Tuesday, March 11, 2008

မျက်မှန်တပ်တဲ့ ဘီလူး

အရသာမရှိတဲ့ကာလတွေမို့
ရသစာပေတွေ ဖြစ်ထွန်းမလားတာလား။
ဘ၀တွေဟာ ဘ၀ဆန်လွန်းလို့
ဘ၀သရုပ်ဖေါ်ရုပ်ရှင်တွေ မလိုတော့တာလား။
မွဲတေမှု့တွေနဲ့ နှစ်ပါးသွားရတာကြာခဲ့လို့
တက်ကျမ်းတွေက လမ်းပြကြယ်ယောင်ဆောင်ခဲ့လေသလား။
တံခါးတွေ, တံခါးတွေ, သော့မလိုတော့တာ ကြာခဲ့ပြီ
ယူချင်စရာမရှိတော့လောက်အောင် ဘာမှ မရှိခဲ့တာ။
ခတ်စရာလဲ မလိုတော့ပါဘူး
အစထဲကမှ မလုံခြုံခဲ့တာ စိတ်ရော ရုပ်ရောပေါ့။
ရောင်းစရာရှိတာ ရောင်းစားရင်းနဲ့
ကိုယ့်သိက္ခာလေးပါ ရောင်းစားပစ်ခဲ့ရ ဘ၀တွေများလှပေါ့။
ပင်ဒိုရာဘောက်(စ်)ဆိုတဲ့ မျှော်လင့်ခြင်းသေတ္တာလို
ဖွင့်ခဲ့တဲ့ တရားခံလို ကြိုးပေးပစ်ရင်ကောင်းမယ်။
သြော် ... ဒါထက် အကြံတောင်းပါရစေခင်ဗျာ။
မေတ္တာသုတ်ဘဲရွတ်ရကောင်းမလား၊
ကမ္ပ၀ါစာဖတ်ပြီးတောထုတ်ရင်ကောင်းမလား၊
သင့်တော်တာလေး ရွတ်ဖတ်ဖို့ ဆရာတော်တွေလျှောက်ရအောင်
ဟို သားသုံးသား ပုဂ္ဂိုလ်တော့ သွားမမေးနဲ့နော်။
ဟိုးကောင်ကင်မှာ ကြယ်တွေ ကြွေကြွေနေလိုက်တာ ဖြတ်ကနဲ ဖြတ်ကနဲ
တကယ့်ကြယ်တွေ မြန်မြန်ကြွေရင်ကောင်းမယ်
ကြယ်တွေက တကယ်ဆို ပူလောင်တယ် မဟုတ်လား။
ဇာတကထဲက ဘီလူး၊ စောင်းတန်းတွေက ဘီလူး၊
ရုပ်စုံသဘင်က ဘီလူး၊ ဇာတ်ထဲက ဘီလူး၊
ရှေးဟောင်းဆိုင်က ဘီလူး၊ ပန်းချီထဲက ဘီလူး၊
အဲဒီ ဘီလူးတွေမှာ မျက်မှန်တပ်ထားတာ တွေ့ဖူးပါသလား။
မယုံမရှိပါနဲ့
အပြင်လောကမှာ လူကဖြစ်တဲ့ ဘီလူးမှာ
မျက်မှန်တပ်ထားလေရဲ့
ဘယ်ဘီလူးဖြစ်ဖြစ် ဘီလူးကျင့်ကတော့ အတူတူ။ ။

No comments: