သိပ်ကိုရင်နာစရာ မချိစရာ အဖြစ်အပျက်ကလေးတစ်ခုပါ။ မူလတန်းပြဆရာမလေးတစ်ယောက်ပေါ့။ မိသားစုကတော့ သိပ်မကြီးရှာပါဘူး။ နှစ်ယောက်သုံးယောက်ပါဘဲ။ သိကြတဲ့အတိုင်း အိမ်ရှိလူကုန် အလုပ်လုပ်ရတာတောင် လူနေမှု့စားရိတ်က အလျင်မမီချင်ပါဘူး။ ဒါကလဲ ကျွန်တော်တို့ မြန်မာပြည်သူအများစု
တရပ်လုံးဆိုတော့ ရိုးတောင်နေပါပြီလို့ ပြောရမလားဘဲ။ မူလတန်းပြဆရာမဆိုတော့လည်း လစာကလေးက
၃၀၀၀၀ိ/- ကျပ်စွန်းစွန်းသာ ရတာမဟုတ်လား။ အဲဒီ မူလတန်းပြဆရာမလေးနဲ့ စကားလက်ဆုံကြရင်း သူ့အဖြစ်ကလေးတစ်ခုပြေပြပါတယ်။
ထုံးစံအတိုင်း အကြွေးနဲ့မကင်းတဲ့ သူဆိုတော့ အပေါင်ဆိုင်ကို ချီတတ်တာပေါ့။ ပြီးခဲ့တဲ့ ၂၀၀၈ ဇန္န၀ါရီလကုန်ကပေါ့တဲ့။ ငွေလိုလို့ သူ့နားကပ်လေး သွားပေါင်ပါသတဲ့။ အပေါင်ဆိုင်က ဆရာမဘယ်လောက်လိုချင်လဲလို့ မေးတော့ ဆရာမက ငွေ ၃၀၀၀၀ိ/- လို့ပြောတော့၊ အပေါင်ဆိုင်ကလဲ ထုတ်ပေးပါသတဲ့ဗျာ။ ဇာတ်လမ်းက အပေါင်ဆိုင်မှာ ဆရာမလေးနားကပ်ပေါင်တဲ့ ကိစ္စပါ။ ဘာမှ မကြီးကျယ်ပါဘူး။ ဒီအဖြစ်အပျက်က ဒီလောက်နဲ့ဘဲ ပြီးရမှာ။ မပြီးဘူးဗျ။ အပေါင်ဆိုင်က ပြောလိုက်တာက
"ဆရာမရယ်တဲ့ ဒီတစ်ဖက်ပြန်ယူထားပါ။ ဒီမှာ တစ်ဖက်ဘဲထားခဲ့ပါတဲ့။ နောက်တစ်ခါလိုတော့ နောက်ထပ်တစ်ဖက် ပေါင်လို့ရသေးတာပေါ့တဲ့" ဆရာမလေးခင်ဗျာ မျက်နှာကို တင်းကနဲဖြစ်၊ နားထင်ကြောတွေ ထောင်တက် သွေးတွေဆူပြီး ဘယ်လိုဖွဲ့ရမလဲ မသိတဲ့ ခံစားချက်ပေါင်းစုံနဲ့ အပေါင်ဆိုင်က ပိုက်ဆံလေးယူပြီး ပြန်လာတာကို ပြောပြပါတယ်။ ရှက်တာလား၊ ခံရခက်တာလား၊ ဒေါသစိတ်လား၊ ကျေးဇူးတင်ရမှာလား၊ ဘာမှန်းကို မပြောတတ်တော့ဘူးတဲ့။ နှစ် ၂၀နီးပါး သက်တမ်းရလာတဲ့ ဆရာမလေးဘ၀မှာ ဒီအချိန်လောက် လူအထင်အမြင်သေးခ့ရတဲ့ ဘ၀ဆိုတာ မကြုံခဲ့ဘူးပါဘူးတဲ့ဗျာ။
မချေးနိုင်ဘူးလို့ ပြောတာမှ ခံသာသေးတယ်တဲ့။ ကျွန်တော်ကတော့ကြားက နားထောင်နေရင်း အတော့်ကို စိတ်မကောင်းဖြစ်မိပါတယ်။ ရေပေါ်ဆီဘ၀ကနေဖြစ်တဲ့ ဆရာမတွေ မဟုတ်ဘဲ။ တကယ့်ကို နာ၃နာနဲ့ ဆရာမတွေဆိုတော့လေ။ ခုတော့ တနာတိုးလို့ ဂုဏ်သိက္ခာလေးပါ နာရတဲ့ဘ၀တွေပါလားဗျာ။ စစ်အစိုးရကသာ ပညာရေးနဲ့ ဘာဖြစ်ရမည် ညာဖြစ်ရမည်ဆိုတဲ့ လေပေါ်ဝဲ မူဝါဒတွေသာ ပြောနေတာ။ တကယ့် လက်တွေ့ဘ၀တွေကတော့ ဒီလိုချည်းပါဘဲဗျာ။ တကယ်ပါ ဒီစစ်အစိုးရနဲ့ ဒီလူတွေ မရှိမှ ကောင်းမှာပါဗျာ။
သြော် ပြောရအုန်းမယ် . အဲဒီ အပေါင်ဆိုင်နာမည်က ဟို .. DVB ထဲမှာပြသွားတဲ့ "အောင်ကောင်း"
အပေါင်ဆိုင်လေ .. ဒါဆို အဲ့ဒီ ရပ်ကွက်အကြောင်းသိရောပေါ... ။ ။
Friday, March 14, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment