Saturday, March 15, 2008

အကျိုးကျေးဇူးပြုသော မရှိခြင်း

ကျွန်တော်တို့ ထေရ၀ါဒ ဗုဒ္ဓအယူအရ ဘ၀တစ်ခုချုပ်ငြိမ်းခြင်းနဲ့ ဘ၀အသစ်ဖြစ်ပေါ်ခြင်းဟာ အကြားအလပ်မရှိ တစပ်ထဲပြောင်းလဲခြင်း ဖြစ်တယ်လို့ သိထားပါတယ် ... ဒီလိုပါဘဲ ပဌာန်း ၂၄ ပစ္စည်းမှာပါဝင်တဲ့ နတ္ထိပစ္စယောဟာ [မရှိခြင်းဟာ အကျိုးကျေးဇူးပြုတယ်] ဆိုတာ ပစ္စယ အရ ဘုရားတဆူကွယ်ခြင်းဟာ နောက်ဘုရားတဆူပွင့်ပေါ်ဖို့ အကျိုးကျေးဇူးပြုတယ်ဆိုတဲ့ သဘောဆိုတာမျိုး ဆိုတာလဲ သိထားခဲ့ရပါတယ် ... ကျွန်တော်တို့ သာမန်ပြည်သူအများစုရဲ့ နှလုံးသားထဲမှာ နှစ်ပေါင်း ၄၆နှစ်ရဲ့ ခံစားမှု့၊ နှစ်ပေါင်း ၂၀ရဲ့ ခံစားမှု့ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံ၊ လက်ရှိဖိနှိပ်ခံနေရတဲ့ အနေအထားအရ ... စစ်အာဏာရှင်တွေရဲ့ ချုပ်ငြိမ်းပျက်စီးခြင်းဟာ ဒီမိုကရေစီဖြစ်ပေါ်ခြင်းဆိုတာနဲ့ တစပ်ထဲ ပြောင်းလဲခြင်းလို့ ယူမိထားသလို .... ဒီလိုပါဘဲ စစ်အာဏာရှင်စနစ် အပြီးတိုင် ကွယ်ပျောက်ခြင်းဟာလဲ ဒီမိုကရေစီစနစ် ပေါ်ထွန်းခြင်းဆိုတဲ့ နတ္ထိပစ္စယောလို အကျိုးကျေးဇူးပြုတယ်လို့ ခံယူမိထားပါတယ် ....

ဒီလိုခံစားမှု့တွေဟာလဲ အကြောင်းမဲ့မဟုတ်ပါဘူး၊


လူဆိုတာ စဉ်းစားဉာဏ်အရ အဆင့်အမြင့်ဆုံး သတ္တ၀ါဖြစ်တယ် အတွေ့အကြုံနဲ့ အချိန်ကာလဟာ အကောင်းဆုံး အမြင်သာဆုံး သမားတော်နဲ့ အဆုံးအဖြတ်တွေ ဖြစ်ပေါ်စေတယ် မဟုတ်လား .... နှစ်ပေါင်းများစွာဖိနှိပ်ချုပ်ခြယ်မှု့တွေနဲ့ ဘ၀တွေ ဖြတ်သန်းခဲ့ရပေမယ့် ဗုဒ္ဓရဲ့ အဆုံးအမအောက်မှာ ကံ, ကံ၏ အကျိုး ပါဘဲလို့ ဖြေသိမ့်ပြီး ကမ္ဘာပေါ်မှာ အသည်းခံဆုံးလူ့အဖွဲ့အစည်း အဖြစ်ရပ်တည်ခဲ့ကြတာပါ .... ဒီလိုသည်းခံတာကို ငါတို့ လုပ်တိုင်းမှန်တယ်လို့ ငါတကော ကောခဲ့တဲ့ စစ်အာဏာရှင်တွေဟာ .... ပြီးခဲ့ ၂၀၀၇ စက်တင်ဘာမှာ ကမ္ဘာပေါ်မှာ မြန်မာ့သမိုင်းမှာ အရိုင်းအစိုင်းဆုံး အပြုအမူအဖြစ် ရတနာ၃ပါးကို တပြိုင်နက်ထဲ၊ တချိန်ထဲ စော်ကားလိုက်ပါတော့တယ် .....

