Thursday, August 16, 2007

ချန်ထားခဲ့ရတဲ့ အတွေးအခေါ်တွေ

မှတ်မှတ်ရရ ဆရာမ မေငြိမ်းရဲ့ C-Box မှာ အော်ရင်းနဲ့ စစ်တပ် နဲ့ပါတ်သတ်လို့ ကျွန်တော့်အစ်ကို တစ်ယောက်နဲ့ စကားလေးစဖြစ်ခဲ့တယ်။ ဒါနဲ့ဘဲ အစ်ကိုကြီးပြောလို့ ကျွန်တော် အဖြစ်ပျက်လေးတစ်ခု သတိရမိတယ် ... ။ ဖြစ်ရပ်မှန် လေးပါ ။ ဟာသ လို့ တွေးရမှာလား။ တစိမ့်စိမ့် တွေးရင်း ရင်နာရမှာလား။ ကျွန်တော် မဆုံးဖြတ်တတ်ခဲ့တဲ့ သိမ်ငယ်စရာကောင်းတဲ့ အဖြစ်အပျက်လေး တစ်ခုပါ ....

အဖြစ်အပျက်က ၁၉၉၇ ခုနှစ် ....

တရုတ်နိုင်ငံရဲ့ နယ်နိမိတ်ထဲကို ချင်းနင်းဝင်ရောက်နေတဲ့ အထူးလေယာဉ် ခရီးစဉ်တစ်ခု ...
ရေတပ်တပ်စိတ် တစ်စိတ်ပါဝင်တဲ့ ဒီခရီးစဉ်က ၀ယ်ယူထားတဲ့ စစ်သင်္ဘောတွေ သွားယူဖို့ပါ ...
အဖွဲ့ခေါင်းဆောင် အရာရှိက အားလုံးကို အထူးသတိပေးစကားတစ်ခု ပြောကြားခဲ့တယ် ...


" အားလုံးသေသေချာချာ နားထောင်ပါ ။ အခုငါတို့ တရုတ်နိုင်ငံရဲ့ နယ်နိမိတ်ထဲကို စတင်ဝင်ရောက်နေပြီ ။ ငါတို့က သူတို့နိုင်ငံက နည်းပညာနဲ့ ပစ္စည်းတွေဘဲ လက်ခံဝယ်ယူမှာ ဖြစ်တယ် ။ သူတို့ရဲ့ အတွေးအခေါ် အယူအဆတွေ လက်ခံသယ်ယူဖို့ မဟုတ်ဘူး ။ ဒီနိုင်ငံမှာ ကြုံတွေ့ခဲ့သမျှ အတွေ့အကြုံတွေ ၊ အတွေးအခေါ်တွေ ဒီနိုင်ငံ နယ်နိမိတ် ထွက်တာနဲ့ ထားခဲ့ရမယ် ။ " တဲ့ ခင်ဗျာ ။

အမိန့်နဲ့ တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်ဘို့ကျွန်တော် ရင်ကော့နေခဲ့မိတယ် ။ဒီလိုနဲ့ အရာရှိငယ် တစ်ယောက်အနေနဲ့ ပထမဆုံးနိုင်ငံရပ်ခြားကို တာဝန်နဲ့ စတင်ထွက်ခွာခဲ့ရတဲ့ ကျွန်တော့်အတွက်တော့ အရာရာဟာ အသစ်အဆန်းတွေပါဘဲ ။

ဒီလိုနဲ့ ရက်သိပ်မကြာခင်မှာဘဲ ... ကျွန်တော်တို့ သင်္ဘောအသစ်ကြီး နဲ့ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံကို ပြန်လည် သယ်ယူထွက်ခွာ ခဲ့ကြတယ် ။

တောင်တရုတ်ပင်လယ် နယ်နိမိတ်အထွက်မှာ ကပ့္ပတိန်က အလာတုန်းကနဲ့ အလားတူ စကားထပ်ပြောခဲ့ပါတယ် ။

” အခုဒီရေနယ်နိမိတ်ထဲက ထွက်တယ်ဆိုရင် အားလုံးဘဲ တရုတ်နိုင်ငံက ၀ယ်ယူလာတဲ့ ပစ္စည်းတွေကလွှဲရင် အတွေးအခေါ် အယူအဆ ၊ အတွေ့အကြုံတွေ အားလုံး ဒီနေရာမှာ ထားခဲ့ရမယ် “ တဲ့ ခင်ဗျာ .... ။

ကျွန်တော် ရင်ကော့ပြီး အမိန့်နာခံဘို့ မေလျှော့နေခဲ့မိတယ် ... ။

တကယ်ဆို ....

စက်ဘီးတစ်စီးနဲ့ တာဝန်ထမ်းဆောင်ဘို့ လာရတဲ့ တရုတ်နိုင်ငံက ဗိုလ်မှူးတွေရဲ့ လမ်းခရီးက ကျွန်တော့်အထက်အရာရှိ ဗိုလ်ကြီးရဲ့ last model ဆလွန်းကားလေးနဲ့ လာတဲ့ လမ်းခရီးလောက် ချောမွှေ့ရဲ့လား ။

ထမင်းစားချိန် ရဲ့ ပုံစံစကေးကိုက် စားကြရတဲ့ သူတို့တပြေးညီ နေ့စဉ်လှုပ်ရှားမှုတွေက ကျွန်တော်တို့ရဲ့ သင်္ဘောပေါ်က ၁ ၊ ၂ ၊ ၃ စကေးကို လှောင်ရယ်နေမလား ။

ဒါမှမဟုတ် ...

ကမ်းပေါ် သင်္ဘောကြိုးပစ်တင်ခိုက် ခြေထောက်နားကို ကျခဲ့တာတောင် ကိုယ်နဲ့ဘာမှ မပါတ်သတ်သလို နည်းနည်းမှ လှည့်မကြည့်ခဲ့တဲ့ အရာရှိငယ် တစ်ယောက်ကို .... မိမိနဲ့ အနီးဆုံး ကမ်းပေါ်ရောက်ခဲ့တဲ့ကြိုး မိမိကိုယ်တိုင်ချည်နေတဲ့ တရုတ် ရေတပ်က ဗိုလ်မှူးကြီးက သနားသလို ကြည့်နေမလား ။

ကျွန်တော် အတွေးတွေက ဆုံးဖြတ်ဘို့ ကြိုးစားနေရဆဲပါ ....

No comments: