Wednesday, August 8, 2007

၁၉နှစ်ပြည့် ရှစ်လေးလုံးအရေးတော်ပုံ အမှတ်တရ

လမ်းပေါ်က သွေးတွေ၊ လမ်းပေါ်က မျက်ရည်တွေ .. ခုဆို ၁၉နှစ်ပြည့်ခဲ့ပါပြီ.. ဒင်းတို့တွေက သမိုင်းတွေကို ဘယ်လောက်ဘဲဖျောက်ဖျက်ပါစေ .. ပြည်သူတွေ့ရဲ့စိတ်မှာ အမာရွတ်ထင်ကျန်နေဆဲပါ ... ၅ရက်နေ့က လွတ်လပ်တဲ့နယ်မြေသစ်ဆီ ပျံသန်းသွားတဲ့ ဒေါင်းအလံကိုဆက်ကိုင်ခဲ့တဲ့ ခေါင်းဆောင်ကောင်းပီသတဲ့ ဒူးမထောက် အရှုံးမပေးတဲ့ ကိုရွှေဘုန်းလူ ခေါ် တာရာမင်းဝေ ရဲ့ ကဗျာလေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်။

ကျောင်းဖွင့်ချိန်

(၁)
ငါတို့ကျောင်းတော်ကြီးရဲ့
မော်ကွန်းထိန်းသိမ်းရေးအခန်းအမှာ
ဟစ်တလာရုပ်ထုကို
လူတစ်စုထုဆစ်နေကြတယ်
သူတို့ဟာ ....
ရုပ်တုရဲ့ ရှေ့မှာ ကျိန်စာတွေရွတ်ဖတ်
မျက်ရည်စက်တွေကိုမီးရှို့ပူဇော်
ဆိုင်ရာနိုက်ဖြူလျော်လျော်တွေသွန်းကြဲ - ပက်ချ
ဟစ်တလာပါးစပ်ထဲက
ကျည်ဆံတစ်ထောင့်အန်ထွက်ကျလာတယ်
သူတို့ဟာ ...
ကျောက်သင်ပုန်းပေါ်မှာ .. အဲဒီကျည်ဆံနဲ့
"ကျောင်းဖွင့်ပြီ" ဆိုတဲ့စာကိုရေး
သွေးစွန်းလက်တွေနဲ့ ပျူငှာစွာ
ဖိတ်ခေါ်ကြပါပြီ ... ။

(၂)
ငါတို့ကျောင်းတော်ကြီးရဲ့
ဟောင်းနွမ်းနေတဲ့အခန်းလွတ်တစ်ခုဟာ
တဖြည်းဖြည်းနှစ်ငါးဆယ်လောက်ပြန်ငယ်ရွယ်သွားတယ် ..
အရင်က မမြင်ရတဲ့ဟိုတုန်းကအရိပ်တွေ
နံရံတွေ ခုံတန်းလျားတွေဆီကလွန့်လူးထ
အဲဒါ .. အောင်ဆန်းတို့ .. ကျော်ငြိမ်းတို့ ..
သိန်းဖေတို့ ... ညိုမြတို့ရဲ့ ၀ိညာဉ်တွေပဲ ..
ဗာပြည်လွတ်လပ်ရေးကို သူတို့မြတ်နိုး
ဗာမာပြည်လွတ်လပ်ရေး အတွက်သူတို့ရုန်းကန်
အာဏာရှင်ကို ဖီဆန်ခဲ့ကြတယ် ..
ခု .. သူတို့ရဲ့ဝိညာဉ်တွေဟာ ..
'ကမ္ဘာမကြေဘူး
ငါတို့သွေးနဲ့ ရေးတဲ့မော်ကွန်းတေး'
သီချင်းလေးနားဆင်ရင်း ..
ရာဇ၀င်ရဲ့တကျော့ပြန်စိမ်ခေါ်ပွဲကို
မျက်ရည်တ၀ဲဝဲနဲ့ စောင့်ကြည်နေပါတယ် ... ။

(၃)
ငါတို့ကျောင်းတော်ကြီးရဲ့
ဒီဘက်ခေတ် ၁၉၈၇-၈၈နှစ်များထဲမှပါ
တက္ကသိုလ်စာကြည့်တိုက်ထဲမှာ
ဖြူဝါးဝါးအရိပ်တချို့
စာထိုင်ဖတ်နေကြတယ် ..
တချို့ဖတ်တာ .. ကဗျာစာအုပ်
တချို့ဖတ်တာ .. သမိုင်းစာအုပ်
တချို့ဖတ်တာ .. နိုင်ငံရေးစာအုပ်..
ရုတ်တရက် ..
အဖြူရိပ်တစ်ခုဟာ ထိုင်ရာကထ ..
"ဗမာပြည်ကိုကယ်တင်ရတော့မယ်.."
နောက်ထပ်အဖြူရိပ်တစ်ခုစာအုပ်ပိတ်
"ဗမာပြည်ကိုကယ်တင်ရတော့မယ်
ဗမာပြည်ကိုထိပ်တုံးချွတ်ပေးရမယ်"
သူတို့ဟာ .. တိတ်ဆိတ်စွာ
အခန်းပြင်ကိုထွက်သွားကြပါတော့တယ် .. ။
စာကြည့်တိုက်ရဲ့စာအုပ်ပိတ်သံများ
လွယ်အိတ်လွယ်သံများ
နောက်ထပ်အဖြူရိပ်တစ်ခုထပ်ထွက် ..
................. နောက်ထပ် .............
................. နောက်ထပ် .............

(၄)
ငါတို့ကျောင်းတော်ကြီးရဲ့
စာမသင်ဖြစ်တဲ့စာသင်ခန်းတစ်ခုမှာ
အရိုးစုစာအုပ်အစည်းအဝေးလုပ်နေတယ်..
အရိုးစုတစ်ခုက
ထိုင်ရာမှဖြည်းညှင်းစွာထ
'ကျွန်တော်တို့တော်လှန်ရေး
အာဏာရှင်တွေနောက်ဆုံးနေ့အထိ ... '
စသဖြင့်ပြောကြား
အားလုံးငြိမ်သက်နားထောင်နေကြတယ် ..
အခန်းထဲမှာ
အကျဉ်းထောင်ကပြေးထွက်လာတဲ့
ဗိုလ်ချုပ်ရဲ့မိန့်ခွန်းတွေ ...
သတိဗုံးကိုနှောင်ထုံးခတ်
ပတ်ကြားအက်နေတဲ့ရန်သူ့မျက်နှာတွေ
အဲဒီမှာ .. အရိုးစုတစ်ခုက လက်သီးဆုပ်
သူ့နှုတ်ကတိုးတိုးလေးပြော
'တောက အဖေနဲ့အမေတော့
ကျွန်တော့်ကိုမျှော်နေကြတော့မယ်ဗျာ ...'
ကြေကွဲစွာ .. သူ့မျက်လုံးပေါက်ထဲက ..
မျက်ရည်ဖြူတစ်စက်
စီးသက်ကျလာတယ် ... ။

(၅)
ငါတို့ကျောင်းတော်ကြီးရဲ့
ပရ၀ုဏ်အ၀င်အထွက်လမ်းတွေမှာ
အချုပ်ကားပြာပြာကြီးတွေ
ဒရကြမ်းနှင်နေကြတယ် ..
အဲဒီကားကြီးတွေထဲမှာ ..
"ကမ္ဘာမကြေ၊ ဗမာပြေ .. ဒါတို့ပြည်
ဒါတို့မြေ .၊ တို့ပိုင်တဲ့မြေ .."
ဆိုတဲ့တေးသံသာယာ
ညီညာစွာပဲ့တင်ပေါ်ထွက်
ကျောင်းသားလက်တွေသွေးစိမ့်ယိုစီးခဲ့ပြီ ..
အချုပ်ကား ပြာပြာကြီးရဲ့ဦးထိပ်မှာ ..
သူတို့ရဲ့တံဆိပ် တို့ရဲ့အလံ
ဦးခေါင်းခွံမှာ
အရိုးနှစ်ချောင်းကန့်လန့်ဖြတ်ထားတဲ့သဏ္ဍန်သာဖြစ်တယ်
ကျောင်းခေါင်းလောင်းအိုကြီးဟာ
ထွက်ခွာသွားတဲ့ အချုပ်ကားနောက်
ပြေးလိုက်ခလုတ်တိုက်ပြီးလဲပြိုကျ
ချိုလွင်ရှတတဲ့ခေါင်းလောင်းသံထွက်ရမယ့်အစား
"သားရေ ...
အမေလိုက်ရှာနေတယ်လေ .. သားရေ .."
ဆိုတဲ့ငိုရှိုက်ညည်းတွားသံ အဖြစ်နဲ့သာ ...
ရာဇ၀င်တုန်ခါအောင်
မြည်ဟီးလာခဲ့ပြီ .. ။

(၆)
ငါတို့ကျောင်းတော်ကြီးရဲ့
နီမောင်းသောလမ်းကြီးလမ်းငယ်များမှာ
ဒေါင်းအလံတလူလူလွှင့်ထူလို့
ကျောင်းသားတွေချီလာပါပြီ ...
ရင်တစ်အုံလုံးပွင့်ထွက်နေတဲ့ကျောင်းသားက
ရှေ့ဆုံးကအလံကိုင်ပြီး
သွေးပွက်ပွက်အန်ထွက်နေတဲ့
ကျောင်းသားတွေက
နောက်ကချီတတ်လိုက်ပါလာတယ် ..
'ဒီမိုကရေစီရရှိရေး .. တို့အရေး
အာဏာရှင်စနစ်ကျဆုံးရေး .. တို့အရေး ..' တဲ့
ကိုယ့်ကိုကိုယ်တစ်ခါတည်းအသုဘချရင်း
တိုက်ပွဲဝင်ခဲ့ကြရတဲ့ငါတို့ရဲ့တော်လှန်ရေး
ဘယ်တော့မှ .. အရှုံးမပေးဘူးဟေ့ ..
သေနတ်သံတစ်ချက်ဖောက်ရင်
ရာဇပလ္လင်မီးဟုန်းဟုန်းတောက်သွားမယ် ..
နောက်ဆုံးနေ့အထိ
နောက်ဆုံးနေ့အထိ ...

(၇)
ငိုက်မြည်းနေတဲ့အင်းလျားရေပြင်ဟာ
ရုတ်တရက်ရဲရဲနီစွေးသွားတယ်
ချက်ချင်းပဲရေငွေ့ပျံတတ်
ကောင်းကင်ထက်မှာတိမ်အဖြစ်မိုးစက်ခို
ကျောင်းတော်ကြီးကိုမိုးသွေးတွေပြန်ရွာချ
လျှပ်တွေပြက်၊ မိုးတွေခြိမ်း ..
ဒိန်းဒုံးဆူညံသွားတယ် ...
အဲဒီအခါ .. ကျောင်းတော်မှာ ..
ပန်းတွေဖျက်ကနဲပွင့်ကြ
ငှက်ဆိုးတွေဝေါကနဲထပျံကြ
သစ်ရွက်တွေတစ်လက်လက်တောက်ပကြ
ခုံတန်းလျားတွေအုတ်ဂူအဖြစ်ပြောင်းလဲကြ
မြေကြီးတွေတုန်ခါတော်လဲကြ
တို့အရေး ... တို့အရေး ... တို့အရေး .. တို့အရေး
ကြွေးကြော်သံတွေနဲ့
ဗမာပြည်ကြီးတ၀ုန်းဝုန်းရုန်းကန်
နိုးထပြီးနောက်ဆုံးငြိမ်သက်သွားတဲ့အခါ
ငါတို့ရဲ့ကျောင်းတော်ကြီးဟာ ...
တလဲ့လဲ့တ၀င်းဝင်း
သွေးနီရောင်တောက်ပကာ ..
အာဇာနည်သူရဲကောင်းတို့ရဲ့
ဂူဗိမာန်ကြီးပမာသာတည်ရှိနေပါတော့တယ် ...။

(၈)
ကျောင်းသားတွေနဲ့ ကျောင်းတော်ကြီးကြား
ခု .. သွေးပင်လယ်ကြီးခြားနေပါပြီ ...
"ကျောင်းဖွင့်ပြီ" ဆိုတဲ့အာဏာရှင်တွေဟာ
သွေးပင်လယ်ကြီးကိုကျော်နင်း
ထုံးတံတားကြီးကိုကျော်ခင်းပေးတယ်
တချို့တွေက ကျောင်းတတ်လာကြလိမ့်မယ် ..
အဲဒီထဲက တချို့ဟာ ...
"အကြောင်းကြောင်းကြောင့်ပါ" လို့
စိတ်မကောင်းစွာပြောရင်း ..
ထုံးတံတားကိုလျှောက်နင်း
ကျောင်းခန်းတွင်းဝတ္တရားအရထိုင်
ငါတို့ ... နားလည်ခွင့်လွှတ်နိုင်ပါတယ်..
တချို့ကတော့ ...
'ဂုဏ်တုဂုဏ်ပြိုင်' ကောင်းကြောင်းပြောရင်း
ထုံးနံ့သင်းတဲ့ပန်းခင်းကိုဖြတ် ...
ရည်းစားထားဖို့ကျောင်းပြန်တတ်လိမ့်မယ် ...
အဲဒီလို ... လူစားတွေကိုတော့
ငါတို့က .. ခွင့်လွှတ်သည့်တိုင်အောင်
ရာဇ၀င်ကခွင့်မလွှတ်သရွေ့
သူတို့ဟာ .. သမိုင်းမှာ ..
'သစ္စာဖောက်' များသာဖြစ်တယ် ..။