ကျွန်တော်တို့ ဗုဒ္ဓသာသနာဝင် လူ့အဖွဲ့အစည်းမှာ ဗုဒ္ဓကိုရည်စူးပူဇော်တဲ့ ရုပ်ပွားတော်၊ စေတီပုထိုးတွေဟာ အပေါ်ယံ ရုပ်ပစ္စည်းတွေဆိုပေမဲ့ အနှစ်သာရ အရ သက်ရှိထင်ရှား ဘုရားအမှတ်နဲ့ ကြည်ညိုပူဇော်ခဲ့ကြတာပါ .... ဒါကြောင့် .. ရွှေတိဂုံခြေတော်ရင်းမှာ၊ ဆူးလေခြေတော်ရင်းမှာ - (ဒါဟာ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိပေါ့) တရားကိုဆောင်တဲ့ (ဒါဟာ ဓမံ္မ သရဏံ ဂစ္ဆာမိပေါ့)၊ သံဃာတော်အရှင်သူမြတ်တို့ကို (ဒါဟာ သံဃံ သရဏံ ဂစ္ဆာမိပေါ့) မီးလောင်ဗုံးနဲ့ ခွဲတယ်၊ နံပါတ်ဒုတ်နဲ့ ရိုက်တယ်၊ ဒိုင်းကာတွေနဲ့ တွန်းတယ်၊ နောက်ဆုံး သေနတ်နဲ့ပါပစ်တယ် အားလုံး မျက်မြင်ကိုယ်တွေ့ပါဘဲ .... ဒီလို ရတနာသုံးပါးကို တပြိုင်နက် ဖျက်ဆီးဝံ့မှတော့ ငရဲကလူ ပြာပူမကြောက် ဆိုသလိုဘဲ သူတို့ မလုပ်ဝံ့တာ ဘာများကျန်ပါအုံးမလဲ၊ ကျွန်တော်တို့

ပြည်သူတွေကလဲ ဘာများယုံရပါအုံးမလဲ၊ ဘာအတွက်ကြောင့်များ ထောက်ခံရပါအုံးမလဲ ... ဒါကြောင့်ပါဘဲ .. မြန်မာတပြည်လုံးဟာ စစ်အကျဉ်းထောင်ကြီး တစ်ခုလိုခံစားမိလို့ မေလစာအုပ်ကြီး အတည်ပြုဖို့ကိစ္စဟာ ထောင်ထဲမှာ တိုက်ပိတ်မလို့ ထပ်လုပ်တာပေါ့၊ ဒါဆိုရင် ၂၀၁၀ ရွေးကောက်ပွဲဆိုတာ အကျဉ်းသားအချင်းချင်းထဲက ထောင်ဝါဒါတွေ၊ လက်မရွံ့ ပါးကွက်သားတွေ၊ ထောင်မင်းသားတွေ ရွေးချယ်မလို့ပေါ့ ဒီလိုဘဲ မြင်မိပါတယ် .... ဒါကြောင့် လူ့အဖွဲ့အစည်းမှာ အမြင့်ဆုံး ယုံကြည်မှု့ဖြစ်တဲ့ ဘာသာရေး ယုံကြည်မှု့ကို ဖျက်ဆီးကြမှတော့ ဘာအကြောင်းပြချက်နဲ့မှ ဒီစစ်အုပ်စုကို လက်မခံနိုင်တော့ပါဘူး ....

တခုတော့ဆိုရပါအုံးမယ် ... တိဘက်ကို တရုတ်ဝင်တဲ့အဖြစ်အပျက်နဲ့ နှိုင်းလို့မရပါဘူးဆိုတာပါ၊ မြန်မာပြည်က ပိုဆိုးပါတယ်၊ တိဘက်ဆိုတာက တိုင်းပြည်တခုပါ၊ တရုတ်က တိုင်းပြည်တခုပါ၊ တိဘက်က မဟာယနပါ၊ တရုတ်က ဘာသာမဲ့၊ ကွန်မြူနစ်နိုင်ငံတော်ဟာ ဘာသာရေးပါ၊ တရုတ်က တိဘက်ကိုဝင်တာ ဘုန်းကြီးတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာဟာ တိုင်းပြည်တခုကို တခြားတိုင်းပြည်တခုက နယ်ချဲ့ကျူးကျော်လိုက်တဲ့ အဖြစ်အပျက်ပါ .... မြန်မာပြည်မှာကတော့ တပြည်ထဲမှာ ဖြစ်နေတဲ့ အဖြစ်အပျက်ပါ။ ထေရ၀ါဒကိုးကွယ်ပါတယ်ဆိုတဲ့ သူတွေက ထေရ၀ါဒကိုးကွယ်တယ်ဆိုတဲ့ ပြည်သူတရပ်လုံးကို ကြီးနိုင်ငယ်ညှင်းလုပ်တဲ့ အပြုအမူပါ ... ဒါပေမယ့် မတရားမှု့ချင်းကတော့ ထပ်တူပါ .....

No comments: