နိုင်ရင်ကောင်းမယ်နော်။
တာရာမင်းဝေအမှတ်တရ
ဘလော့လိုပေါ့။