(၉)
ကျောင်းသားနဲ့ကျောင်း
တစ်နေ့တော့ပေါင်းရမှာပဲ ...
ငါတို့တွေသွေး ပင်လယ်ကိုဖြတ်ကူးပြီး
ကျောင်းကြီးဆီအရောက်သွားကြမယ်
သွေးပင်လယ်ကြီးဟာ
တငွေ့ငွေ့ပူခြစ်ဆူပွက်
ထက်ကောင်းကင်မုန်တိုင်းတို့အစပျိုး
သွေးလှိုင်းတံပိုး တ၀ုန်းဝုန်းပြင်းထန်
ငါတို့တွေလှည့်မပြန်ဘူး
ငါတို့ထဲကတချို့ဟာ
ကိုယ့်အရိုးကိုယ်ချိုးလှေအဖြစ်ထွင်းထု
ငါတို့ထဲကတချို့ဟာ
ကိုယ့်အသားကိုယ်လှီးလှေနံရံအဖြစ်ခင်းရိုက်
ငါတို့ထဲကတချို့ဟာ
ကိုယ်လက်ဖ၀ါးကိုယ်ရိုက်ဖြတ်
လှေရွက်အဖြစ်စပ်ချုပ်
မုန်တိုင်းကိုခွဲဝင်
သွေးပင်လယ်ကိုဖြတ်စီး
ကျောင်းကြီးဆီသွားဖို့
လုပ်နေတယ် ..။

(၁၀)
နောက်ဆုံးမှာ ...
ဒေါင်းအလံကို .. ဗြောင်းဆန်အောင်လွှင့်ထူရင်း
အမှန်တရားတစ်ခုထံ
ငါတို့သစ္စာအဓိဋ္ဌာန်ပြု
အို ... သူရဲကောင်းတို့
အို ... ကျဆုံးခဲ့လေသော
ဒီမိုကရေစီတိုက်ပွဲဝင်
သူငယ်ချင်းဟောင်း ... သူရဲကောင်းတို့
ထာဝစဉ်မပျက်ပြယ်နိုင်လောက်အောင်
မြင့်မြတ်စွာကျဆုံးခဲ့သော ...
သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည် ..
ငါတို့၏ ရှေ့နောက်ဝဲယာ ...
ထက်အောက်ဝန်းကျင်၌
အို ... သူရဲကောင်းတို့
အို ... ကျဆုံးလေသော
ဒီမိုကရေစီတိုက်ပွဲဝင်
သူငယ်ချင်းဟောင်းသူရဲကောင်းတို့
ဗမာပြည်ကိုရှိခိုးကာ
ဤသွေးပင်လယ်အား
ငါတို့ဖြတ်ကူးအံ့
မိုးလုံးပြည့်ကောင်းချီးသြဘာသံများကြားမှာ
ငါတို့၏
အရေးတော်ပုံအောင်မြင်ပါစေသတည်း။ ။

ရွှေဘုန်းလူ (ခ) တာရာမင်းဝေ

အထူးကျေးဇူးတင်ခြင်း
ကျွန်မလိုချင်တဲ့ ကဗျာလေးကို လမ်းညွန်ပေးတဲ့ ကိုဇင်ကိုလတ်၊ ကဗျာကို မျှဝေပေးထားတဲ့ မနေနေနိုင် နှင့် လက်ရေးကဗျာကို scan ဖတ်ပြီး ဒေါင်းလုပ်ချရန် တင်ပေးထားတဲ့ မိုးမခ တို့ကို အထူးကျေးဇူးတင်ပါတယ်။ လက်ရေးမူလင့်ခ်ကတော့ http://www.mediafire.com/?f1kjzwm1tkp ဖြစ်ပါတယ်။

No comments: