Tuesday, March 11, 2008

ခါးကြားကသေနတ်

မျက်စိထဲမှာ တကယ့်ကို ထော်လော်ကန့်လန့်ပါဘဲ။ ကမ္ဘာတစ်ခုလုံးကိုလည်း လိုက်ကြည့်ပါတယ်။ ဟိုး .. အသားကုန်စစ်ဖြစ်နေတဲ့ ပါလက်စတိုင်းကစလို့ ပွဲကြမ်းနေတဲ့ တိုင်းပြည်အသီးသီးက အုပ်ချုပ်ရေး အာဏာယူထားသူတွေ (ဘာကြောင့်ဘဲ အာဏာယူထားထား) ကိုယ်တိုင်အသီးသီး ခါးကြားမှာ သေနတ်ချိတ်မထားပါဘူး။ ရှိပါတယ်။ ကိုယ်ရံတော်အသီးသီး၊ ပတ်လည်က အစောင့်အသီးသီးမှာဘဲ မြင်ရပါတယ်။ နေ့စဉ်နဲ့အမျှ ဗုံးကွဲနေတဲ့ အာဖဂန်တို့၊ အီရတ်တို့၊ ပါကစ္စတန်တို့မှာတောင် သေနတ်ခါးကြားမချိတ်ထားကြပါဘူး။ ဒီတိုင်းပြည်မှာတော့ အုပ်ချုပ်သူအများစုက ဗုဒ္ဓဘာသာဝင်တွေလည်းဖြစ်ရဲ့နဲ့၊ ဘုန်းကြီးကျောင်း၊ ဘုရားရှေ့ပါမချန် သေနတ်ခါးကြားချိတ်ပြီး သွားလာပြနေတာ ဘယ်လို အုပ်ချုပ်သူမျိုးတွေပါလဲ? ဘယ်သူ့ကို မယုံတာလဲ ... ဘယ်လိုဘာသာဝင်အများစုရှိနေပါသလဲ? ကိုယ့်လုပ်ရပ်တွေအတွက် ကိုယ့်ကိုကိုယ်မယုံကြည်တာပါလား? ဇာတကထဲက ဗိမ္မိသာရတို့၊ အဇာတသတ်တို့ ဘုရားရှင်ရှေ့ကို ဓားကိုင်ပြီး ၀င်ခဲ့ပါသလား? မြန်မာရှင်ဘုရင်တွေကော ဘုန်းကြီးကျောင်းတို့၊ ဘုရားရှေ့တို့ သံလျက်ထမ်းပြိး ၀င်ခဲ့ကြပါသလား? သူတို့ငယ်စဉ်က အဆုံးအမမဲ့ပြီး ကြီးပြင်းခဲ့ကြသူတွေလား? ဗိမ္မိသာရကတော့ ဘုရားဝတ္တကမြေ ဖိနပ်စီးခဲ့လို့ ခြေဖျားဓားခွဲ ဆားပက်ခံ ၀ဋ်ကြွေးဆပ်ခဲ့ရပါသတဲ့။ သေနတ်ခါးချိတ်ခဲ့ရင်ရော .. ဘယ်လိုဝဋ်ကြွေးများဖြစ်နိုင်ပါသလဲ? မေးကြည့်ချင်ပါရဲ့။ ။

No comments: